Sunday 23 June 2024

ကြက်သားကြော်





ဒီနေ့တော့ ထမင်းပူပူလေးဘဲစားစား ဒီအတိုင်းဘဲစားစား အရမ်းကိုမှ စားလို့ကောင်းလွန်းတဲ့ ကြက်ကြော်မွှေးမွှေး မွမွလေးကို ကြော်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ အရသာလေးလဲ ဆန်းရလေအောင် အကြော်မှုန့် မုန့်နှစ်လေးနဲ့လူးပြီး ကြွတ်ကြွတ်လေး ကြော်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ ကြက်ကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကြက်လက်ဖျံသား - ရှစ်ခု
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  6. ချင်း - ခပ်ပါးပါး လေးပြား
  7. အကြော်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ
  8. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး 
  9. ဆီ - လိုသလောက် 

ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အိုးထဲထည့်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဒါးပြားရိုက်ထားပါ
  • ကြာက်သားကို နနွင်းမှုန့် ဆား အရသာမှုန့်တို့နဲ့ အရသာ၀င်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ 
  • ရေမခမ်းခင် နောက်ထပ်ရေအနည်းငယ် ထပ်ထည့်ပြီး ရေခမ်းတဲ့အထိ တည်ပေးပါ
  • ရေခမ်းသွားပါက မီးပိတ်ပြီး အအေးခံထားပါ
ကြက်ကြော်ကြော်ပုံ
  • ဇလုံတစ်လုံးထဲမှာ အကြော်မှုန့် ထည့်ပေးကာ ရေကို နဲနဲချင်း ထည့်ပြီးမွှေပေးပါ
  • မုန့်နှစ်ခပ်ပျစ်ပျစ်လေး ရလာရင် ကြော်ဖို့အဆင်သင့် ဖြစ်ပါပြီ
  • မုန့်နှစ်ထဲမှာ ပြုပ်ထားသော ကြက်သားတုံးလေးတွေကိုနှစ်ပြီး လူးပေးပါ
  • အောက်ချေ မကပ်သော ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုခပ်များများထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးကိုအနေတော်မှာ ထားပေးပြီး ကြက်သားကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြက်သားတုံးလေးတွေ တစ်ဖက်ရွှေဝါရောင် သန်းလာရင် နောက်တစ်ဖက် လှန်ပေးပြီး နောက်တစ်ဖက် ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို စားသုံရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment