Sunday, 24 September 2017

ဝက်သား ခရုဆီကြော်


အလုပ်မအားတဲ့ ရက်တွေမှာ မီးဖိုဆောင်ထဲ ကရောသောပါးဝင်ကာ ပြင်ဆင်ရတာ အရမ်းလွယ်လွန်းတဲ့ လွယ်ကူမြန်ဆန် ဟင်းတမယ်အတွက် ၀က်သားခရုဆီ ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဝက်သား - 150 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ

  • ဝက်သားကို ရေဆေးပြီး အတုံးလေးတွေ တုံးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ အကွင်းလိုက် လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ ဝက်သား ခရုဆီ အရသာမှုန့် ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ဆား နှင့် ခရုဆီတို့ ထည့်နယ်ပြီး နှပ်ထားပါ
  • အရင်ဆုံး ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ 
  • ဆီပူတာနဲ့ အရသာ နယ်ထားသော ၀က်သားကို ထဲ့ကြော်ပေးပါ
  • ၀က်သားကို ၃မိနစ်လောက် ကြော်ပြီးတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ရေခမ်းသွားတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို တစ်မိနစ်လောက် ထဲ့မွှေပေးပါ
  • ကြက်သွန်များ နွမ်းမသွားအောင် ခပ်မြန်မြန်ကြော်ပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနဲ့ အရသာရှိစွာ သုံးဆောင်နိုင်သော ၀က်သား ခရုဆီကြော် မွှေးမွှေးလေး ရပါပြီ။

Saturday, 23 September 2017

ပဲငါးပိအနှစ် ကြက်သားကြော်

 





ဒီတခါတော့ ပဲငါးပိအနှစ် မွှေးမွှေးလေးနဲ့ ကြက်သားကိုနယ်ကာ စားမိန်ဟင်းလေး တမယ်ချက်ဖြစ်ပြန်ပါတယ် ပဲငါးပိပါရင်ကို ထမင်းက စားလို့မိန်ပြီးသားမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေဆေးပြီး ခပ်ပါးပါးလှီးထားသော ကြက်သား - 150g
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ချင်း - လက်တဆစ်
  • အဖတ်လေးများ ရအောင်လှီးထားသော ကြက်သွန်နီ - အနေတော် တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ပုံပါအတိုင်း လှီးထားသော မုံလာဥနီ - တဥ
  • ပဲငါးပိအနှစ် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း 
ပြင်ဆင်ပုံ
  1. ကြက်သားကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  2. ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ
  3. ချင်းကို ညက်နေအောင် ထောင်းထားပါ
  4. လှီးထားသော ကြက်သားကို ပဲငါးပိအနှစ် ကြက်သွန်ဖြူ ဆား အရသာမှုန့် ချင်းတို့နှင့် ခပ်ပြစ်ပြစ် နယ်ထားပါ
  5. ဆီကို အပူပေးပြီး အရသာ နယ်ထားသော ကြက်သားကို ထည့်ကြော်ပါ
  6. ကြက်သားကျက်တာနဲ့ ကြက်သွန်နီနှင့် မုံလာဥနီတို့ ထည့်ကြော်ပါ
  7. မုံလာဥများ အရမ်းနူးအောင် မကြော်ဘဲ မီးပိတ်ပေးပြီး စားပွဲကို ပြင်ပေးပါ။

Friday, 22 September 2017

ကြက်သား ဆန်လှော်ဆန်ပြုပ်




ဒီနေ့တော့ ထမင်းမချက်ဘဲ ဆန်လှော် ဆန်ပြုပ်လေး ပြုပ်ပြီး ထမင်းလွတ် သောက်ကြပါတယ် ဆန်ပြုပ်ကတော့ ဘယ်လိုပြုပ်ပြုပ် အရမ်းကြိုက်တာမို့ မကြာခနလဲ ပြုပ်ဖြစ်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ရေ - လိုသလောက်
  3. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ
  4. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  5. ကြက်သွန်မိတ် - မိမိနှစ်သက်သလောက်
  6. ကြက်သား - 150 g
  7. ကြက်သွန်နီ - အနေတော် ၃လုံး
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး၅မွှာ
  9. နနွင်းမှုန့်-  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  11. ကြက်သွန်နီကြော် - မိမိနှစ်သက်သလောက်ဆီ
  12.  - ထမင်းစားဇွန်း ၄ဇွန်း

