ဒီနေ့တော့ ဘဲသွေးလေးတွေ ရောင်းနေတာ တွေ့တာနဲ့ ဝယ်လာပြီး ချဉ်ငံစပ် အရသာလေး ရအောင် ဆီလည်ရေလည်လေး ချက်ထားပါတယ် စားလို့လဲ အရမ်းကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဘဲသွေး - 400 g
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ချင်း - လက်တစ်ဆစ်ခန့်
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- မန်ကျည်းသီးမှည့်အနှစ် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
- ဘဲသွေးကို ရေဆေးပြီး အတုံးလေးတွေ တုံးပေးပါ
- ဘဲသွေးကို ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
- မန်ကျည်းသီးမှည့် အနှစ်ကို အဆင်သင့် ပြင်ထားပေးပါ
- ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
ဟင်းချက်ပုံ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
- ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့်ငရုတ်သီးအရောင်တင်မှုန့်ထောင်းထားတာတို့ကို ထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
- ဆီသတ်နံ့ မွှေးလာပါက အရသာ နယ်ထားသော ဘဲသွေးကိုထည့်ပြီး အနည်းငယ် မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
- ဘဲသွေးများ အနည်းငယ် မာလာပါက ရေမြုပ်အောင် ထည့်ပေးပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
- ရေပွက်ပွက် ဆူလာပြီး ရေမခမ်းတခမ်း အချိန်မှာ မန်ကျည်းသီးမှည့် အနှစ်ကို ထည့်မွှေပေးပါ
- ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး ချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးပါ
- ဘဲသွေးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment