မာမာ အိမ်မှာစိုက်ထားတဲ့ ပိန်းပင်လေးတွေက ပိန်းရိုးလေးတွေခူးကာ ချက်ထားတဲ့အတွက် သောက်ရတာ ပိုပြီးချိုတယ်လို့ ထင်မိပါတယ်။
အခုချက်တဲ့ ဒီနည်းလေးကတော့ မာမာ့အမေ မာမာတို့မောင်နှစ်မတွေကို အမြဲတမ်း ချက်ကျွေးတဲ့ နည်းလေးပါ။
ဒါကြောင့်မို့လို့ ဒီတစ်ခါမှာလဲ အမေ့နည်းအတိုင်း မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းခါးချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ပိန်းရိုး - ခပ်သေးသေး အချောင်းနှစ်ဆယ်ခန့်
- ပုဇွန်အကောင်သေး - ၁၅ ကောင်ခန့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ (ဟင်းအိုးထဲထည့်ရန်)
- ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ပိန်းရိုးဆေးရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
ပြင်ဆင်ပုံ
- ပိန်းရိုးများကို အရင်ဆုံး အကြောသင်ပေးပါ
- အကြောသင်ပြီးတာနဲ့ လက်၂ဆစ်လောက် အတုံးလေးတွေ ပုံပါအတိုင်း လှီးပေးပါ
- ပြီးတာနဲ့ ဇလုံထဲမှာ ဆားနှင့် ပိန်းရိုးများကို အိပြီးပျော့လာတဲ့အထိ နယ်ပေးပါ
- ပိန်းရိုးထဲမှ အရည်များ ထွက်လာပါက ရေသန့်သန့်နှင့် ဆယ်ထပ်လောက် ဆေးပေးပါ
- ရေဆေးပြီးတာနဲ့ ပိန်းရိုးအထဲမှ ရေများကုန်တဲ့အထိ ညှစ်ပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့်ရောပြီး မညက်တစ်ညက် ထောင်းထားပါ
- ပုဇွန်များကို ရေဆေးပြီး အခွံခွာပြီး ခေါင်းများဖြုတ်ပေးထားပါ
- ဇောက်နက်သော အိုးထဲမှာ ပုဇွန်နှင့် ရေအနည်းငယ်ထည့်ပြီး ရေခမ်းတဲ့အထိ တည်ပေးပါ
- ရေခမ်းလာတော့မှ ပိန်းရိုးများ ဆား အရသာမှုန့်နှင့ရေထည့်ကာ တည်ပေးပါ
- ရေပွက်ပွက်ဆူအောင် တည်ပေးပြီးတာနဲ့ ပိန်းရိုးများ နူးတဲ့အထိ ဆက်တည်ပေးပါ
- ပိန်းရိုးများ နူးလာတာတဲ့ ဆား အရသာမှုန့်နှင့် ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းတို့ကို ထည့်ပေးပါ
- ဟင်းရည် အပျစ်အကျဲကို မိမိစိတ်ကြိုက် ထည့်ပေးကာ ဟင်းရည်အိုး ပွက်ပွက်ဆူပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါအရသာ ပြင်ပြီးတာနဲ့ ငါးဖယ်ချဉ်သုပ်လေးနဲ့ လိုက်ဖက်လွန်းတဲ့ ပိန်းရိုးဟင်းခါး အရည်သောက်ဆမ်း ဟင်းခါး ပူပူလူလူလေးကို ပြင်ပေးနိူင်ပါပြီ။
မှတ်ချက်။ ။ တချို့က ပိန်းရိုးကိုင်လျှင် ယားတတ်ပါတယ် ဒါကြောင့်မို့လို့ လက်အိတ်နှင့် ကိုင်ပေးပါ။
No comments:
Post a Comment