ပြင်ဆင်ပုံ
  • ဆန်ကို ရေမဆေးဘဲ ရွှေအိုရောင်သန်းလာတဲ့ထိ မီးအနေတော်နှင့် လှော်ပေးပါ
  • ဆန်လှော်နေစဉ် အဆက်မပြတ် မွှေပေးပါ
  • ရွှေအိုရောင် သန်းလာတာနဲ့ ပြုပ်မည့်အိုးထဲသို့ ပြောင်းထည့်ပါ
  • ဆန်လှော်အထက် ရေလက်ငါးလုံးလောက် မြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • အောက်ခြေ မကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ရေခမ်းကာနီး ဆန်စေ့လေးများ ကျေလာတာနဲ့ ရေအပျစ်အကျဲကြည့်ပြီး ထည့်ကာ မီးအေးအေးနှင့် တည်ထားပေးပါ
  • ဆန်သားကျေလာလေ ဆန်လှော်ဆန်ပြုပ်က ကောင်းလေမို့ မီးအေးအေးနှင့် တည်ထားပြီး မကြာမကြာမွှေပေးပါ
  • ကြက်သွန်မိတ်ကို အနေတော် လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ အဖတ်လေးများရအောင် လှီးထားပါ
  • ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ
  • ငရုတ်ကောင်းကို ညက်နေအောင် ထောင်းထားပါ
  • ကြက်သားကို ခပ်နုတ်နုတ်လှီးထားပြီး ဆားလက်ဖက်ရည်ဇွန်း တ၀က် ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် နယ်ထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တ၀က်ဆီ ထည့်ကြော်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့အရသာနယ်ထားသော ကြက်သားကို ထည့်ပြီး ၄မိနစ်လောက် ဆီသတ်ပါ
  • ကြက်သား အသားမာလာတာနဲ့ ဆန်ပြုပ်အိုးထဲ ပြောင်းထဲ့ပါ
  • ကြက်သားထည့်ပြီးတာနဲ့ ဆား ဟင်းချိုမှုန့် ကြက်သွန်နီတို့ထည့်ကာ ကြက်သွန်နီနွမ်းတဲ့ထိ မီးအနေတော်နှင့် ပြုပ်ပေးပါ
  • ကြက်သွန်နီ နူးလာတာနဲ့ ရေအပျစ်အကျဲ လိုသလိုပြင်ရန် ရေနွေးကို ထည့်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူတို့ထည့်ပြီး ရေဆူအောင်တည်ကာ အရသာမြည်း၍ လိုသလိုပြင်ကာ ဆန်လှော်ဆန်ပြုပ်ကို ကြက်သွန်နီကြော်နှင့် ကြက်သွန်မိတ်ဖြူးပြီး သောက်နိူင်ပါပြီ။

Thursday, 21 September 2017

နွားနို့မလိုင်






အရင်တစ်ပါတ်က နွားနို့တွေ ဝယ်ထားတာ မနေ့ကထိ မကုန်လေတော့ သုံးရမဲ့ ရက်စွဲကလဲ ကုန်ခါနီးနေပြီ ဒီတော့ကာ ပြစ်လိုက်ရမဲ့ အတူတူဆိုပြီး မလိုင်ကျိုဖြစ်သွားပါတယ် မလိုင်ကျိုတဲ့အခါ full cream milk ကို ကျိုတာ မလိုင်များများ ပိုရပါတယ်။

အချိန်လေးပေးပြီး ကျိုရတဲ့အတွက် ကျိုရကျိုးနပ်အောင် စားလို့အရမ်းကောင်းတဲ့အတွက် မာမာကျိုတဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပြင်ဆင်ပုံ

  • နွားနို့ နှစ်လီတာ (full cream milk) ကို အိုးအသားထူပြီး အိုးကြီးကြီးထဲမှာထဲ့ကာ မီးအနေတော်နှင့် ကျိုပေးပါ
  • အသုံပြုမည့် အိုးအသား ပါးပါက နို့များခနလေးနဲ့ တူးကပ်သွားနိုင်ပါတယ်
  • မီးအပူရှိန် အရမ်းပြင်းပါကလဲ နို့ များဝေကျတတ်သလို မလိုင်မတက်ဘဲ နို့အိုးအောက်ခြေတွင် ချိုးတူးခြင်းများ ဖြစ်တတ်တဲ့အတွက် မီးမပြင်းအောင် သတိပြုပေးပါ
  • နွားနို့အိုး ပွက်ပွက်ဆူလာလျှင် မီးကို အနည်းငယ်လေး ထပ်လျှော့ပေးပါ
  • နွားနို့အိုး မီးခပ်မျှင်းမျှင်းလေးနဲ့ ဆူနေချိန်မှာ တက်လာသည့် မလိုင်များကို ဘေးတစ်ဖက်ကိုတွန်းကာ  ပန်းကန်တစ်ခုထဲ ခပ်ပြီးထည့်ထားပေးပါ
  • နွားနို့မလိုင်တက်ရန် မီးမျှင်းမျှင်းလေးနှင့် ကျိုတဲ့အတွက် နို့ကျိုချိန် အချိန်ကြာနိုင်ပါတယ်
  • ဒါကြောင့်မို့လို့ တစ်ခြားအလုပ်လဲ လုပ်နေရင်း ကျိုထားနိုင်ပါတယ်
  • မကြာမကြာ သတိထားပြီး နို့မလိုင်များကို ခပ်ခပ်ပေးပါ
  • တစ်ခါခပ်ပေးလိုက် ခနနေ မလိုင်က ပြန်တက်လာလိုက်မို့လို့ မလိုင်များကို မကြာခန ခပ်ခပ်ပြီး ထုတ်ပေးပါ
  • ထိုနည်းအတိုင်း နွားနို့ကုန်အောင် ကျိုနေရင်း ရလာသော မလိုင်များကို ခပ်ခပ်ပေးလို့ ရလာတဲ့ နို့မလိုင် စိမ့်စိမ့်မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ရန် ပြင်ဆင်ပေးဖို့ ရလာမှာ ဖြစ်ပါတယ်။

Wednesday, 20 September 2017

အမဲ နှစ်လုံးပြုပ်



ဟင်းချက်ဖို့ စဉ်းစားလို့ မရတဲ့ရက်တွေမှာ ဈေးမှာပါတ်ချာလည်နေရင်း ကြံရာမရတဲ့အဆုံး တွေ့တာတွေ ခြင်းထဲကောက်ထည့်လာရတာမျိုးလဲ ဖြစ်တတ်ပါတယ်။

ဒီနေ့တော့ အမြဲတမ်းတော့ မစားဖြစ်ပေမဲ့ တခါတလေ စားဖြစ်တဲ့ အမဲနှစ်လုံးလေးတွေ ဝယ်လာကာ ကြက်သွန်ဖြူ စပါးလင် ချင်းတို့နဲ့ ပြုပ်ကာ အချဉ်ရည်လေးစပ်ပြီး စားဖြစ်တဲ့အတွက် ပြုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အမဲနှစ်လုံး  - နှစ်ခု
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ချင်းခပ်ပါးပါး - လေးပြား
  6. စပါးလင် -နှစ်ပင်
  7. ကြက်သွန်ဖြူ  - အလုံးလိုက် နှစ်ဥ

အချဉ်ရည်စပ်ရန်

  1. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း 
  2. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  4. ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  5. သံပုရာရည် - စားနိုင်သလောက်
  6. အားလုံးကို ဇလုံတစ်ခုထဲထည့်ပြီး သမအောင် ရောမွှေထားပါ

ပြင်ဆင်ပုံ
  1. အမဲနှစ်လုံးကို ရေဆေးပြီး ထက်ခြမ်းခြမ်းကာ ဆား ဟင်းချိုမှုန့် နနွင်းမှုန်တို့နှင့်နယ်ပြီး ၁၀မိနစ်လောက် နှပ်ထားပါ
  2. စပါးလင်ကို အပင်လိုက်ရေဆေးပြီး အထုံးထုံးကာ မညက်တစ်ညက် ထုထားပါ
  3. ချင်းကိုရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  4. ကြက်သွန်ဖြူ အလုံးလိုက်ကို အပြင်ခွံ နဲနဲချွတ်ကာ ရေဆေးထားပါ
  5. အမဲနှစ်လုံး အရသာဝင်လောက်တာနဲ့ ကြက်သွန်ဖြူ အလုံးလိုက် ထုထားသော စပါးလင် ချင်းပြားနှင့် ရေ အနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
  6. အိုးမကပ်စေရန် သတိထားပြီး တည်ပေးပါ
  7. အရင်ဆုံး ထည့်ထားသော လုံးရည်ခမ်းတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အသားနူးတဲ့အထိ ပြုပ်ပေးပါ
  8. အသားနူးလာပြီး ရေမခမ်းခင်လေးမှာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
  9. ရေခမ်းလျှင် အိုးကပ်သွားနိုင်တဲ့အတွက် ရေမခမ်းခင် မီးပိတ်ပေးပါ
  10. ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးပေးကာ မိမိနှစ်သက်သော ကြက်သွန်ဖြူ ကြက်သွန်နီ အချဉ်ရည်တို့နှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Tuesday, 19 September 2017

ဝက်နံရိုးကြော်









ဒီတခါတော့ နေ့လည်နေ့ခင်း သားအမိတစ်တွေ စကားပြောရင်း စားဖို့အတွက် ဝက်နံရိုးလေးကြော်လေး ကြော်စားဖြစ်ပါတယ် စားလို့ကောင်းပြီး ကြော်ရတာ လွယ်ကူတဲ့အတွက် ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. အသားထူသော ဝက်နံရိုး  -  500 g
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် ၂ခွက်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်သာသာ
  4. ချင်းအရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၅ဗူးသာသာ

ကြော်ဖို့ပြင်ရန်
  • တန်ပူရာမှုန့် နနွင်းမှုန့် ချင်းရည် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ် ဖျော်ပေးပါ
  • မုန့်နှစ် ခပ်ပျစ်ပျစ် ဖြစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
  • မုန့်နှစ်အရမ်းမပျစ် အရမ်းမကျဲစေရန်အတွက် ရေကိုချင့်ချိန်ထဲ့ပြီး လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ဝက်နံရိုးကို ရေဆေးကာ ရေစစ်ထားပြီး ပုံပါအတိုင်း တစ်လက်မသာသာ အနေတော် တုံးပေးထားပါ
  • အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ ဝက်နံရိုးကို နှစ်ပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက ဝက်နံရိုး မုန့်နှစ်လူးကို တစ်တုံးခြင်း ထဲ့ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • မီးအရမ်း များပါက ဝက်နံရိုးမှာ ကပ်နေသော အသားများ မကျက်ဘဲ ဖြစ်နေတတ်ပါတယ်
  • ဝက်နံရိုးကြော် တစ်ဖက်ရွှေဝါရောင် သန်းလာပါက တဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဝက်နံရိုးကြော် ကြွတ်ကြွတ် ချိုချိုလေးကို နှစ်သက်ရာ အချဉ်နဲ့တွဲဖက်ပြီး စားလို့ရပါပြီ။

Monday, 18 September 2017

ဝက်ခေါက်ကြော်








ဝက်ခေါက်ကြော် စားချင်လို့ တစ်ခါတစ်လေလေး ကြော်ပါတယ် ဇကောတစ်ချပ်နဲ့ကာလိုက် ပြေးလိုက်ရတာ အမောပါဘဲ ဆီကပေါက်လိုက် ဇကောနဲ့ကာလိုက် ဆီစင်မှာဆိုးလို့ ပြေးလိုက် ကြော်ပြီးပြန်တော့ ဆေးလိုက်ရတဲ့ မီးဖိုနဲ့ ကြမ်းပြင်တစ်ခုလုံးကို နာရီနဲ့ချီပြီး ဆေးလိုက်ရပေမဲ့ အချိန်တန်တော့လဲ ဝက်ခေါက်ကြော်လေးတော့ ဖြစ်လာတာပါဘဲ။

ပါဝင်ပစ္စည်းများ

  1. ဝက်ခေါက် - 1 kg
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. သစ်ဂျပိုးခေါက် - တစ်လက်မခန့် 
  5. နာနတ်ပွင့် - ၃ ပွင့်
  6. ကရဝေးရွက် - ၅ရွက်
  7. ဖာလာစေ့ - ၃စေ့
  8. ဆီ - ၀က်ခေါက်မြုပ်လုနီးပါးထည့်ရန်

ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ၀က်ခေါက်မြုပ်နိုင်ရုံ ရေတစ်ဝက် သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူတာနဲ့ ၀က်ခေါက် ကရဝေးရွက် ဖာလာစေ့ ဆား နာနတ်ပွင့်နှင့် သစ်ဂျပိုးခေါက်ကို ထည့်ပေးပါ
  • အိုးအဖုံးကို အပြည့်မအုပ်ဘဲ မိနစ်၃၀ခန့် ပြုပ်ပေးပါ
  • ၀က်ခေါက်ပြုပ်ထားစဉ် ထွက်လာသော အမြှုပ်များကို ခပ်ပြီးသွန်ပေးပါ 
  • အခေါက်ပျော့လာပါက ရေထဲမှဆယ်ပြီး အခေါက်ကို နေရာအနှံ့ ခက်ရင်းဖြင့် လိုက်ထိုးပေးပါ
  • ၀က်ခေါက်မှ ထွက်လာသော အရည်များကို စစ်ပေးပြီး ခြောက်သွားအောင် ၃ နာရီခန့် လေသလပ် ခံပေးထားပါ
  • လေသလပ် ခံထားသော ဝက်ခေါက်များ ရေစစ်သွားပါက မိမိနှစ်သက်သလို အတုံးလေးတွေ လှီးပေးကာ အချိုမှုန့် ဆားတို့နှင့် သင့်တော်သလို နယ်ပေးပါ
  • အရည်များ ထပ်မံထွက်လာနိုင်သေးတဲ့အတွက် အရည်စစ်နိုင်မည့် ဇကာပေါ်မှာ တင်ပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပါက ဇောက်နက်ပြီး အိုးအသားထူသော အိုးတစ်လုံးကို အပူပေးပါ
  • ထိုအိုးထဲကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ လှီးထားသော ဝက်ခေါက်ကို နည်းနည်းခြင်း ထည့်ကြော်ပေးပါ
  • ဆီထဲထည့်ပေးပြီးပါက ဝက်ခေါက်မှ ဝက်ဆီများ ပေါက်ထွက်တတ်တဲ့အတွက် အိုးအဖုံးကို ခပ်ဟဟလေး အုပ်ပေးပြီးမှ ကြော်ပေးပါ
  • နောက်တစ်ဖက် လှန်တော့မယ်ဆိုရင် မီးကိုပိတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ နောက်တစ်ဖက်ကို လှန်ပေးပါ
  • တစ်ဖက်ကို လှန်ပေးပြီးမှ မီးကိုပြန်ဖွင့်ပေးပြီး ဆက်ကြော်ပေးပါ
  • ဆီပေါက်ပြီး လူကိုစင်စေနိုင်တဲ့အတွက် သတိထားပြီး ကြော်ပေးပါ
  • မိမိလှီးထားသော ဝက်ခေါက်အထူ အပါးအပေါ် မူတည်ပြီး ကြော်ချိန်ကို ချင့်ချိန်ပြီး ကြော်ပေးပါ
  • တစ်ခါတရံ မိမိသုံးသော မီးဖို အပူချိန် ကွာဟမှု ရှိနိုင်သောကြောင့် ကြော်ချိန်ကိုလဲ လိုတိုးပိုလျှော့ လုပ်ပေးပါ
  • ဝက်ခေါက်များ မွပြီးကြွတ်လာကာ အညိုရောင်ဘက် သန်းလာပါက ဆီစစ်ဇကာထဲသို့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပြီး အေးသွားပါက ဝက်ခေါက်ကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို မိမိနှစ်သက်သလို ရှမ်းခေါက်ဆွဲ မုန့်တီနှင့် အချဉ်နှင့် တို့ပြီးစားနိုင်ပါပြီ။