Friday 19 July 2019

စတော်ဘယ်ရီသီး ကျောက်ကျော









စတော်ဘယ်ရီသီးလေးတွေ ဝယ်လာပြီး ဖျော်ရည်လုပ်သောက်လိုက် အသုပ်လေး သုပ်စားလိုက်နဲ့ ရိုးအီလာသလို ဖြစ်လာတော့ ကျောက်ကျောလေး ထိုးဖြစ်သွားပါတယ်။

စတော်ဘယ်ရီသီး အရသာ မပျက်ဘဲ ချဉ်ချဉ်စိမ့်စိမ့်လေး စားချင်တဲ့အတွက် သကြားအချိုကို လျှော့ထားပါတယ် အချိုကြိုက်ရင်တော့ သကြားကို ပိုထည့်ပေးပါ။

အုန်းနို့ကိုလဲ ရယ်ဒီမိတ်ဗူးကို သုံးထားတဲ့အတွက် လွယ်ကူမြန်ဆန်စွာ လုပ်နိူင်ပါတယ် ဒါကြောင့်မို့ မာမာလုပ်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

မာမာကတော့ အချိုပွဲ ၄ယောက်စာအတွက်ဘဲ လုပ်တာမို့ ကျောက်ကျောမှုန့် အထုတ်ရဲ့ တစ်ဝက်နဲ့ဘဲ လုပ်ထားပါတယ် စားမဲ့သူ များရင်တော့ တစ်ထုတ်လုံးအတွက် အခုပေးထားတဲ့ အချိုးအစားထက် ပါ၀င်ပစ္စည်းများကို တစ်ဆပိုထည့်ပြီး လုပ်နိူင်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကျောက်ကျောမှုန့်  -၂၅ ဂရမ်အထုတ် ( ရွှေဖလားတံဆိပ်အထုပ် တစ်ဝက်ကို သုံးပါ)
  2. စတော်ဘယ်ရီသီး - ၁၅လုံး (လတ်လတ်ဆတ်ဆတ် အသီးကို သုံးပါ)
  3. သကြား - မုန့်လုပ်ရာတွင် ချင်သောခွက် တစ်ဝက်
  4. အုန်းနို့ -၂၀၀ မီလီလီတာ 
  5. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ 
  6. ရေ - မုန့်လုပ်ရာတွင် ချင်သောခွက် တစ်ခွက် (ကျောက်ကျောကျိုရန်)
  7. ရေ - မုန့်လုပ်ရာတွင် ချင်သောခွက် တစ်ခွက် ( ကျောက်ကျောမှုန့် ဖော်ရန်အတွက်)
  8. ကျောက်ကျောကျိုပြီးထည့်ရန် အပူခံမည့်ဗူး (သို့) ဗန်း - တစ်ခု
  9. ဇောက်နက်သော အနေတော်အိုး - တစ်လုံး
ပြင်ဆင်ပုံ
  • စတော်ဘယ်ရီသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းပေးပါ
  • ရေတစ်ခွက်နှင့် ကျောက်ကျောမှုန့် တစ်ဝက်ကို ပျော်သွားအောင် ဖျော်ထားပါ
  • ကျိုပြီးသား ကျောက်ကျောရည်ထည့်ရန် ပလပ်စတစ်ဗူး (သို့မဟုတ်) ဗန်းကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော အနေတော် အိုးထဲတွင် ရေ သကြား အုန်းနို့နှင့် ဆားတို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
  • ရေပွက်ပွက်ဆူလာပါက အုန်းနို့ပါတဲ့အတွက် ဝေကျတတ်ပါတယ် 
  • မီးကို အလယ်လောက်အထိ လျှော့ပေးပြီးမှ အရည်ဖျော်ထားသော ကျောက်ကျောမှုန့်ကို ထည့်မွှေပေးပါ
  • မွှေနေစဉ်မှာ အရည်များ ပျစ်လာပါက အဆင်သင့် ပြင်ထားသော ဗူးထဲသို့ ကျောက်ကျောရည် တစ်ဝက်ကို လောင်းထည့်ပါ
  • ပြီးတာနဲ့ လှီးထားသော စတော်ဘယ်ရီသီးကို မိမိနှစ်သက်သလို စီပြီးထည့်ပေးပါ
  • စတော်ဘယ်ရီသီး ထည့်ပေးပြီးတာနဲ့ ကျန်နေသော ကျောက်ကျောရည်ကို လောင်းချပေးပါ
  • အအေးခံပြီးတာနဲ့ မိမိနှစ်သက်သလို လှီးပေးပြီး အချိုပွဲအဖြစ် စတော်ဘယ်ရီသီး အုန်းနို့့ကျောက်ကျော ချဉ်ချဉ်စိမ့်စိမ့်လေးကို စားသုံးဖို့ ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment