ကြက်သားချက်ရန် လိုအပ်သောပစ္စည်းများ
ကြက်သားနှင့်လိုအပ်သော ပစ္စည်းများအားလုံးကို
ဇလုံတစ်လုံးထဲတွင်ထဲ့ကာ
အရသာဝင်အောင် ဆုပ်ဆုပ်ပြီးနယ်ပေးပါ
အားလုံးနယ်ပြီးမှဒိန်ချဉ်ကိုထဲ့ပြီး နောက်တစ်ခါ
ဆုပ်ဆုပ်ပြီးနယ်ပေးပါတယ်
အရသာများအားလုံးနယ်ပြီးသွားပါ ရေခဲသေတ္တာထဲမှာတစ်ညသိပ်နှပ်ထားပေးကာနောက်နေ့မနက်ကျမှ
ဆီကိုအပူပေးပြီးနှပ်ထားသောကြက်သားကို ငါးမိနစ်လောက်ဆီသတ်ပေးကာရေမြုပ်အောင်ထဲ့ထိပြီးတည်
ပေးပါတယ် ပထမတစ်ရည်ခမ်းပါကနောက်တစ်ရည်ထပ်ထဲ့ပြီးတည်ပေးပါ ရေခမ်းကာနီးဟင်းအနှစ် လက်နှစ်ဆစ်စာလောက်ကျန်ရင်လျှင်ရပါပြီ
ထမင်းချက်ဖို့ပြင်ဆင်ပါပြီ
မီးအနေတော်နှင့်တည်ထားသောဆီပူပူမှာ ကြက်သွန်နီကြော်ပြီး ဆီချက်ဖတ်များဆယ်ထားကာ ဆီကိုလိုသလောက်ဘဲထားပြီး ရေစစ်ထားသောဆန်ကို ငါးမိနစ်လောက်ကြော်ပေးပါတယ် ဆန်ကိုကြော်ပြီး
တာနဲ့ဆီချက်ဖတ်များနှင့်စပျစ်သီးခြောက်များထဲ့ပြီး တစ်မိနစ်လောက်မွှေကာ ရေထဲ့ပြီး မီးအနေတော်နှင့်
အိုးအဖုံးအုပ်ပြီးရေခမ်းတဲ့ထိတည်ပေးပါတယ် ထမင်းကိုအထက်အောက်အောက်နှစ်ခါလောက် မွှေပေးပါတယ်
ရေခမ်းသွားပါကမီးပိတ်ပြီးမီးဖိုပေါ်မှာဘဲ
ထမင်းအိုးကိုလေးမိနစ်လောက်ထားပြီးနှပ်ထားပေးပါတယ်
ထမင်းရောဟင်းပါကျက်သွားပါက နောက်ထပ်အိုးတစ်လုံးထဲသို့ချက်ထားသောထမင်းကို ထူထူတစ်လွှာ ခင်းကာ ထိုထမင်းအပေါ်မှ ချက်သားသောကြက်သားဟင်းကိုတစ်လွှာခင်းပါမယ် ထိုဟင်းအပေါ်ကမှ ထမင်းကိုနောက်တစ်လွှာ ထပ်ခင်းပြီး ဟင်းအိုးထဲတွင်ကျန်နေသော ဟင်းအနှစ်များကို ထမင်းပေါ်လောင်းချပေးပြီး အိုးအဖုံးအုပ်ကာ မီးအပူရှိန်နံပါတ်တစ်နှင့် ဆယ်မိနစ်လောက်နှပ်ပေးပါတယ်
ဒန်ပေါက်ထမင်းလိုအနံ့အရမ်းမပြင်းဘဲစားလို့လဲ
အရသာပိုကောင်းတဲ့ပလောက်မဆလာထမင်းလေးရပါပြီ
မုံလာဥနီ ဂေါ်ဖီ ပူစီနမ်တို့ကိုသံပုရာရည်ရောကာ
နယ်ထားသောအချဉ်လေးနှင့်မဆလာနံ့
သင်းသင်းလေးနဲ့ Palauထမင်းလေးပါ

ဟင်းချက်ရာမှာသုံးတဲ့ Palau မဆလာထုတ်
ဒီနေ့တော့ palau မဆလာနဲ့ ချက်ဖြစ်တဲ့ ထမင်းလေး ချက်ဖြစ်ပါတယ် ဒံပေါက်နဲ့ အရသာနဲ့ တော်တော်လေး တူပါတယ် ဒီထမင်းကိုတော့ အော်စီရောက်ခါစက အစ်မတစ်ယောက်ရဲ့ အိမ်မှာ စားဖြစ်ခဲ့တဲ့ ထမင်းလေးက FIJI ကျွန်းကထွက်တဲ့ မဆလာလေးနဲ့ ချက်ထားတဲ့ ထမင်းလေးပါ။
အရသာလေးကို အရမ်းကြိုက်တာနဲ့ ချက်နည်းလေးလဲမေး မဆလာလေးလဲ တောင်းထားခဲ့တာ ကြာပါပြီ ချက်မယ်ချက်မယ်နဲ့ စိတ်ကူးလိုက် စိတ်ကူးလေး ပျက်သွားလိုက်နဲ့ မချက်ဖြစ်သေးတာပါ။
အခုတော့ အတတ်နိုင်ဆုံး တူအောင်တော့ ချက်ထားပါတယ် ဒီထမင်းရဲ့  ရာဇဝင်ကိုတော့ မာမာသေချာမမေးခဲ့ရလို့ မသိပါဘူး FIJI ကျွန်းထွက် ဒေသရဲ့  အစားအစာ တစ်ခုလို့ ထင်မိပါတယ်။
ဒီမဆလာ အနံ့လေးက ဒံပေါက်လောက် အနံ့လောက် မပြင်းသလို ချက်တဲ့ အခါမှာ ထောပတ်လဲ မပါတာကြောင့် စားလို့ကောင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထမင်းလေးပါ။
ဒံပေါက်ထက်စာရင် ကျန်းမာရေးနဲ့ပိုပြီး ညီညွတ်တဲ့ ထမင်းလေး ဆိုရင်လဲ မမှားပါဘူး နောက်တစ်ခုက ဘာအရောင် ဘာဆိုးဆေးမှ ထည့်မထားတဲ့အတွက် အန္တရာယ်လဲ ကင်းပါတယ်။
စိတ်ထဲမှာ စားချင်လာတာနဲ့ မာမာတစ်ခါမှ မချက်ဖူးဘဲ ဒီနေ့မှ စမ်းချက်ကြည့်တာပါ စမ်းချက်ကြည့်တာလို့ ဆိုရပေမဲ့ စားရတာ တော်တော့်ကို ကောင်းပါတယ် ချက်ပြီးပြုပ်ပြီး ကလေးတွေနဲ့ အတူစားနေရင်းက လက်မလေးတွေထောင်ပြီး အားပေးကြပါတယ် ဒါကြောင့်မို့လို့ မာမာချက်တဲ့ ချက်နည်းလေးကို တင်ပေးလိုက်တာပါ။
ချက်နည်းထဲမှာ လိုအပ်တာလေးတွေ ကျန်ခဲ့ရင်ရယ် စာအရေးအသား လွဲမှားတာပါခဲ့ရင်တော့ နားလည်ပေးစေချင်ပါတယ် ချက်နည်းလေးနဲ့ မဆလာထုတ်လေး ပေးလိုက်တဲ့ အစ်မကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်းလဲ ပြောလိုက်ပါတယ်။
ချက်နည်းမှာ လိုအပ်တာလေးတွေ လွဲခဲ့တာလေးတွေရှိခဲ့ရင်လဲ နားလည်ပေးစေချင်ပါတယ် တစ်ခါမှ မချက်ဖူးဘဲ စမ်းချက်တဲ့ ထမင်းတောင် ချက်မလောက် ဖြစ်သွားခဲ့တာ ကိုယ်တိုင်တတ်ပြီး ချက်ကျွေးခဲ့တဲ့ အစ်မအိမ်က ထမင်းဆို ဘယ်လောက်ကောင်းသလဲဆို မာမာ့စိတ်ထင် နတ်သုဒ္ဒါတစ်မျှပါဘဲ စားခဲ့ရတဲ့အတွက်ရော ချက်နည်းလေး မျှဝေပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်ရှင်။
ပလောက်မဆလာထမင်း ၆ပွဲစာအတွက်
ကြက်သွန်နီကြော်ရန်
- ဆီ - လက်ဖက်ရည် အကြမ်းပန်းကန်လုံး နှစ်လုံးစာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ကာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကို ထည့်ပေးပါ
- ပြီးတာနဲ့ လှီးထားသော ကြက်သွန်နီကို ရွှေဝါရောင် သန်းလာအောင် ကြော်ပြီး ဆယ်ထားပါ
(ကြက်သားအရသာနယ်ရန် လိုအပ်သော ပစ္စည်းများ)
- ကြက်ပေါင်သား - တစ်ကီလို
- ပလောက်မဆလာ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ကြက်သွန်နီကြော် - ထမင်းစားဇွန်း ၃ဇွန်းခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ချင်း - တစ်လက်မကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ကရဝေးရွက် - ၄ရွက်
- ဖာလာစေ့ - ၄စေ့
- လေးညှင်း - ၄ပွင့်
- သစ်ဂျပိုးခေါက် - တစ်လက်မခွဲခန့် နှစ်ချောင်း
- ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ကြိုက်လျှင်ထည့်ပါ)
- ဒိန်ချဉ် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ မောက်မောက်
- ဆီ - ထမင်းစားဇွန်း ၁၄ဇွန်းခန့်
- ငရုတ်သီး အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း သုံးဇွန်း
- ပစ္စည်းမျာ အားလုံးကို ဇလုံတစ်လုံးထဲမှာထည့်ပြီး အရသာဝင်အောင် နယ်ပေးကာ cling wrap နှင့် လုံအောင်ပိတ်ပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ၁၂နာရီခန့် နှပ်ထားပေးပါ
- နောက်နေ့မနက်မှာ အရသာ နယ်ထားသော ကြက်သားကို အိုးတစ်လုံးထဲထည့်ပြီး တစ်ဝက်နီးပါးကျက်အောင် ချက်ထားပေးပါ
(ပလောက်မဆလာ ထမင်း ၆ပွဲစာချက်ရန် လိုအပ်သော ပစ္စည်းများ)
- Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၆ဗူး
- ရေ - ၄လီတာ
- ghee ထောပါတ် - ထမင်းစားဇွန်း ၂ဇွန်း
- ကရဝေးရွက် - ၄ရွက်
- ဖာလာစေ့ - ၄စေ့
- လေးညှင်း - ၆ပွင့်
- ငရုတ်ကောင်း - ၆စေ့
- ဆား - လက်ဖက်ရည်ဇွန်း ၆ဇွန်း
(ထမင်းချက်ရန် ပြင်ဆင်ပုံ)
- ဆန်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
- ရေစိမ်ချိန် နာရီဝက် ပြည့်တာနဲ့ ရေစစ်ထားပြီး ထမင်းချက်ဖို့ စတင်ပြင်ဆင်ပေးပါ
- ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေကိုဆူအောင်တည်ပြီး ဆား ghee ထောပတ် ကရဝေးရွက် ဖာလာစေ့ ငရုတ်ကောင်းစေ့တို့ထည့်ပြီး နှစ်မိနစ်လောက် ဆူအောင်ထားပါ
- ရေဆူချိန် နှစ်မိနစ်ပြည့်တာနဲ့ဆန်ထည့်ကာ မီးအားပြင်ပြင်းနဲ့ ဆူအောင် ဆက်တည်ပါ
- ဆန်တစ်ဝက်ကျက်ဖို့ ငါးမိနစ်လောက် တည်ပြီးတာနဲ့ အပေါက်စိတ်သော ဇကာထဲ သွန်ချပြီး ရေစစ်ထားပါ
(ပလောက်မဆလာ ထမင်းချက်ရန် ပါဝင်ပစ္စည်းများ)
- ရေစစ်ထားသော တစ်ဝက်ကျက်ထားသည့် ထမင်း
- တစ်ဝက်ကျက်အောင် ချက်ထားသော ကြက်သား
- စပျစ်သီးခြောက် - လက်ဖက်ရည်အကြမ်းပန်းကန်လုံး တစ်လုံးစာ
- food coloring (Yellow) - လေးစက်ခန့်
- အရောင်ရေရောရန် ရေ - ထမင်းစားဇွန်း၎ဇွန်း
- နွားနို့ - ထမင်းစားဇွန်း ၄ဇွန်း
- ဆီ - ထမင်းစားဇွန်း ၂ဇွန်း
(ပြင်ဆင်ပုံ)
- အောက်ခြေမကပ်ဘဲ အိုးအသားထူသော အိုးထဲမှာ တစ်ဝက်ကျက်အောင် ချက်ထားသော ကြက်သားကို ဖြန့်ထည့်ပါ
- ပြီးလျှင် ထိုဟင်းပေါ်မှာ တစ်ဝက်ကျက်ထားသော ထမင်းကို အနည်းငယ်ချန်ကာ ဖြန့်ပြီးထည့်ပေးပါ
- ထမင်းအပေါ်မှာ ဆီနှင့် နွားနို့ကို ဖြန့်ပြီး ထည့်ပေးပါ
- ကြက်သွန်ကြော် ထမင်းစားဇွန်း ၃ဇွန်းနှင့် စပျစ်သီးခြောက်ကို ဖြန့်ထည့်ပြီး ထိုအပေါ်မှာ ထမင်းအနည်းငယ် ဖြန့်ခင်းပေးပါ
- Food coloring ကို ရေ ထမင်းစားဇွန်း ၄ဇွန့်နှင့်ရောမွှေကာ ထမင်းပေါ်မှာ ဇွန်းနှင့်ခပ်ပြီး ဖြန့်လောင်းပေးပါ
- ပြီးတာနဲ့ အိုးကို လေလုံအောင် aluminum foil တစ်ထပ်ဖုံးပြီး အိုးအဖုံးကို ထပ်ဖုံးပေးပါ
- မီးအားပြင်းပြင်းနဲ့ အပူပေးထားသော ဒယ်ပြားပေါ်မှာ ထမင်းအိုးကိုတင်ပြီး ၅မိနစ်လောက် တည်ပေးပါ
- ၅မိနစ် ပြည့်တာနဲ့ မီးကို နံပါတ် ၂လောက်ထိလျှော့ပြီး နာရီဝက်လာက် ဆက်ပြီးနှပ်ထားပေးပါ
- ပြီးတာနဲ့ မီးပိတ်ပြီး မိနစ်၃၀လောက် မီးဖိုပေါ်မှာ ဆက်နှပ်ထားပြီးရင် ကြက်သားဒံပေါက်ထမင်း မွှေးမွှေးလေး ရပါပြီ။
- ပလောက်မဆလာနံ့  သင်းနေတဲ့ ထမင်းလေးကို သံပုယိုသီးသနပ် ဂေါ်ဖီ မုံလာဥနီ ပူစီနံ ငရုတ်သီးစိမ်း ပဲနီလေးဟင်းချိုတို့နှင့် စားသုံးရန် ပြင်ဆင်ပေးနိုင်ပါပြီ။