ဆိုင်မှာသွားစားရင် မတန်လွန်းလို့ ဒီတခါတော့ အိမ်မှာဘဲ အပင်ပန်းခံကာ ဖက်ထုတ်ပေါင်းလေး လုပ်စားဖြစ်ပါတယ် လက်ဝင်ပေမဲ့ စားလို့ကောင်းတဲ့အတွက် ဖက်ထုတ်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 350 g
- Wonton skin - အရွက်၃၀ခန့် ready made အရွက်ကို သုံးထားပါတယ်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- Mushroom soy sauce - ထမင်းစားဇွန်း တစ်ဇွန်း
- Corn flour - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင် (40 mlခန့်)
- နှမ်းဆီ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ၂ဇွန်းခန့်
ပြင်ဆင်ပုံ
- ကြက်ရင်ပုံသားကို အသားကြိတ်စက်ဖြင့် ကြိတ်ထားပါ
- ကြိတ်စက်မသုံးပါက ဓါးနှင့် ခပ်နုတ်နုတ် ညက်နေအောင် စဉ်းပေးပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး လက်တဆစ်စာ အနေလောက် လှီးပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ဇလုံတလုံးထဲမှာ ညက်နေအောင် ကြိတ်ထားသော ကြက်သား ကြက်သွန်မိတ် ဆီ ငရုတ်ကောင်းမှုန့် Mushroom soy sauce ဆား အချိုမှုန့် နှမ်းဆီ cornflour တို့ထည့်ပြီး အရသာမျှအောင် ဇွန်းနှင့်မွှေပေးပါ
ဖက်ထုတ်ထုတ်ရန် ပြင်ဆင်ပုံ
- Wonton skin ကို တရွက်ယူပြီး အစာကို အလယ်တည့်တည့်မှာ လက်ဖက်ရည်ဇွန်း တဇွန်းစာလောက် ပုံပေးပါ
- Ready made ခဲထားသော အရွက်ကို သုံးပါက အစာမထည့်ခင် နာရီဝက်လောက် ကြိုထုတ်ထားပေးပါ
- ရေခဲပျော်မှ တရွက်ခြင်း လွှာယူရ လွယ်ကူစေပါတယ်
- လက်ညိုးနှင့် လက်မကို အဝိုင်းလေး လုပ်ပြီး Wonton skin တရွက်ကိုယူကာ တင်ပေးပါ
- ထိအရွက်ထဲကို အစာထမင်းစားဇွန်း တဇွန်းစာ ထည့်ပေးပြီး လက်မနှင့် လက်ညိုးကို ညှစ်ပေးကာ အစာများ အပြင်ကို မထွက်အောင် အသာလေး ဖိပေးပါ
- ထိုနည်းအတိုင်း အစာကို ကုန်အောင် ထုတ်ပေးပါ
- ထုတ်ပြီးသော ဖက်ထုတ်များကို တခုနှင့် တခုမကပ်စေရန် ခပ်ဝေးဝေးထားပါ
- ချက်ချင်း ပေါင်းမစားသေးပါက နာရီဝက်လောက် လေသလပ်ခံပြီးမှ အိတ်တလုံးထဲ ထည့်ကာထားပြီး သိမ်းပေးပါ
- ထုတ်ပြီးသွားသော ဖက်ထုတ်များကို စားနိုင်သလောက် ပေါင်းပြီး ပိုသောဖက်ထုတ်များကို ရေခဲသေတ္တာ အပေါ်ထပ်မှာ သိမ်းထားပြီး လိုမှထုတ်၍ မိမိနှစ်သက်သလို ကြော်စား ပေါင်းစား နိုင်ပါတယ်။
ပေါင်းရန် ပြင်ဆင်ပုံ
- မိမိစားနိုင်သလောက် ဖက်ထုတ်များကို ပေါင်းရန်အတွက် ပေါင်းအိုးဇကာထဲ ထည့်ပေးပါ
- ပေါင်းအိုး အောက်ခံ အိုးထဲကို ရေတဝက်လောက်ထည့်ပြီး ပူအောင်တည်ပေးပါ
- ရေနွေးအိုး အိုးပူလာတာနဲ့ဖက်ထုတ်ထည့်ထားသော ပေါင်းဇကာကို အဖုံးအုပ်ပြီး တင်ပေးပါ
- ရေနွေးအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့လိုက်ပါ
- မီးအားအရမ်းပြင်းလျှင် ပေါင်းအိုးအောက်ခံ အိုးထဲမှ ရေများ ခနလေး ခမ်းသွားတတ်ပါတယ်
- ဖက်ထုတ်ပေါင်းချိန် ၂၅မိနစ်လောက် ပေါင်းပေးပြီးရင် ရပါပြီ
- အရသာရှိလွန်းသော ကြက်သား ဖက်ထုတ်ပေါင်းကို နှစ်သက်ရာ အချဉ်ဖြင့် စားသုံးနိုင်ပါပြီ။