Wednesday, 25 December 2024

သရက်သီးမှည့်သုပ်

 



သရက်သီးမှည့်လေး သုပ်စားမိလေတိုင်း အဝေးမှာ နေတဲ့ သမီးလေးကို သတိတွေ ရနေတာတော့မှာ အမှန်ပါဘဲ။ 

ဒီနေ့သတ်သတ်လွတ်နေ့နော်လို့ ပြောလိုက်တာနဲ့ ဒီအမေကလဲ အိမ်မှာရှိတဲ့ အသီးအရွက်က သူ့အတွက် စားစရာတွေ ဖြစ်လေသတည်းပါဘဲ။

ဒီနေ့တော့ မာမာလဲ သတ်သတ်လွတ် စားရလေအောင် သရက်သီးမှည့်ကို ခပ်စပ်စပ်လေး သုပ်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ သရက်သီးမှည့် သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သရက်သီးမှည့် - ခပ်ကြီးကြီး တစ်လုံး 
  2. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  4. ဆား - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • သရက်သီးမှည့်ကို အညှာဖက်မှလှီးပြီး ရေနိူင်နိူင်ဆေးကာ အစေးထုတ်ပေးပါ
  • ပြီးတာနဲ့ အခွံခွာကာ ရေတခါ ထပ်ဆေးပေးပါ 
  • သရက်သီးကို မိမိနှစ်သက်သည့်ပုံစံ လှီးပေးပါ
  • ဆား သကြားနှင့် ငရုတ်သီး အလှော်မှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါ၀င်ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲ ထည့်ပေးကာ ဖွဖွလေး ရောနယ်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ
  • ထမင်းနှင့် စားနိူင်သလို ဒီအတိုင်း စားနိူင်တဲ့ ချိုချိုစပ်စပ်နဲ့ စားလို့အင်မတန်မှ ကောင်းလွန်းတဲ့ သရက်သီးသုပ်လေး ရပါပြီ။

Tuesday, 24 December 2024

ချဉ်ငံစပ် ဘဲသွေးဟင်း



မာမာဒီနေ့တော့ ဘဲသွေးလေးတွေ ဝယ်လာပြီး ချဉ်ငံစပ်ဟင်းလေး ချက်ပါတယ် ချက်ရတာလဲ လွယ်ကူပြီး စားလို့လဲ အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်ဖို့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဘဲသွေးချဥ်ငံစပ် ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘဲသွေး - အနေတော် နှစ်တုံး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ချင်း - ခပ်ပါးပါး နှစ်ပြား
  6. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ဆီ - ထမင်းစားဇွန်း သုံးဇွန်းသာသာ
ပြင်ဆင်ပုံ

  • ဘဲသွေးတုံးကို ရေဆေးပေးပြီး ရေစစ်ကာ အနေတော် အတုံးလေးတွေ တုံးပေးထားပါ
  •  ရေစစ်သွားတာနဲ့  ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့်ရောကာ ညက်နေအောင် ထောင်းထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ဟင်းချက်ရန်
  • ဟင်းချက်ရန် အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ငရုတ်သီးထောင်းကို ထည့်ကြော်ပေးပါ
  • ငရုတ်သီးကြော် မွှေးလာပါက ခရမ်းချဥ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဥ်သီးများ ကျေလာပါက အရသာ နယ်ထားသော ဘဲသွေးများကို ထည့်ပေးပါ
  • ဘဲသွေးတုံးလေးတွေ မာလာပါက ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ရသာမြည်းပြီး လိုအပ်သော အရသာများကို ထည့်ပေးကာ အရသာ ပြင်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက  ဘဲသွေးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Sunday, 22 December 2024

ကန်စွန်းရွက် ချဉ်ရည်ဟင်း

 


ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ကန်စွန်းပင်က ကန်စွန်းညွန့်လေးတွေခူးကာ ပုဇွန်လေးတွေနဲ့ရောပြီး ချဉ်ရည်ဟင်း အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကန်စွန်းရွက် ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. ကန်စွန်းရွက် - အနေတော် ဇကာတစ်လုံး
  2. ပုဇွန် - မိမိနှစ်သက်သလောက်ထည့်ပါ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ချင်း - လက်တဆစ်ခန့်
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  11. မန်ကျည်းသီးမှည့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ရှမ်းနံနံရွက်ကို ရေဆေးပြီး ပိုင်းဖြတ်ထားပါ
  • ကန်စွန်းရိုးကို ထက်ဝက်ခြမ်းကာ အနေတော် ပိုင်းဖြတ်ပေးပြီး ရေဆေးထားပါ
  • ပုဇွန်များကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော ကန်စွန်းရွက်များ ပုဇွန်များ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • ကန်စွန်းရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ ကန်စွန်းရွက်များ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ ရှမ်းနံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  • ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ ကန်စွန်းရွက် ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

Friday, 20 December 2024

ငါးခြောက်အစပ်ကြော်

 


မာမာ ဒီနေ့တော့ ငါးခြောက်ကို ခပ်စပ်စပ်လေး ကြော်ပါတယ် မာမာဝယ်လာတဲ့ ငါးခြောက်က ဆားအရမ်းပေါ့တဲ့အတွက် ရေစိမ်ပြီးတဲ့ အခါမှာ ငါးငံပြာရည်နဲ့ အရသာမှုန့်လေးရယ် ပြန်နယ်ပြီး ကြော်ပါမှ အဆင်ပြေပါတယ်။

ထမင်းပူပူလေးနဲ့ အရမ်းကို လိုက်ဖက်သလို ထမင်းကြမ်းလေးနဲ့လဲ လိုက်ဖက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ငါးခြောက် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးခြောက် - 400 g
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာ
  4. ချင်း - လက်တဆစ် သာသာ
  5. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်းခွဲ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀စ်က်

ပြင်ဆင်ပုံ
  • ငါးခြောက်ကို အကောင်လိုက်ရေ နာရီ၀က်လောက် စိမ်ထားပြီး လက်နှစ်ဆစ်အရွယ်လေးများ တုံးထားပါ
  • ပြီးတာနဲ့ ငါးခြောက်ကို ငံပြာရည်နှင့်အရသာမှုန့်ထည့်ကာ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ငါးခြောက်ကို အရင်ဆုံး ကြွတ်သွားအောင် ကြော်ပြီး ဆယ်ထားပါ
  • ငါးခြောက်ကြော်ထားသော ဆီထဲမှာဘဲ ကြက်သွန်နီကိုအရင် နွမ်းအောင်ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းမှ ကြက်သွန်ဖြူနှင့် ချင်းကို ထည့်ကြော်ပါ
  • ကြက်သွန်များ အရမ်းမကြွတ်ခင် ငရုတ်သီးမှုန့် အချိုမှုန့်နှင့် ငံပြာရည်တို့ကို ထည့်မွှေပါ
  • ကြက်သွန်များ ကြွတ်လာပြီဆိုတာနဲ့ ကြော်ပြီးဆီစစ်ထားသော ငါးခြောက်ကြော်ကို ရောမွှေပေးပါ
  • ငါးခြောက်ကြော် အေးသွားပါက ကြွတ်ပြီး မွှေးနေသော ငါးခြောက်ကြော် စပ်စပ်လေး ရပါပြီ။

Thursday, 19 December 2024

ဟင်းနုနွယ်ရွက်ကြော်

 


တစ်ခါတလေမှာ အသီးအရွက်လေးတွေချက်တိုင်း သတိထားရတာလေးတွေ ရှိတတ်ပါတယ် အရွက်လေးတွေ မသင်ခင်မှာ အပင်လိုက်ကို ရေအရင်ဆေးပြီးမှ သင်ပေးတာ အကောင်းဆုံးပါ။

ဘာလို့အပင်လိုက် ရေအရင်ဆေးလဲဆိုရင် အရွက်တွေမှာကပ်နေတဲ့ ပိုးသတ်ဆေးတွေ အရင်ဆုံး စင်စေချင်လို့ပါဘဲ။

အရွက်တွေ သင်ပေးပြီးရင်လဲ ဇလုံထဲမှာ ရေနဲ့ဆားအနည်းငယ်ထည့်ပြီး အရွက်ထည့်ကာ ရေနာဝက်လောက် စိမ်ပေးပါ အခုလို စိမ်ပေးခြင်းကြောင့် အရွက်တွေမှာ ကပ်နေတတ်တဲ့ ပိုးကောင်လေးတွေ ကပ်နေတာ စင်စေချင်လို့ပါဘဲ။

