ဒီနေ့တော့ ငါးခူလေးတွေ ဝယ်လာပြီး ဒညင်းသီးနဲ့ ငါးငပိချက် ခပ်စပ်စပ်လေး ချက်ပါတယ် ထမင်းစားလို့တော့ မြိန်အုံးမှာ သေချာပါတယ် ငါးကိုင် ငါးဆေး ငါးစင်းကောလေး လုပ်ရတာတော့ အလုပ်နည်းနည်း ရှုပ်ပေမဲ့ စားတဲ့အခါမှာ တစ်ခြားငါးတွေနဲ့ အရသာမတူတဲ့ ဒညင်းသီး ငါးပိချက်ဖြစ်မှာမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ငါးခူ - 500 g (အရိုးထွင်ပြီးသား မည်သည့်ငါးနှင့်မဆို ချက်နိုင်ပါတယ် )
- ငရုတ်သီးစိမ်း - အတောင့် သုံးဆယ်ခန့် (အစပ်မစားလျှင် လျော့ထည့်ပါ)
- ကြက်သွန်နီ - အနေတော် ငါးလုံး (ထောင်းရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာခန့် (ထောင်းရန်)
- ဒညင်းသီး - အလုံကြီးကြီး အလုံးနှစ်ဆယ်ခန့်
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်းခွဲ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ကျိုထားသော ငါးပိရည်ကျို - လက်ဖက်ရည်ပန်းကန်လုံး နှစ်လုံးစာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ငါးကိုခေါင်းဖြုတ် ဗိုက်ခွဲပြီး မလိုတာတွေ ဖယ်ပေးကာ ဆူးတောင်များ ခုတ်ပေးပါ
- ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှ ငါးနှင့် ဆားတို့ကိုထည့်ပြီး ခပ်နာနာ နယ်ပြီး ပွတ်တိုက်ပေးပါ
- အချွဲများ ကုန်တာနဲ့ ရေနှင့် ခွန်နှစ်ထပ်လောက် ဆေးပေးပါ
- ပြီးတာနဲ့ ရေစစ်ပြီး အရိုးအသား သပ်သပ်စီ လွှာပေးကာ အသားများကို ညက်နေအောင် စင်းပေးပါ
- ဒညင်းသီးကို ရေမြုပ်အောင်ထည့်ပြီး နူးပြီးစေးပိုင်လာတဲ့အထိ ပြုပ်ပေးပါ
- ဒညင်းသီး နူးတာနဲ့ အခွံခွာပြီး မထူမပါးလေးတွေ လှီးထားပါ
- ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို အခွံခွာပြီး ရေဆေးထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
- ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ညက်နေအောင် ရောပြီးထောင်းပေးပါ
- ထောင်းရမှာ ပျင်းရင်လဲ ကြိတ်စက်ထဲမှာ ထည့်ကြိတ်ပေးပါ
- ငါးပိရည် ကျိုပြီးသားနှင့် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးသွားအောင် ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ စင်းထားသော ငါးကို ထည့်မွှေပေးကာ ငါးအသားများ မာလာတဲ့အထိ မွှေပေးပါ
- ငါးအသားများ မာလာတာနဲ့ ဒညင်းသီးကိုထည့်ပြီး မွှေပြီးချက်ပေးပါ
- ဒညင်းသီး ထည့်ပြီးတာနဲ့ အရသာမှုန့်နှင့် ငါးပိရည်ကျိုတို့ ထည်ပြီ့်မွှေပေးပါ
- အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
- ပြီးတာနဲ့ ရေကို မိမိစိတ်ကြိုက် အနေတော် ထားချင်ရင်လဲ ထားနိူင်ပြီး ရေခမ်းတာ ကြိုက်ရင်လဲ ရေခမ်းအောင် တည်ပေးပြီး မီးပိတ်ပေးပါ
- ငါးခူစင်းကော ဒညင်းသီး ငါးငပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment