Monday 8 March 2021

ပုဇွန်ပေါင်း မွှေးမွှေးလေး


 




ဒီနေ့တော့ မနက်စောစော အိပ်ယာကထ ကိုယ်လက်သန့်စင်တာပြီးတာနဲ့ ဘုရားသောက်တော်ရေ အရင်ဆုံး ကပ်ရင်း ကိုယ်တွေမြန်မာပြည်ကြီး အေးချမ်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စိတ်လက်ရွှင်လန်းခြင်း မရှိပေမဲ့ တစ်နေ့တာ လုပ်ဆောင်ရမဲ့ အလုပ်လေးတွေ တန်းစီပြီး ပေါ်လာလေတော့ အလုပ်အကြွေးတွေ မထားချင်တာနဲ့ ဇယ်ဆက်သလို လုပ်ဖို့ရာအတွက် ပြင်ရဆင်ရပြန်ပါတယ်။

အချိန်ကျလာတော့ ဗိုက်ကဆာလာတာတာတော့ ဟင်းတွေလဲ ထွေလီကာလီ ချက်မနေချင်တာနဲ့ ပုဇွန်ထုတ်လေးတွေကိုဘဲ ပေါင်းဖြစ်သွားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ပုဇွန်ပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ၇ကောင်
  2. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ကြက်သွန်မိတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ငရုတ်သီးစိမ်း - ထမင်းစားဇွန်း တစ်ဝက် 
  6. ချင်း - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. cooking wine - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်ထုတ်များကို ရေစင်အောင်ဆေးပြီး မလိုတာတွေ ဖယ်ပေးပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ သေးသေး အမြှောင်း ရှည်ရှည်လေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ပုဇွန်ထုတ်များကို ပန်းကန်ပြားထဲမှာ စီပြီးထည့်ပေးပါ
  • ပုဇွန်ထုတ်အပေါ်မှ ဆား ငရုတ်ကောင်းမှုန့် ချင်း ငရုတ်သီးစိမ်း cooking wine နှမ်းဆီမွှေးနှင့် ကြက်သွန်မိတ်တို့ကို ဖြန့်ပြီးထည့်ပေးပါ
  • ပုဇွန်ပေါင်းမည့် အောက်ခံအိုးထဲမှာ ရေ လက်နှစ်လုံးလောက် အနက်ရအောင်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ထိုရေထဲမှာ ပေါင်းခံဇကာ တင်မည့် ခုံလေးကို ထည့်ပေးပါ
  • ပေါင်းခံခုံပေါ်မှာ ပုဇွန်ထည့်ထားသော ပန်းကန်ပြားကိုတင်ပြီး အဖုံးအုပ်ပေးကာ ငါးမိနစ် ပေါင်းပေးပါ
  • ​ငါးမိနစ်ပြည့်တာနဲ့ မီးပိတ်ပြီး ပုဇွန်ပေါင်း ပန်းကန်ကို အပြင်ထုတ်ပေးကာ ပူပူလူလူလေး သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment