Friday 26 June 2015

အစုံသုပ်









အသားဟင်းတွေ စားရတာ ငြီးငွေ့လာတဲ့ အခါမျိုးမှာ အခုလို အစုံသုပ်လေးကို ချဉ်ချဉ်ငံငံစပ်စပ်လေး သုပ်စားရတာလဲ အပြောင်းအလဲလေး တစ်ခုမို့လို့  မြန်မာ့လျှာ မြန်မာ့ခံတွင်း အတွက်တော့ နတ်သုဒ္ဒါ တစ်မျှပါဘဲ မာမာကတော့ အဲဒီလို အသုပ်မျိုးဆိုရင် ထမင်းလွတ် စားလေ့ရှိပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကျောက်ပွင့် - လက်တစ်ဆုတ်စာ
  2. ဂေါ်ဖီ - အနေတော် တစ်စိတ်
  3. သင်္ဘောသီးအစိမ်း - အနေတော် တစ်ခြမ်း
  4. ကြက်သွန်နီ - ဥကြီးကြီး တစ်လုံး
  5. အာလူး - ခပ်ကြီးကြီး နှစ်လုံး
  6. ဆန်ကြာဇံ - 150 g
  7. ခေါက်ဆွဲ - 150 g
  8. ကြက်သွန်ဖြူ  - နှစ်သက်သလောက်
  9. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  10. သံပုရာသီး - နှစ်သက်သလောက်
  11. ပဲငံပြာရည် အနောက်ရည် - ထမင်းစားဇွန်း နှစ်ဇွန်း

ဆီချက် ချက်ရန်
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့် ထည့်ပေးကာ အပူပေးပါ
  • င်္ဆပူလာတာနဲ့ လှီးထားသော ကြက်သွန်ကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံပေးပါ
  • ဆီချက်ကိုလဲ အအေးခံပေးကာ နှစ်မျိုးလုံး အေးသွားတော့မှ ပြန်ပြီး ရောပေးထားပါ
ပြင်ဆင်ရန်
  • ခေါက်ဆွဲကို ရေနွေးဆူဆူမှာ မပျော့လွန်း မမာလွန်း အနေတော် ရအောင်ပြုပ်ပြီး ရေနွေးသွန်ကာ ရေအေးနှင့် ၄ထပ်လောက်ဆေးပြီး ရေစစ်ကာ ပဲငံပြာရည် အနောက်နှင့် နယ်ထားပေးပါ 
  • ဆန်ကြာဇံကို မပြုပ်မီ ရေတနာရီလောက် ကြိုပြီးစိမ်ကာ ရေနွေးဆူဆူထဲ နနွှင်းမှုန့်အနည်းငယ် ထည့်ပြီး တစ်မိနစ်လောက်ပြုပ်ကာ ရေနွေးသွန်ပြီး ရေအေးသုံးထပ်လောက်နဲ့ဆေးကာ ရေစစ်ထားပါ
  • အာလူးကို နူးအောင်ပြုပ်ပြီး အအေးခံကာ အခွံခွာပြီး မထူမပါး လှီးပေးထားပါ
  • သင်္ဘောသီး အစိမ်းကို အခွံခွာကာ ရေစင်အောင်ဆေးပြီး သင်္ဘောခြစ်နှင့်ခြစ်ကာ ခြစ်ပြီးသားများကို ရေ၁၀မိနစ်လောက် စိမ်ထားပြီး ရေစစ်ထားပါ
  • ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလှီးပြီး နောက်ထပ် ရေဆေးကာ ရေစစ်ထားပါ
  • ကျောက်ပွင့်ကို ရေ တစ်နာရီလောက် စိမ်ပြီး ပွလာပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
  • ဆီချက်
  • ငံပြာရည်
  • ပုဇွန်ခြောက်မှုန့်
  • ပဲအကျက်မှုန့်
  • ငရုတ်သီး အလှော်မှုန့်
  • ကြက်သားမှုန့်
  • သံပုရာသီး (မကျီးမှည့်အနှစ်အစား သံပုရာရည်ကို သုံးထားပါတယ် )
ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင်တည်ပြီး အရသာမြည်းကာ မီးနွေးနွေးနဲ့ တည်ထားပါ
တစ်ပွဲစာပြင်ရန်
  • ဇလုံတစ်လုံးထဲမှာ ခေါက်ဆွဲ ကြာဇံ ဂေါ်ဖီ အာလူး ကြက်သွန်နီ ကျောက်ပွင့် သင်္ဘောသီးတို့ကို ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ သံပုရည် ထမင်းစားဇွန်း တစ်ဝက်သာသာတို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ  ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ

2 comments:

  1. အစ်မလက်ရာ အသုပ်စုံလေးကို သွားရေ တောက်တောက် ကျသွားပါတယ်နော် .... ^___^

    ReplyDelete
  2. တကယ်နီးရင် လာပို့ချင်ပါတယ် ညီမလေးရေ

    ReplyDelete