အရွက်ကြော်တာကတော့ ထုံးစံအတိုင်း ကြက်သွန်ဖြူ ကြက်သွန်နီ ဆီသတ်ပြီး ကြော်တာဘဲမို့ လွယ်လွယ်ကူကူနဲ့ ကြော်လို့ရပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ဟင်းနုနွယ်ရွက် သတ်သတ်လွတ် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဟင်းနုနွယ်ပင် - ၁၀ပင်ခန့်
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အရွက်ကြော်ထဲထည့်ရန် )
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အရွက်ရေစိမ်ထဲထည့်ရန် )
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ဟင်းနုနွယ်ရွက်ကို အရင်ဆုံး အပင်လိုက် ရေဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပေးပါ
  • ပြီးတာနဲ့ အပင်မှ အရွက်များကို အရင်ဆုံး ဖြတ်ပေးပါ
  • ပြီးတာနဲ့ အပင်ကို အလယ်မှခြမ်းပြီး အနေတော် ပိုင်းဖြတ်ကာ မာနေသော အကြောမျှင်များကို ဖယ်ထားပေးပါ
  • ထွင်ထားသော အရွက်များကို ဇလုံထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ဆားထည့်မွှေပေးပြီး အရွက်ထည့်ကာ နာရီဝက်ခန့် စိမ်ထားပါ
  • ထိုသိုရေ့စိမ်ထားပါက အရွက်မှာ ကပ်နေသော ပိုးကောင်လေးတွေ ထွက်လာတတ်ပါတယ်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  • ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို နွမ်းရုံလေး ထည့်ကြော်ပါ
  • ပြီးတာနဲ့ ဟင်းနုနွယ်ရွက်များထည့်ပြီး ဆားနှင့် အရသာမှုန့်ထည့်မွှေပါ
  • နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရွက်များ နူးစေရန် ရေအနည်းငယ် ထည့်မွှေကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေအရမ်း မခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ သံဓါတ်တွေ အများကြီပါတဲ့ ဟင်းနုနွယ်ရွက်ကြော်ကို ပူနေတုန်းလေး မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

Saturday, 14 December 2024

ခေါက်ဆွဲကြော်

 



မာမာ ဒီတစ်ခါတော့ အသားမပါပေမဲ့ အရမ်းစားလို့ကောင်းလွန်းတဲ့ ခေါက်ဆွဲကြော်လေး ကြော်စားဖြစ်ပါတယ် တရုတ်ဆိုင်က အရသာအတိုင်း အရသာမွှေးမွှေး ချိုချိုလေးရတဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥခေါက်ဆွဲအစို - လေးဆယ်သား
  2. မုန့်ညှင်းဖြူ - အနေတော် တစ်စိတ်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  6. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  9. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့နယ်ပေးထားပါ
  • မုန့်ညှင်းဖြူကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ မုန့်ညှင်းဖြူကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆား ပဲငံပြာရည်အကျဲနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
  • မုန့်ညှင်းဖြူ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာနယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တမိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

Friday, 13 December 2024

မုံလာဥ ငုံးဥမွှေကြော်

 


မာမာ ဒီနေ့တော့ မုံလာကိုဥ ကြက်ဥအစား ငုံးဥလေးတွေ ဖောက်ထည့်ပြီး ကြော်ပါတယ်။
 ကြော်ရတာတော့ အရမ်းမြန်ပြီး စားလို့လဲ အရမ်းကောင်းပါတယ်။
ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး အသားငါး မစားတဲ့ သူတွေအတွက် အရမ်းကို အဆင်ပြေမဲ့ ဟင်းလေး ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

 ပါ၀င်ပစ္စည်းများ
  1. မုံလာဥ - ဟင်းပြင်ပန်းပန် တစ်လုံးစာ (ပုံမှန် )
  2. ငုံးဥ - လေးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ဆီ - ထမင်းစားဇွန်း ငါးဇွန်းခန့်
  7. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • မုံလာဥကို အခွံခွာပြီး ပုံပါအတိုင်း ခပ်ရှည်ရှည်လေးတွေ လှီးပေးကာ ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ကြက်သွန်ကြော်နံ့ မွှေးလာတာနဲ့ မုံလာဥကို ထည့်ပေးကာ  ကြော်ပေးပါ
  • အားလုံး သမသွားတာနဲ့ ဆားနှင့် အရသာမှုန့် တို့ကိုထည့်ပြီး လေးမိနစ်လောက် ကြော်ပေးပါ
  • အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့  ငုံးဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ငုံးဥ ကျက်တာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက မုံလာဥငုံးဥ မွှေကြော် မွှေးမွှေး စိမ့်စိမ့်လေး ရပါပြီ။

Thursday, 12 December 2024

ဆီထမင်း

 




ဒီနေ့တော့ ဆီထမင်း စားချင်တာနဲ့ မနက်စောစော ဆီထမင်း ထိုးဖြစ်ပါတယ် ဆီထမင်း ထိုးရတာကတော့ အရမ်းကိုဘဲ လွယ်ပါတယ် ဆီထမင်းထိုးတဲ့ နည်းတွေကလဲ အမျိုးမျိုး ရှိပါတယ်။

ဒါပေမဲ့ တစ်ခါတစ်လေမှာ မိမိတို့ အသုံးပြုတဲ့ ကောက်ညှင်းဆန်အပေါ် မူတည်ပြီး ရေအနည်းအများကိုတော့ ချိန်ရတာတွေ ရှိတတ်ပါတယ်။

သက်ရင့်ကောက်ညှင်းဆန်ဆိုရင် ရေနည်းနည်း ပိုထဲ့ရပါတယ် သက်နုကောက်ညှင်းဆန် ဆိုရင်တော့ ရေကိုပုံမှန်ဘဲ ထဲ့ပေးရပါတယ် သက်ရင့်ဟုတ် မဟုတ်ကိုတော့ ကောက်ညှင်းချက်နေရင်း ဆန်သားကျက်ချိန်မှာ ကြည့်ပေးရပါတယ်။

ချက်နေကျအတိုင်း ရေကိုထဲ့ပြီး ချက်ပေမဲ့ သက်ရင့်ကောက်ညှင်းဆိုရင် အကျက်နည်းနည်း လိုနေတတ်ပါတယ် အဲဒီအခါမျိုး ဆိုရင်တော့ ရေကိုချင့်ချိန်ပြီး ထပ်ထဲ့ပေးပြီး ကျက်တဲ့အထိ ဆက်ချက်ပေးရပါတယ်။

ဆီထမင်းချိုး လိုချင်ရင်တော့ စိတ်ရှည်ရှည်နဲ့ တည်ပေးပြီး မီးအရမ်း မများဖို့ကိုလဲ သတိထားစေချင်ပါတယ် နောက်တစ်ခုက ဆီထမင်းချိုး လိုချင်တဲ့အတွက် အောက်ချေမကပ်တဲ့ အိုးကောင်းကောင်းကို သုံးစေချင်ပါတယ် အိုးမကောင်းရင်တော့ ဆီထမင်းချိုး ကောင်းကောင်းနဲ့ လှလှလေး မရနိူင်ဘူး ဆိုတာလေးလဲ ပြောချင်ပါသေးတယ်။

ဒါကြောင့်မို့လို့ ဒီနေ့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဆီထမင်းချိုးရအောင် ချက်ထားတဲ့ နည်းလေးနဲ့ အသုံးပြုတဲ့ ကောက်ညှင်းဆန် တံဆိတ်ပါတဲ့ အထုတ်ကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ကြက်သွန်နီ - ခပ်သေးသေး ငါးဥ
  7. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  8. ကြက်သွန်နီဆီချက်
  9. ပဲပြုပ်ဆီဆမ်း
  10. ငါးခြောက်
ပြင်ဆင်ပုံ
  • အရင်ဆုံး ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီများကို အခွံခွာကာ ရေဆေးထားပါ
  • အောက်ချေမကပ်သော ဒယ်အိုးထဲမှာ ကောက်ညှင်းဆန် ရေ ဆား ကြက်သွန်နီ အရသာမှုန့် ဆီနှင့် နနွင်းမှုန့်တို့ကို ထဲ့ပေးပါ
  • အိုးအဖုံး ဖုံးပေးပြီး မီးဖိုပေါ် တင်ကာ အပူပေးပါ
  • အိုးထဲမှ ရေပွက်ပွက် ဆူလာတာနဲ့ မီးကိုအလယ် အလတ်လောက်ထိ လျှော့ပေးပါ
  • ကောက်ညှင်းဆန်သား ပွလာတာနဲ့ မီးကိုခပ်မျှင်းမျှင်းလေး ရသွားအောင် ထပ်လျှော့ပေးပါ
  • အောက်ချေမကပ်တဲ့ အိုးနှင့်ဆီထမင်း ထိုးတဲ့အတွက် ဆီထမင်းချိုး မရခင် မွှေပေးစရာ အထက်အောက် လှန်ပေးစရာ မလိုပါ
  • မီးခပ်မျှင်းမျှင်း အပူရှိန်နဲ့ ဆီထမင်းချိုး ရလာအောင် စိတ်ရှည်ရှည် တည်ပေးထားပါ
  • ဆီထမင်းချိုးသံ ကြားလာပြီး ကောက်ညှင်းဆန်သား ကျက်လာပါက အနေတော် ဗန်းတစ်ခုထဲကို အိုးကိုမပြီး မှောက်ချပေးပါ
  • ပြီးတာနဲ့ အပေါ်ယံဘက်ကိုပါ ဆီထမင်း ချိုးလိုချင်တဲ့အတွက် အိုးထဲကို မှောက်ပြီး ပြန်ထဲ့ပေးကာ မီးဖိုပေါ် ပြန်တင်ပေးပါ
  • အောက်ချေဘက်မှာ ချိုးကပ်ပါလာက ဆီပြန်ထွက်လာတဲ့ အသံကို ကြားလာပါလိမ့်မယ်
  • ဆီထမင်းချိုး နှစ်ဖက်လုံး ရလာပါက မီးဖိုပေါ်မှ ဖယ်ပေးပါ
  • ဆီထမင်းချိုးနှင့် ငါးခြောက်ဆီဆမ်း ပဲပြုပ်ဆီဆမ်းတို့နဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Wednesday, 11 December 2024

ဝက်အူပိတ်ပြုပ်

 




မာမာ ဒီနေ့တော့ ဝက်အူပိတ်လေးတွေ ဝယ်လာပြီး ပြုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဝက်အူပိတ် ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဝက်အူပိတ် - 500 g
  2. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း (ဝက်အူဆေးရန်)
  3. ဗနီကာ - ထမင်းစားဇွန်း လေးဇွန်း (ဝက်အူဆေးရန်)
  4. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ဝက်အူဆေးရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  8. နာနတ်ပွင့် - နှစ်ပွင့်
  9. လေးညှင်းပွင့် - နှစ်ပွင့်
  10. ငြုပ်ကောင်းမှူန့် - အနည်းငယ်
  11. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း

ဝက်အူဆေးနည်း
  • ဝက်အူများကို ပဲအစိမ်းမှုန့်နှင့် နယ်ပေးပါ
  • အထဲမှ မလိုအပ်သော အယိအရွဲများ ထွက်လာတဲ့အထိ နယ်ပေးပါ
  • ပြီးတာနဲ့ ရေငါးထပ်လောက် ဆေးပေးပါ
  • နောက်တကြိမ် အူများကို ပြောင်းပြန်လှန်ပေးကာ ဗနီကာနှင့် နယ်ပြီး ရေငါးထပ်လောက်နှင့် ရေစင်အောင် ဆေးကာရေစစ်ထားပါ
ဝက်အူပြုပ်ရန်
  • ဝက်အူများ ရေစစ်သွားတာနဲ့ ဆား အရသာမှုန့် နှင့် နနွင်းမှုန့်ထည့်ကာ နယ်ပေးထားပါ
  • နံနံပင် အမြှစ်များကို ရေဆေးကာ ရေစစ်ပြီး ဒါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးကို ပူအောင်တည်ပြီး သကြားထမင်းစားဇွန်း တစ်ဇွန်းခန့်ကို ထည့်ပြီးလှော်ပေးပါ
  • သကြားများ ပျော်သွားပြီး ညိုရောင်သန်းလာပါက ငြုပ်ကောင်းမှူန့် လေးညှင်း နာနတ်ပွင့် နှင့် ပဲငံပြာရည် ထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားတဲ့ ဝက်အူများကို ထည့်မွှေပေးပါ
  • ဝက်အူများ မာတင်းလာပါက နံနံအမြစ်ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ရေခမ်းပြီး ဝက်အူများ နူးလာတာနဲ့ မီးပိတ်ပေးကာ မိမိနှစ်သက်ရာ အချဥ်နှင့် တွဲဖက်ကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

အချဉ်ရည် ပြုလုပ်ရန်
  • မန်ကျည်းသီးမှည့်ကို ရေနဲ့ သုံးထပ်လောက် ဆေးပေးပြီး ရေဆွေးပူပူနှင့် စိမ်ထားပေးပါ
  • ထန်းလျှက်ခဲ နှစ်ခဲခန့်ကို ရေစိမ်ထားသော မန်ကျည်းသီးမှည့်နှင့် ရောပေးကာ အနှစ်ရအောင် ပြုပ်ပေးပါ
  • မန်ကျည်းသီးများ နူးလာပါက ဇကာနှင့် အနှစ်ရအောင် တိုက်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ပါးပါးလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးကာ ပါးပါးလးတွေ လှီးထားပါ
  • ပြီးတာနဲ့ မန်ကျည်းအနှစ်ထဲမှာ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ငါးငံပြာရည် အရသာမှုန့်တို့နဲ့ ရောပြီးဖျော်ပေးပါက အချည်ရည် ရပါပြီ။
မှတ်ချက်။ ။ မာမာကတော့ အချဥ်ရည်ကို အိမ်မှာရှိတဲ့ ကြက်ဖအချဥ့်နဲ့ဘဲ စားလိုက်ပါတယ်။

Monday, 9 December 2024

ဘဲသွေးကြော်

 



မာမာဒီနေ့တော့ ပဲသွေးကို ခပ်စိမ့်စိမ့်လေး ကြော်ပါတယ် ဒါ​ကြောင့်မို့လို့ ဒီနေ့တော့ ပဲသွေးကြော််လေးနဲ့ ထမင်းပူပူလေးကို  အဆင်ပြေပြေ စားနိုင်ဖို့အတွက် မာမာ ကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲသွေး - 200 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ချင်း - ခပ်ပြားပြား သုံးပြား
  5. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ပဲသွေးကို ရေဆေးပြီး ရေစစ်ကာ မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ချင်းကို အခွံခွာပြီး  ရေဆေးကာ ခပ်ပါးပါး ရှည်ရှည် အမြှောင်းလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ  ခပ်နုတ်နုတ် လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအနေတော်နဲ့ အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ချင်းတို့ကို နွမ်းသွားအောင် ကြော်ပေးပြီးမှ ပဲသွေးကို ထည့်ပြီး မိနစ်၀က်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့  ဆားနှင့် အရသာမှုန့်တို့ထဲ့ပြီး အရသာ သမအောင် မွှေပေးပါ
  • နှစ်မိနစ် သုံးမိနစ်လောက် ကြော်ပေးပြီးတာနဲ့  ပဲသွေးကို ရေမြုပ်အောင် ထည့်ပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးထဲမှာ ရေမခမ်းခင် အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့  ပဲသွေးကြော်လေး ရပါပြီ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်တဲ့အတွက် မိမိနှစ်သက်သလို စားသုံးနိူင်ရန် ပြင်ပေးနိူင်ပါပြီ။

Sunday, 8 December 2024

ကပ်ကတစ် ငါးဆားနယ်ဟင်း

 



မာမာဒီနေ့တော့ က ကတစ်ငါးလေးတွေ ဝယ်လာပြီး ငါးဆားနယ်လေးလုပ်ကာ အချဉ်ဆီလည်ရေလည်ဟင်းလေး ချက်ဖြစ်ပါတယ်။
ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးဆားနယ် ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး - တစ်ကောင် (တစ်ကီလိုခန့်)
  2. ဆား - ထမင်းစားဇွန်း သုံးဇွန်း (ငါးဆားနယ်လုပ်ရန်)
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် ( ဟင်းချက်ရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  13. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
ပြင်ဆင်ပုံ
  • ငါးကို အကြေးခွံနှင့် မလိုတာတွေ ဖယ်ပေးပြီး သန့်စင်ကာ ရေဆေးပြီး ရေစစ်ပေးပါ
  • ရေစစ်သွားတာတဲ့ ဆားများများနှင့် နယ်ပေးကာ လေလုံရေလုံသော အိတ်ထဲမှာ ထည့်ပေးကာ တစ်ညသိပ် ထားထားပေးပါ
  • နောက်နေ့ ဟင်းမချက်ခင် ငါးမှာကပ်နေသော ဆားများကုန်သွားအောင် ရေ လေးငါးထပ်လောက် ဆေးပေးပါ
  • အားလုံးပြီးပါက ငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေနွေးနှင့် စိမ်ထားပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်ရောပြီး ထောင်းထားတို့ကို အတူထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာပါက ငရုတ်သီး ထောင်းထားသော ငရုတ်ဆုံကို ရေအနည်းငယ်နှင့် ကျင်းကာ ဆီသတ်တဲ့ အိုးထဲကို ထည့်ပေးပါ
  • ပြီးတော့မှ ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက မန်ကျည်းသီးမှည့် အရည်ကို ငါးထဲမြုပ်အောင် ထည့်ပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပါ
  • က ကတစ်ငါး ငါးဆားနယ် ငါးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Friday, 6 December 2024

မုန့်ညှင်းပေါင်း

 







တစ်နေ့တစ်နေ့ ဘာစားရမလဲ စဉ်းစားရတိုင်း ခေါင်းအင်မတန် နောက်ရတာက အိမ်ရှင်မတွေပါဘဲ စိတ်ထဲပေါ်လာတာတွေ ထထချက်မိတိုင်းလဲ စားလို့ကောင်းတယ်လို့ ပြောတဲ့အခါတိုင်း ပီတိဖြစ်ရတာလဲ အိမ်ရှင်မတွေပါဘဲ။

ဒီနေ့တော့ မာမာနေတဲ့မြို့လေးမှာ နေကလဲပူ  နေရတလဲ ပူလွန်းတော့ မီးဖိုခန်းထဲ ဝင်ရမှာ စိတ်မဝင်စားသလိုတော့ ဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့လဲ စျေးကအပြန် မုန့်ညှင်းပင်လေးတွေ လတ်လတ်ဆတ်ဆတ် ရလေတော့ မုန့်ညှင်းပေါင်းလေး ပေါင်းပြီး ထမင်းလွတ် စားကြဖို့ ပြင်မိပါတယ်။

ဒါကြောင့်မို့လို့ စားလို့ကောင်းပြီး လျှာကိုစွဲနေစေတဲ့ မာမာပြင်ဆင်ထားတဲ့ မုန့်ညှင်းပေါင်းနည်းလေး မျှဝေပေေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုန်ညှင်းပင် - 500 g
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ကောက်ညှင်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  8. ချင်း - လက်တစ်ဆစ်သာသာ
  9. ကြက်သွန်ုဖြူ - အမွှာကြီးကြီး ၃မွှာ
  10. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  11. ရေ - အနည်းငယ်
  12. နံနံပင် - မိမိနှစ်သက်သလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
  13. ကြက်သွန်ဖြူဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
  14. ငရုတ်သီး အကြမ်းမှုန့် ဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန်)
  15. ပေါင်းခံဇကာပါသော ပေါင်းအိုး - တစ်လုံး 
  16. မုန့်ညှင်းထည့်ရန် - ပန်းကန်လုံးတစ်ခု

ပြင်ဆင်ပုံ
  • မုန်ညှင်းကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ လက်နှစ်ဆစ်ခန့် အနေလေးတွေ လှီးထားပါ
  • ဆန်မှုန့်နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူဆီချက်ကို ချက်ထားပါ
  • ငရုတ်သီး အကြမ်းမှုန့် ဆီချက်ကို ချက်ထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေဆေးပြီး ရေစစ်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးကာ မထူမပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးကာ သမအောင် ရောနယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ ပန်းကန်တစ်ခုထဲမှာ အရသာနယ်ထားသော မုန့်ညှင်းများကို ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးကို ရေတစ်ဝက်သာသာ ထည့်ပေးကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ မုန့်ညှင်းပန်းကန်ကို ပေါင်းအိုးဇကာထဲထည့်ကာ အဖုံးအုပ်ပြီး မုန်ညှင်းများ နူးအိလာတဲ့အထိ ပေါင်ပေးပါ
  • ပေါင်းချိန် တစ်နာရီခန့် ပေါင်းပေးပါ
  • မုန့်ညှင်းပေါင်းနေစဉ် အောက်ခံအိုးထဲမှာ ရေနည်းသွားပါက သတိထားပြီး ရေထပ်ထပ်ပြီး ဖြည့်ပေးပါ
  • အသုံးပြုသော မုန့်ညှင်းနုပါက နာရီဝက်လောက် ပေါင်းပေးပြီး မုန့်ညှင်းပင်ရင့်ပါက တနာရီလောက် ပေါင်းပေးရင် ရပါတယ်
  • မုန်ညင်းများ နူးအိလာပါက နံနံပင် ကြက်သွန်ဖြူဆီချက် ငရုတ်သီးဆီချက်တို့နှင့် တွဲဖက်ကာ မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ ။
မှတ်ချက် ။ ။မာမာက Pressure Cooker နဲ့ ပေါင်းတဲ့အတွက် Steam ခလုတ်ကို နှိပ်ကာ ငါးမိနစ်ခလုတ်ကို ချိန်ပေးပြီး ငါးမိနစ်ဘဲ ပေါင်းပါတယ်။

Sunday, 1 December 2024

ခရမ်းသီးကြော်

 













ဒီနေ့တော့ စားလို့ကောင်းလွန်းတဲ့ ခရမ်းသီး အကြွတ်ကြော်ပါတယ် ပြင်ရဆင်ရတာ လက်ဝင်ပေမဲ့ စားလို့အရမ်း ကောင်းပါတယ်။
ကြွတ်ကြွတ်ရွရွလေးနဲ့ စားကောင်းလွန်းတဲ့အတွက် နေ့လည်နေ့ခင်း အပျင်းပြေ စားရအောင် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းသီး -  ၇လုံး
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်ခွဲ
  3. ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်ခွဲ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဗူးသာသာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ချင်အရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် 
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - လိုသလောက် သုံးပေးပါ

ကြော်ဖို့ပြင်ရန်
  • ခရမ်းသီးကို ရေဆေးပြီး ပုံပါအတိုင်း မထူမပါးလေးတွေ လှီးထားပါ
  • ပြီးတာနဲ့ ဇလုံထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ထားပါ
  • ပဲမှုန့် တန်ပူရာမှုန့် နနွင်းမှုန့် ဆား ချင်းအရည် ငရုတ်ကောင်းမှုန့်နှင့် အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီး ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
  • ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • မုန့်နှစ်ခပ်ပျစ်ပျစ်လေး ရလာတာနဲံ မုန့်နှစ်ပွလာစေရန် နာရီဝက်လောက် ဖောက်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ကြော်ဖို့ပြင်ဆင်ပေးပါ
  • အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ ခရမ်းသီးကို ခပ်ပျန့်ပျန့်လေးဖြန့်ပြီး နှစ်ပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက ခရမ်းသီး မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ထိုနည်းအတိုင်း ခရမ်းသီးများ အားလုံးကြော်ကာ  ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ခရမ်းသီး ကြော်ပြီးသားကို မုန့်နှစ်ထဲမှာ ထပ်လူးကာ ပြန်ကြော်ပေးပါ
  • ကျက်သွားပါက ဆယ်ပေးပြီး ဆီစစ်ကာ နောက်တစ်ကြိမ် အထက်ပါ နည်းအတိုင်း ပြန်ကြော်ပေးပါ
  • ဆီစစ်သွားပါက သုံးပြန်ကြော် ခရမ်းသီး ကြွတ်ကြွတ်ကြော််လေးကို မိမိနှစ်သက်ရာ အချဥ်နဲ့ တွဲဖက်ကာ စားလို့ ရပါပြီ။