ဒီနေ့တော့ ကျောက်ဖရုံသီး ခပ်ရင့်ရင့် ဝယ်လာပြီး အချိုတည်းဖို့အတွက် ကျောက်ဖရုံယိုလေးတွေ လုပ်ဖြစ်လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။
ကျောက်ဖရုံယို လုပ်ဖို့ဆိုရင်တော့ ရင့်ပြီးအခွံမှာ အပွေးတက်နေတဲ့ ကျောက်ဖရုံသီးကိုဘဲ လုပ်လို့ရတဲ့အတွက် သတိထားပြီး ဝယ်စေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကျောက်ဖရုံသီး - 1600 g (အရမ်းရင့်နေသော အသီးကိုသာသုံးပါ)
- သကြား - 1000 g (အချိုကြိုက်လျှင် သကြားပိုထည့်ပါ)
- ရေ - 800 ml (သကြားကျိုရန်)
- ရေ - 4 lit (ကျောက်ဖရုံသီးပြုပ်ရန်)
- သံပုရာရည် - 90 ml
ပြင်ဆင်ပုံ
- ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ပေးကာ ရေဆေးပေးပါ
- ကျောက်ဖရုံသီးကို တလက်မလောက် အတုံးလေးတွေ တုံးပေးပါ
- ပြီးတာနဲ့ သကြားအရည် စိမ့်ဝင်စေရန် ပုံပါအတိုင်း အတုံးလေးတွေကို ခရင်းနှင့် လိုက်ထိုးပေးပါ
- ဇလုံတစ်လုံးထဲမှာ သံပုရာရည်ထည့်ပြီး ကျောက်ဖရုံသီးများ ထည့်ပေးကာ အထက်အောက် သမအောင် လှန်ပေးပြီး မိနစ်နှစ်ဆယ်လောက် စိမ်ထားပေးပါ
- သံပုရာရည် စိမ်ပြီးတာနဲ့ ကျောက်ဖရုံသီးများကိုဆယ်ပြီး ရေနှင့်ဆေးပေးပါ
- ရေဆေးပြီးတာနဲ့ ဇောက်နက်သော အိုးကျယ်ကျယ်ထဲမှာ ရေထည့်ပြီး ဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ ရေဆူဆူထဲမှာ ကျောက်ဖရုံသီးများကိုထည့်ပြီး နူးတဲ့အထိ ထည့်ပြုပ်ပေးပါ
- ကျောက်ဖရုံသီးများ နူးလာတာနဲ့ ဆယ်ပြီးရေစစ်ထားပါ
- ဒယ်အိုးထဲမှာ သကြားနှင့်ရေကိုထည့်ပြီး သကြားပျော်အောင် ကျိုပေးပါ
- သကြား အရည်ပျော်ပြီး အနည်းငယ် ပျစ်လာတာနဲ့ ပြုပ်ထားတဲ့ ကျောက်ဖရုံသီးကို ထည့်မွှေပေးပါ
- ကျောက်ဖရုံသီးများ နူးအိလာတဲ့အထိ ကျိုပေးပါ
- ကျောက်ဖရုံသီးနှင့် သကြားရည်များ အရမ်းပျစ်လာပါက မီးပိတ်ပေးပါ
- ပြီးတာနဲ့ ပန်းကန်လုံး တစ်ခုထဲ ပြောင်းထည့်ပေးပြီး ၇နာရီမှ ၈နာရီအထိ သကြားရည်များ စိမ့်ဝင်သွားအောင် ဒီအတိုင်း ထားပေးပါ
- သကြားရည် စိမ်ပြီးတာနဲ့ ဗန်းတချပ်ထဲမှာ Aluminium foil ကို ခင်းပေးပါ
- Aluminium foil ပေါ်မှာ သကြားရည် စိမ်ထားသော ကျောက်ဖရုံယိုကို ဇွန်းဖြင့်ခပ်ပြီး တခုချင်း တင်ပေးပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ အခန်းအပူချိန်ထဲမှာဘဲ အခြောက်ခံ ထားပေးပါ
- ရာသီဥတုပူပါက ခပ်မြန်မြန်ခြောက်ပြီး ရာသီဥတု အရမ်းအေးနေပါက ခြောက်ဖို့ရက် အနည်းငယ် ကြာတတ်ပါတယ်
- သကြားများ ခြောက်သွားပြီ ဆိုတာနဲ့ ကျောက်ဖရုံယို ချိုစိမ့်စိမ့်လေးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment