Tuesday, 24 December 2024

ချဉ်ငံစပ် ဘဲသွေးဟင်း



မာမာဒီနေ့တော့ ဘဲသွေးလေးတွေ ဝယ်လာပြီး ချဉ်ငံစပ်ဟင်းလေး ချက်ပါတယ် ချက်ရတာလဲ လွယ်ကူပြီး စားလို့လဲ အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်ဖို့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဘဲသွေးချဥ်ငံစပ် ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘဲသွေး - အနေတော် နှစ်တုံး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ချင်း - ခပ်ပါးပါး နှစ်ပြား
  6. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ဆီ - ထမင်းစားဇွန်း သုံးဇွန်းသာသာ
ပြင်ဆင်ပုံ

  • ဘဲသွေးတုံးကို ရေဆေးပေးပြီး ရေစစ်ကာ အနေတော် အတုံးလေးတွေ တုံးပေးထားပါ
  •  ရေစစ်သွားတာနဲ့  ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့်ရောကာ ညက်နေအောင် ထောင်းထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ဟင်းချက်ရန်
  • ဟင်းချက်ရန် အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ငရုတ်သီးထောင်းကို ထည့်ကြော်ပေးပါ
  • ငရုတ်သီးကြော် မွှေးလာပါက ခရမ်းချဥ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဥ်သီးများ ကျေလာပါက အရသာ နယ်ထားသော ဘဲသွေးများကို ထည့်ပေးပါ
  • ဘဲသွေးတုံးလေးတွေ မာလာပါက ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ရသာမြည်းပြီး လိုအပ်သော အရသာများကို ထည့်ပေးကာ အရသာ ပြင်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက  ဘဲသွေးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment