Tuesday 2 June 2015

သင်္ဘောသီးထောင်း


နေ့လည်နေ့ခင်း အစာပြေ အပျင်းပြေလေး ထောင်းစားဖြစ်တဲ့ သင်္ဘောသီးထောင်းလေးပါ ကရင်ပြည်နယ်မှာ နေစဉ်အခါတုံးကတော့ ယိုးဒယားသင်္ဘောသီးထောင်းက တစ်မုန်းစားရတဲ့ အစာတစ်ခုဆိုရင်လဲ မမှားပါဘူး။

နေ့လည်နေ့ခင်း အိမ်မှာပျင်းပြီး အိမ်မှာထောင်းမစားချင်ရင် ဆေးရုံကုန်းကနေ ဆင်းသွားလိုက်ရင် တောင်အောက်မှာ ချက်ချင်းထောင်းပြီး ရောင်းတဲ့ ဆိုင်တွေရှိပါတယ် အခုတော့ ကိုယ်တိုင်ထောင်းတတ်မှ စားရလို့ ကိုယ်တိုင်ဘဲ ထောင်းလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သင်္ဘောသီးစိမ်း - အနေတော် တစ်လုံး
  2. ပုဇွန်ခြောက် - အကောင် ၂၀ခန့်
  3. မြေပဲလှော် - အစေ့၂၀ခန့်
  4. ငရုတ်သီးစိမ်း - ၇တောင့်ခန့် (အစပ်ကြိုက်လျှင် ပိုထည့်ပါ)
  5. ထန်းလျှက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ခဲ
  6. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၄မွှာ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ပဲတောင့်ရှည် - ၃တောင့် (မရှိလို့မထည့်ထားပါ)
  9. ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  10. သံပုရာသီး - တစ်ခြမ်း

ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ
  • ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ၈ စိတ်စိတ်ထားပါ
  • ပုဇွန်ခြောက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • မြေပဲလှော်ကို အခွံခြွတ်ပြီး မညက်တစ်ညက်ထောင်းပြီး ဖယ်ထားပါ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တစ်ညက် ထည့်ထောင်းပါ
  • ငရုတ်သီးစိမ်းကို မညက်တစ်ညက် ရောထောင်းပါ
  • ကြက်သွန်ဖြူကို မညက်တစ်ညက် ရောထောင်းပါ
  • ထန်းလျှက်ခဲကို ညက်နေအောင် ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ
  • မိမိထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၁၀ချက် ၁၅ချက်လောက် ထောင်းရင်ရပြီး သစ်သားကျည်ပွေ့ဆိုပါက အချက် ၂၀ လောက်ထောင်းပေးမှ အရသာ ၀င်ပါတယ်
  • ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ
  • သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ
  • ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ
  • စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်
  • စပ်စပ်မွှေးမွှေး ယိုးဒယား သင်္ဘောသီးထောင်းလေး ရပါပြီ။




No comments:

Post a Comment