ချက်ရတာ လွယ်သလောက် စားကောင်းပြီး ထမင်းမိန် ဟင်းပွဲလေးပါ ဒီနေ့ချက်တဲ့ ကြက်ဥချဉ်ရည်ဟင်းလေးထဲမှာ ငါးခြောက်လေးပါ ထဲ့ချက်ထားတာမို့ အရသာကတော့ တမျိုးပိုသွားပါတယ် ကြက်ဥနဲ့ဘဲဥ ချက်နည်းက အတူတူဘဲမို့ နံမည်၂မျိုး ရေးပေးထားပါတယ်။
ဒီနေ့ချက်တဲ့ ချဉ်ရည်ဟင်းလေးအတွက်
- ပြုပ်ပြီးအခွံခွာကာ အရှည်လိုက် မွှန်းထားသော ကြက်ဥ သို့မဟုတ် ဘဲဥ - ၅လုံး
- အခွံခွာပြီး ထက်ခြမ်းခြမ်းထားသော အာလူး - အနေတော် ၃လုံး
- အနေတော်လှီးပြီး ရေစိမ်ထားသော ငါးခြောက် - ၅ပိုင်း
- ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - ၃မွှာ
- ညက်နေအောင် ထောင်းထားသော ချင်း - လက်တစ်ဆစ်ခန့်
- ဆီ - ထမင်းစားဇွန်း ၃ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- ဟင်းချိုမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်သီး အရောင်တင်မှုန့်. -လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- မကျီးနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဟင်းချက်ရန်
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ
- ဆီပူလာပါက နနွင်းမှုန့်ထဲ့ပြီး ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့်တို့ကိုထဲ့ပါ
- ဆီသတ်နံ့သင်းလာတဲ့ထိ မွှေပေးပြီး ငါးခြောက်ကို ဆီသတ်ပေးပါ
- ပြီးတာနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥနှင့်အာလူးကို ထဲ့ပြီးတာနဲ့ငံပြာရည်ထဲ့ပြီး မွှေပေးပါ
- ဆီကြွတ်ကြွတ် မြည်လာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အရသာမှုန့်ထဲ့ကာ တည်ပေးပါ
- အာလူးနူးပါက မကျီးနှစ်ထဲ့ပြီး သုံးမိနစ်လောက်ဆူစေကာ မဆလာအုပ် အရသာမြည်းပြီး မီးပိတ်ပေးပါ
- ဟင်းရည်ကို ကိုယ်လိုသလောက်ထားပြီး ချက်နိုင်ပါတယ်။
ဒီဟင်းလေးလဲ တအားစားချင်လိုက်တာ အစ်မရေ .... ^__^
ReplyDelete