Tuesday, 16 January 2018

ရွှေဖရုံသီး ပဲသီးကြော်



ရွှေဖရုံသီးကို ပဲသီးနဲ့ရောပြီး ကြာ်လေတိုင်း အရမ်းကြိုက်တဲ့ အသီးအရွက်ကြော်လေး တမျိုးထဲမှာ ပါဝင်တာမို့ ထမင်းနဲ့စားတဲ့ဆီ မရောက်ဘဲ ဒီအတိုင်း ထိုင်စားတတ်တဲ့ အကျင့်လေးက ငယ်ငယ်ထဲကနေ အခုထိ ပါနေတုန်းပါဘဲ။

ဒီနိုင်ငံက ရွှေဖရုံသီးတွေက မြန်မာပြည်က အသီးတွေလို မစေးတဲ့အတွက် ကြော်ရတာ နည်းနည်းခက်ပါတယ် စားရတာတော့ ကောင်းပါတယ် ဒါကြောင့်မို့လို့ သတ်သတ်လွတ်လေးများ စားချင်ရင်တော့ မာမာကြော်ထားတဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အနေတော် လှီးထားသော ပဲတောင့်ရှည် - ၁၀တောင့်
  2. အနေတော် လှီးထားသော ရွှေဖရုံသီး - တစ်စိတ်
  3. ခပ်ပါးပါး လှီးထားသော ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  4. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား -လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ပြင်ဆင်ပုံ
  1. ဒယ်အိုးတလုံးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်နီကို ထည့်ကြော်ပါ
  3. ကြက်သွန်နွမ်းတာနဲ့  ရွှေဖရုံသီးကို ထည့်ကြော်ပါ
  4. ရွှေဖရုံသီး ကြော်နေစဉ် ရေမထည့်ဘဲ ကြော်ပေးပါ
  5. ရေထည့်လိုက်တာနဲ့ ရွှေဖရုံသီးများ ကျေကုန်တဲ့အတွက် မကျေစေရန် မီးကိုအနေတော်လျှော့ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  6. အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်ပေးပြီး အဖုံးကို ဖွင့်ကြည့်ပါ
  7. ရွှေဖရုံသီးများ နွမ်းစပြုတာနဲ့ ပဲသီး ဆားနှင့် ဟင်းချိုမှုန့်တို့ကို ထည့်ကြော်ပါ
  8. အသီးများ နွမ်းလာတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပြီး ရွှေဖရုံသီးပဲသီးကြော် ချိုစိမ့်စိမ့်လေးကို စားသုံးနိုင်ပါပြီ။

Saturday, 13 January 2018

ချဉ်ငံစပ် အသုပ်စုံ







ဒီနေ့တော့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အသုပ်စုံလေး သုပ်စားဖြစ်ပါတယ် တစ်ခါတစ်လေ ဆိုတာထက် နေ့တိုင်းစားရရင်လဲ မမုန်းဘဲ အရမ်းကြိုက်တဲ့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်စုံ သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ခရမ်းချဉ်သီး - အနေတော် ငါးလုံး
  3. ပဲပင်ပေါက် - နှစ်ဆယ်သား
  4. ကြက်သွန်နီ - ဥကြီးကြီး တစ်လုံး (ဆီချက် ချက်ရန် )
  5. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (ဆီချက်ချက်ရန်)
  6. ကြက်သွန်ဖြူ - စားနိုင်သလောက် ( အသုပ်နှင့်စားရန် )
  7. ဆီ - သုံးဆယ်သား (ဆီချက်နှစ်မျိုးချက်ရန်)
  8. ငါးငံပြာရည် - လိုသလောက်
  9. ဆား - လိုသလောက်
  10. အချိုမှုန့်  - လိုသလောက်
  11. ကြက်သွန်နီ ဆီချက် - လိုသလောက်
  12. မကျည်းသီးမှည့် - အနည်းငယ် (ရေနွေးလက်ဖက်ရည်ပန်းကန် နှစ်လုံးစာလောက်ဖြင့် စိမ်ထားပါ )
  13. ပဲအကျက်မှုန့် - လိုသလောက်
  14. ပုဇွန်ခြောက်မှုန့် - လိုသလောက်
  15. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  16. နနွင်းမှုန့် - လိုသလောက်
  17. အချိုမှုန့် - လိုသလောက်
  18. ခေါက်ဆွဲဖတ် - ငါးဆယ်သား
  19. ဂေါ်ဖီ - အနေတော် တစ်ခြမ်း
  20. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး (အသုပ်ထဲထည့်ရန်)
  21. အာလူး - ခပ်ကြီးကြီး နှစ်လုံး
  22. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  23. အာလူး - အလုံးကြီးကြီး နှစ်လုံး


ထမင်းချဉ်လုံး လုပ်ရန်ပြင်ဆင်ပုံ

  • ဆန်ကို ကျက်အောင် ချက်ထားပါ
  • ခရမ်းချဉ်သီးကို ဒယ်အိုးထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ အခွံများ ကွာထွက်လာအောင် ပြုပ်ပေးပါ
  • ခရမ်းချဉ်သီးများ အေးလာပါက ကွာထွက်နေသော အခွံများကို ခွာပြီးဖယ်ကာ အထဲမှ အစေ့များကို ဖယ်လိုက်ပါ 
  • ပြုပ်ပြီးအခွံခွာထားသော ခရမ်းချဉ်သီးများကို အိုးထဲမှာ ကြက်သွန်ဖြူ ဆီချက် ထမင်းစားဇွန်း တစ်ဇွန်း နှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ ကိုထည့်ပြီး ခရမ်းချဉ်သီးများကျေပြီး ရေခမ်းသည်အထိ ချက်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်ခုထဲမှာ အအေးခံထားသော ထမင်း ခရမ်းချဉ်သီးအနှစ် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ ဖြင့် နယ်ပေးပါ
  • နယ်ထားသော ထမင်းများကို အရသာမြည်းပြီး လိုသလို ပြင်ပေးကာ လက်တစ်ဆုတ်စာ အလုံးလေးတွေ လုံးထားပေးပါ

ကြက်သွန်နီ ဆီချက်ချက်ရန်
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့  နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ပြီး ကြက်သွန်နီကိုထည့်ကြော်ပါ
  • ကြက်သွန်နီများ ကြွတ်လာတာနဲ့ ဆယ်ပြီးအအေးခံထားပါ
  • ဆီကိုလဲ အအေးခံထားပါ 
  • နှစ်မျိုးလုံး အေးတော့မှ ပြန်ပြီးရောထားပါ

ဟင်းခါးချက်ရန်
  • ဂေါ်ဖီ အကြမ်းဖတ် - အနည်းငယ် (ဟင်းခါးချက်ရန် ခပ်ထူထူ လှီးထားပါ)
  • ပုဇွန်ခြောက်မှုန့် - အနည်းငယ် 
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ (မညက်တညက် ထောင်းထားပါ)
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် နှစ်လုံးစာကို ဆား အချိုမှုန့် ပုဇွန်ခြောက်မှုန့်တို့ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဂေါ်ဖီ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူ တို့ထည့်ကာ ရေဆူအောင် ထပ်တည်ပေးပြီးရင် ဂေါ်ဖီဟင်းခါး ပူပူလေး ရပါပြီ။
အာလူးပြုပ်ရန်
  • အာလူးကို ရေဆေးပြီး ဖောက်နက်သော အိုးထဲမှာ ထည့်ပေးပါ
  • အာလူးကို ရေမြုပ်အောင်ထည့်ပြီး အာလူးနူးတဲ့အထိ ပြုပ်ပေးပါ
  • အာလူးနူးတာနဲ့ အခွံခွာပြီး မထူမပါးလေးတွေ လှီးထားပါ

အသုပ်သုပ်ရန် ပြင်ဆင်ပုံ
  • ဂေါ်ဖီကို ခပ်ပါးပါး လှီးထားပြီး ရေဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေနွေးဖျောကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကျန်နေသော ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ဇလုံတစ်လုံးထဲမှာ မိမိနှစ်သက်ရာ ထမင်းချဉ်လုံးနှင့် ခေါက်ဆွဲ ပဲပင်ပေါက် အာလူး ဂေါ်ဖီတို့ကို တစ်ပွဲစာထည့်ကာ ကြက်သွန်နီဆီချက် ငရုတ်သီးဆီချက် ငံပြာရည် အချိုမှုန့် မကျည်းမှည့်ရည် ပုဇွန်ခြောက်မှုန့် ပဲအကျက်မှုန့်တို့ကို သင့်သလိုထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်သုပ်ရာမှာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူနိုင်တဲ့အတွက် မိမိနှစ်သက်သလို နှစ်သက်ရာ အစာများထည့်ပြီး သုပ်စားနိုင်ပါတယ်
  • ထမင်းနယ်သုပ် အသုပ်စုံ ရပြီဆိုတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ  ဂေါ်ဖီဟင်းခါးတို့ ဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ

Friday, 12 January 2018

ဘေဘီဘရော့ကိုလီ​ကြော်


အမြဲတမ်း မဟုတ်ပေမဲ့ တစ်ခါတစ်လေ သတ်သတ်လွတ်လေးတွေ စားဖြစ်တာမို့လို့ ဒီနေ့တော့ သတ်သတ်လွတ် ဘေဘီဘရော့ကိုလီ ကြော်နည်း အလွယ်ဆုံး နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘေဘီဘရော့ကိုလီ - ၇ပင်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ဘေဘီဘရော့ကိုလီအပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေး၍ ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  4. ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  5. ပြီးတာနဲ့ ရေစစ်ထားသော ဘလိုကိုရီများ​ထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  6. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး စားသုံးနိုင်ပါပြီ။

Friday, 5 January 2018

ကြက်အမြစ်သုပ်








ဒီနေ့တော့ ဈေးသွားဈယ်ရင်းက ဈေးမှာကြက်အမြစ်လေးတွေ တွေ့တာနဲ့ ဝယ်လာဖြစ်ပါတယ် ကြက်အမြစ်လေးတွေကို အမြဲတမ်းတော့ မစားဖြစ်ပေမဲ့ တစ်ခါတစ်လေ စားချင်စိတ်လေး ဖြစ်တတ်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး ကြက်အမြစ် ဆေးနည်းနဲ့ သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ကြက်အမြစ်ဆေးနည်း

  1. ကြက်အမြစ် အထဲမှ အစာအိတ် မပေါက်အောင် ဓါးထက်ထက်နှင့် ခွဲပေးပါ
  2. ပြီးတာနဲ့ အစာအိတ်ကို ဖယ်ပေးလိုက်ပါ
  3. အစာအိတ် ဖယ်ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ ဆား ထမင်းစားဇွန်း တစ်ဇွန်း နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ကြက်အမြစ်များ ထည်ပေ့းကာ ခပ်နာနာ နယ်ပေးပါ
  4. ပထမ တစ်ကြိမ် နယ်ပြီးတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးပါ
  5. ရေဆေးပြီးသော ကြက်အမြစ်များရဲ့ အတွင်းဖက်အပိုင်းကို ဓါးဖြင့်စိတ်ရှည်ရှည် လိုက်ခြစ်ပေးပါ
  6. အယိအရွဲများ ထွက်လာအောင် ခြစ်ပေးပြီး ရေနှင့်တစ်ထပ် ဆေးချလိုက်ပါ
  7. နောက်တစ်ကြိမ် ဆား ထမင်းစားဇွန်း တစ်ဇွန်းနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ ထပ်ထည့်ပြီး ခပ်နာနာ နယ်ပေးပါ
  8. ပြီးတာနဲ့ ရေ ၅ထပ်လောက်နှင့် စင်အောင် ဆေးပေးပါ
  9. အားလုံး စင်အောင် ဆေးပြီးတော့မှ အမြစ်များကို လေးစိတ်စိတ်ကာ တစ်စိတ်ကို သုံးချက်လောက် လိုက်မွှန်းပေးပါ
  10. အနံ့ အသက် အယိအရွဲများ စင်ပါက မိမိနှစ်သက်သလို ချက်စား ပြုပ်စားရန် ပြင်ဆင်နိုင်ပါပြီ။

အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ

  1. ရေစင်အောင် ဆေးထားသော ကြက်အမြစ် - 250 g
  2. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ချင်း - လက်တစ်ဆစ်ခန့်
  4. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်နီ - အနေတော် တစ်လံးေ
  6. ဂေါ်ဖီ - တစ်စိတ်
  7. နံနံပင် - နှစ်သက်သလောက်
  8. သံပုရာသီး - တစ်ခြမ်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆီချက်ချက်ရန် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  12. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး (ဆီချက်ချက်ရန်)
  13. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ ( ဆီချက်ချက်ရန် )
  14. ငရုတ်သီးအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ

ကြက်အမြစ်ပြုပ်ရန်
  1. ကြက်အမြစ်များကို ခနောကြက်သားမှုန့်နှင့်နယ်၍ ချင်းကို ခပ်ပါးပါး လှီးပြီးထည့်ကာ အရသာဝင်အောင်နယ်၍ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  2. ရေခမ်းပါက အအေးခံထားပါ
ကြက်သွန်နီ ဆီချက်ချက်ရန်
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်နီကို ထည့်မွှေပါ
  • ကြက်သွန်နီများ အ၀ါရောင် သန်းလာပြီး ကြွတ်လာတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပါ
  • ဆီချက်ကို အအေးခံ ထားပြီးမှ ကြက်သွန်နီကြော်နှင့် အအေးခံထားသော ကြက်သွန်ကြော်များကို ရောပေးပါ
ပြင်ဆင်ပုံ
  1. ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  2. ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  3. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  4. သံပုရာသီးကို ရေဆေးကာ အစိတ်လေးတွေ လှီးထားပါ
  5. လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  6. ပြုပ်ထားသော ကြက်အမြစ်များကို အအေးခံထားပါ
  7. ဇလုံတစ်လုံးထဲမှာ ကြက်အမြစ်များ ကြက်သွန် ဂေါ်ဖီ နံနံပင် ဆီချက် အချိုမှုန့် ငံပြာရည် ငရုတ်သီး အကျက်မှုန့် ပဲအကျက်မှုန့်တို့ကိုထည့်ကာ သံပုရာရည်ညှစ်ပြီး ကြက်အမြစ် ချဉ်ငံစပ်အသုပ်ကို ခပ်ဖွဖွနယ်ကာ အသုပ်ပွဲကို ပြင်ဆင်နိုင်ပါပြီ။

Thursday, 4 January 2018

သတ်သတ်လွတ် ပဲသီးသုပ်



အခုရက်ထဲ သတ်သတ်လွတ် အသုပ်လေးတွေ ပြင်ဆင်ဖြစ်ပါတယ် ဒီနေ့တော့ ပြင်ဆင်ရတာ လွယ်သလို စားလို့လဲ အရမ်းကောင်းတဲ့ သတ်သတ်လွတ် ပဲသီးသုပ် ဟင်းရံလေးတွေ ပြင်ဆင်ဖြစ်လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့  ပြင်ဆင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပဲတောင့်ရှည် - ဆယ့်ငါးတောင့်
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  4. ဆားအနု - လက်ဖက်​ရည်​ဇွန်း တစ်ဝက် (အသုပ်ထဲထည့်ရန်)
  5. ဆားအကြမ်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဂေါ်ဖီ - နှစ်ဖတ်ခန့်
  9. နံနံပင် - မိမိနှစ်သက်သလောက်
  10. ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  11. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ပဲတောင့်ရှည်ကို ရေစင်အောင်ဆေးပြီး ဇလုံတစ်လုံးထဲ ထည့်ပေးထားပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပြီး ပဲသီးထည့်ထားသော ဇလုံထဲသို့ လောင်းထည့်ပေးပါ
  • ရေနွေးပူထဲမှာ နှစ်မိနစ်လောက်ထားပြီး ရေအေးနှင့်ဆေးကာ မထူမပါးလေးတွေ လှီးထားပါ 
  • ကြက်သွန်နီကို အခွံခွာပြီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • လှီးထားသော ကြက်သွန်နီကို ဆားအကြမ်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ခပ်နာနာလေး နယ်ပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးထားပါ
  • နှမ်းကို မီးအေးအေးနှင့် ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေစင်အောင် ဆေးပေးထားပါ
  • နံနံပင်ကို အပင်လိုက် ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပေးပါ
  • သံပုရာရည်ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တစ်ခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ သတ်သတ်လွတ် ချဉ်ငံစပ် ပဲသီးသုပ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Tuesday, 2 January 2018

သတ်သတ်လွတ် ပဲနီပြားသုပ်



တစ်ခါတစ်လေ အသားတွေ စားရတာ မစားချင်တဲ့အတွက် သတ်သတ်လွတ်လေးတွေ စားချင်စိတ်က ပေါ်လာတတ်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ပဲသုပ်လေး သုပ်ပါတယ် ပဲသုပ်ဆိုတာက လွယ်ပါတယ် သို့ပါသော်လဲ ကြက်သွန်နီ ပါတဲ့အတွက် ပါးစပ်နံတတ်ပါတယ်  ဒါကြောင့်မို့လို့ ပါးစပ်အနံ သက်သာအောင် ပြင်ဆင်နည်းလေးကိုလဲ မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်နီကို လှီးပြီးတာနဲ့ ဆားနဲ့ခပ်နာနာ နယ်ဆေးပြီးမှ သုပ်တာက ပါးစပ်အနံ သက်သာစေသလို ကြက်သွန်ညီးစော် နံခြင်းကိုလဲ သက်သာစေပါတယ် ဒါကြောင့်မို့လို့ ကြက်သွန်ဆေးနည်းနဲ့ ပဲသုပ်သုပ်နည်း ပြင်ဆင်ပုံလေးပါ ရေးပေးထားပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပြုပ်ပြီးသား ပဲဗူး - တစ်ဗူး
  2. ဆားအနု - လက်ဖက်ရည်ဇွန်း တစ်ဝက် (အသုပ်ထဲထည့်ရန်)
  3. ဆားအကြမ်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သွန်ဆေးရန်)
  4. နှမ်းလှော် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  5. နံနံပင် - မိမိနှစ်သက်သလောက်
  6. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ပဲဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
  1. Ready made ပဲဗူးကိုဖောက်ပြီး အရည်များ သွန်ပေးကာ ရေနှစ်ထပ်လောက် ဆေးပေးထားပါ
  2. ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  3. လှီးထားသော ကြက်သွန်နီကို ဆားအကြမ်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ခပ်နာနာလေး နယ်ပေးပါ
  4. ကြက်သွန်များ နွမ်းလာတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  6. နံနံပင်ကို အပင်လိုက် ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပေးပါ
  7. နှမ်းလှော် ကြက်သွန်နီ နံနံပင် ဆီ ငရုတ်သီးစိမ်း ဆားအနုနှင့် အရသာမှုန့်ကိုတို့ကို ပြင်ထားပါ
  8. ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  9. နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ သတ်သတ်လွတ် ပဲသုပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Monday, 1 January 2018

အမဲသား အချဉ်ထည့်နည်း










ဒီနေ့တော့ အမဲသားကို အချဉ်ထည့်ကာ ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ် အမဲချဉ်ဟင်းက ရွာမှာနေစဉ် ငယ်ငယ်က မကြာခန စားရတဲ့ဟင်းလေးပါ အမဲချဉ်ထည့်မယ်ဆိုရင်တော့ အဆီအသား အရွတ်များတွဲနေတဲ့အသားက ပိုပြီးစားလို့ ကောင်းပါတယ်။

မစားဖူးတဲ့ သူတွေအတွက် အသစ်အဆန်းလေး ဖြစ်သလို စားဖူးသူတွေကတော့ လျှာလည်နေကြပါလိမ့်မယ် ဒါကြောင့်မို့ အမဲချဉ်ချက်နည်းနဲ့ အမဲချဉ် ထည့်နည်းလေးကို မျှဝေလိုက်ပါတယ်။

အမဲချဉ် ချက်တဲ့အခါ အနှစ်များများရလေအောင် မာမာကတော့ အသားထူပြီး အချဉ်ပေါ့တဲ့ ခရမ်းချဉ်သီးလေးတွေကို သုံးထားပါတယ် အနှစ်များများ သိပ်မကြိုက်ရင်တော့ မထည့်လဲ ရပါတယ်ရှင်။

အမဲချဉ်လုပ်ရန် 
ပါဝင်ပစ္စည်းများ
  1. အမဲသား - 500 g
  2. ချက်ပြီး အအေးခံထားသော ထမင်းအမာ - 400 g (မနက် အမဲချဉ် လုပ်မယ်ဆို ညထဲက ချက်ထားပါ)
  3. ဆားကြမ်း - 100 g (အငံမကြိုက်လျှင် 80 g လောက်ဘဲ ထည့်ပေးပါ)

ပြင်ဆင်ပုံ
  1. အမဲသားကို အတုံးလိုက် ရေဆေးပြီး ရေစစ်ထားပေးပါ
  2. ရေဆေးပြီး ရေစစ်ထားသော အမဲသားကို ရေခြောက်သွားအောင် paper towel နှင့် ဖိဖိပြီး သုတ်ပေးပါ
  3. ရေခြောက်တာနဲ့ စဥ့်နီတုံး သန့်သန့်ပေါ်မှာ ပုံပါအတိုင်း အတုံးလေးတွေ လှီးပေးပါ
  4. ပြီးတာနဲ့ လက်ကို သန့်အောင် ရေဆေးပြီး ရေအခြောက်ခံကာ ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲထည့်ပြီး နယ်ပေးပါ
  5. နယ်ပြီးတာနဲ့ သန့်ရှင်းပြီး ခြောက်နေသော ပလစတစ်အိတ်ထဲကို ထည့်ပေးပါ
  6. ထည့်ပြီးတာနဲ့ ကျစ်နေအောင် ထုတ်ပြီး သရည်ကွင်းနှင့် အထပ်ထပ် စည်းပေးပါ
  7. ကျစ်လစ်နေသော အထုတ်ထုတ်လို့ ပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ကာ အပေါ်ကနေ အလေးတစ်ခုခုနှင့် ဖိပေးထားပါ
  8. အလေးဖိတဲ့ နေရာမှာလဲ တော်တော်လေး လေးသောအရာကို အသုံးပြုပေးပါ 
  9. ပြီးတာနဲ့ ယင်ကောင်မနားစေရန် အုပ်ဆောင်းဖြင့် အုပ်ထားပေးပါ 
  10. ၃ရက်မှ ၄ရက်အတွင်းမှာ အမဲသားများ ချဉ်လာတာနဲ့ အချဉ်ထည့်ထားသော အထုတ်ကို ဖြည်ကာ ဇလုံထဲ သွန်ထည့်ပေးပါ 
  11. ပြီးတာနဲ့ ထမင်းလုံးများ ဖယ်ရန်နှင့် ဆားအရသာ ပေါ့သွားရန် ရေ ၅ထပ်လောက် ဆေးပေးထားပါ
ဟင်းချက်ရန် ပါဝင်ပစ္စည်းများ

  1. အမဲသားချဉ်
  2. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  5. ချင်း - လက်တစ်ဆစ် သာသာသာ
  6. စပါးလင် - တစ်ပင်
  7. ပျဉ်းတော်သိမ်းရွက် - သုံးခက်ခန့်
  8. အရမ်းမချဉ်သော ခရမ်းချဉ်သီး - အနေတော် ငါးလုံး
  9. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ပြင်ဆင်ပုံ
  1. ရေဆေးထားသော အမဲသားချဉ်ကို အရသာမှုန့်နှင့် နယ်ကာ ပြင်ထားပေးပါ
  2. ငရုတ်သီးမှုန့် ချင်း ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် စပါးလင် နုသောအပိုင်းတို့ကို ညက်နေအောင် ထောင်းပေးပါ
  3. ပိုနေသော စပါးလင် အရွက်များကို ထုံးထားပါ
  4. အနှစ်များများ ရစေရန် ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  5. ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး အရွက် ခြွေထားပါ
  6. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  7. ဆီပူတာနဲ့ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ
  8. ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ကျေပြီးအခွံများ လိတ်လာတဲ့အထိ ချက်ပေးပါ
  9. ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ အမဲသားချဉ်ကို ထည့်မွှေပေးပါ
  10. အမဲသားများ မာတင်းလာပြီး အရောင်ပြောင်းလာတာနဲ့ ရေအနည်းငယ်ထည့်ကာ တည်ပေးပါ
  11. ရေပွက်ပွက် ဆူလာပါက အထက်အောက် သမအောင် မွှေပေးပါ
  12. မွှေပြီးတာနဲ့ အဖုံးအုပ်ကာ ပြန်တည်ပေးပါ
  13. ပထမဆုံး ထည့်ထားတဲ့ လုံးရည်ခမ်းလာတာနဲ့ အရသာမြည်းပြီး ပေါ့နေပါက ဆားကိုချင့်ချိန်ပြီးထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ
  14. အချဉ်ထည့်စဉ်က ဆားများများနှင့် နယ်ထားသောကြောင့် အငံကို ချင့်ချိန်ပြီးမှ ထည့်ပေးပါ
  15. ပထမတစ်ရည် ခမ်းအောင်တည်ပေးပြီး အသားနူးမနူး မြည်းပေးပါ
  16. အသားမနူးသေးပါက ရေထပ်ထည့်ပြီး တည်ပေးပါ
  17. ရေဆူလာတာနဲ့ အရသာမြည်ပြီး လိုသလို ပြင်ပေးကာ ဆီပြန်အောင် ဆက်တည်ပေးပါ
  18. ဆီမပြန်ခင် အိုးမကပ်စေအောင် မကြမကြာ မွှေပေးပါ
  19. ရေခမ်းပြီး ဆီပြန်လာပါက ပျဉ်းတော်သိမ်းရွက်အုပ်ကာ မီးပိတ်ပေးပါ
  20. အရသာရှိပြီး မွှေးပျံ့နေတဲ့ အမဲသားချဉ် ဆီပြန်ဟင်းကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။