Tuesday 9 June 2015

ပဲစိမ်းကြော် ကြွတ်ကြွတ် ရွရွလေး








မနေ့က ရခိုင်မုန့်တီ လုပ်သောက်တော့ ကြော်ဖြစ်တဲ့ အကြော်လေးပါ အရင်တုန်းက ကုလားပဲခြမ်း အ၀ါလေးတွေနဲ့ ကြော်ပါတယ် မနေ့ကတော့ အိမ်မှာရှိနေတဲ့ ပဲခြမ်းအစိမ်းလေးတွေနဲ့ ကြော်ဖြစ်ပါတယ် ပဲအရသာကတော့ အတူတူပါဘဲ ပဲတို့ထုံးစံ စိမ့်စိမ့်လေးပေါ့နော်။

ခပ်ရွရွ ပဲစိမ်းကြော်လေး ရဖို့ကို  ပဲခြမ်းကို တညလုံးရေစိမ်ထားပြီး ကြော်ရပါတယ် ကြော်ပြီးတဲ့အခါ ရွပြီးမွနေတာမို့ အကြော်ဆယ်ချိန်မှာ တော်တော်လေး ချော့ပြီးဆယ်ရပါတယ် အိမ်က သမီးကတော့ သဘောတွေ အကျကြီးကျပြီး တချပ်ပြီးတချပ် စားလေသတည်းပေါ့ရှင်။

ပါဝင်ပစ္စည်းများ (အချပ်ကြီး ၆ချပ်စာ)

  1. ပဲခြမ်းအစိမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးအပြည့်နှင့် နောက်ထပ်လက်တစ်လုံးစာ
  4. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး

ပြင်ဆင်ပုံ
  • ပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ပေးကာ အပေါက်ပါသော ဇကာနှင့်ဖုံးကာ ညထဲက ရေစိမ်ထားပါ
  • မနက်ရောက်လျှင် ရေစိမ်ပြီး ပွနေသော ပဲများကို ရေ၂ထပ်လောက် ဆေးပေးပြီး ရေစစ်ပေးပါ
  • တန်ပူရာမှုန့်ကို ရေနှင့်ပျော်အောင်ဖျော်ပြီး ရေစစ်ထားသောပဲနှင့် ရောမွှေပါ
  • အောက်ခြေမကပ်သော ဒယ်အိုး ပဲကြော်တချပ်စာ အနေတော်အိုးကို အပူပေးပါ
  • အိုးပူလာလျှင် ဆီထည့်ပြီး ဆီကို အပူဆက်ပေးပါ
  • ဆီပူလာပါက တန်ပူရာမှုန့် အနှစ်စပ်ထားသော ပဲရည်ဖျော်ကို ဟင်းချိုခပ် ယောက်ချိုဇွန်းနှင့် သမအောင်မွှေပြီး ဇွန်းတ၀က်သာသာ ခပ်ပြီး ဆီအိုးထဲကို ထည့်ပေးပါ
  • ဆီအိုးထဲ ထည့်ရာမှာ ဇွန်းကိုစောင်းပြီး အိုးဘေးအနားဘက်မှ စပြီး အ၀ိုင်းပုံသဏ္ဌန် လှည့်ပြီး အလယ်ကိုရောက်တဲ့အထိ ဖြန့်ပြီးထည့်ပေးပါ
  • ပဲစေ့များပြန့်နေမှ အကျက်ညီမှာ ဖြစ်တဲ့အတွက် ပဲစေ့များ ပုံနေပါက အကျက်မညီဘဲ ဖြစ်သွားတတ်ပါတယ်
  • ပဲအနှစ်များ ထည့်ပြီးပါက လှန်ပေးစရာမလိုဘဲ သူ့ဘာသာသူ ကြွတ်ပြီးရွလာမှ အသာလေး ဆယ်ပြီး ဆီစစ်ဇကာပေါ်မှာ တင်ပြီး ဆီစစ်ပေးပါ
  • နောက်ထပ် ကျန်သောအချပ်များကို မကြော်ခင် ဆီကို နည်းနည်း အအေးခံပြီးမှ မီးဖိုပေါ် ပြန်တင်ပြီး ပထမအချပ်အတိုင်း ဆက်ကြော်ပေးပါ
  • အားလုံကြော်ပြီး ဆီစစ်သွားပါက နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment