ဒီနေ့ချက်ဖြစ်တဲ့ပုဇွန်အစပ်ဟင်းလေးပါ သားအမိ၃ယောက် အကြိုက်တူတဲ့ ဟင်းအမယ်လေးမို့ မကြာမကြာလဲ ချက်စားဖြစ်ကြပါတယ် ပုဇွန်ထုတ်ကို ခေါင်းပါထဲ့ချက်တဲ့အတွက် ပုဇွန်ဆီကြောင့် အရောင်လဲလှသလို အကောင်ကြီးတဲ့အတွက် အချိုလဲ ပိုပြီးလေးပင်ပါတယ်။
ရှူးရှူးရှဲရှဲနဲ့စပ်လှပေမဲ့ အစပ်ကြိုက်တဲ့ သူတွေအတွက်တော့ ပျားသကာကို စားရသလိုဘဲပေါ့နော် မာမာ့အမေရှိစဉ်က ခနခနချက်တဲ့ဟင်းမို့ ဒီလိုဟင်းမျိုး ချက်တိုင်းအမေ့ကို ပိုပြီးသတိရစေတာတော့ အမှန်ပါ။
လိုအပ်တာလေးပြောပါမယ်
- ပုဇွန်ထုတ် - အကောင်ကြီးကြီး ၁၀ကောင်
- ငရုတ်သီးစိမ်း - အတောင့် ၄၀နီးပါး
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ဆီ - ထမင်းစားဇွန်း ၃ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်
- ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ဟင်းချက်ရန်ပြင်ပါမယ်
- ပုဇွန်ထုတ်ကို ရေဆေးပြီး အခွံများလွာလိုက်ပါ
- ပုဇွန်ခေါင်းကို အသာအရခွာပြီး ခေါင်းထဲမှ အစာအိတ်နှင့်သွားတို့ကို ဖယ်ပေးပါ
- ပုဇွန်ကြောကိုခွဲကာ အမဲကြောင်း ထုတ်ပေးပါ
- ပုဇွန်ထုတ်ကို အနေတော် အတုံးလေးများ တုံးပေးထားပါ
- ကြက်သွနီကို အခွံခွာပြီးရေဆေးကာ ပါးပါးလှီးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ပါးပါးလှီးထားပါ
- အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲဆီထဲ့ကာ ဆီကိုအပူပေးပါ
- ဆီပူလာတာနဲ့နနွင်းမှုန့်ထဲ့ပြီး ကြက်သွန်နီကို ကြော်ပေးပါ
- ကြက်သွန်နီနွမ်းတာနဲ့ ပုဇွန် ဆား ငံပြာရည် အရသာမှုန့်ထဲ့ပြီး ကြော်ပေးပါ
- ပုဇွန်ကို ၃မိနစ်လောက်ဘဲ ကြော်ပေးပြီး ငရုတ်သီးစိမ်းကို ထဲ့မွှေပါ
- တမိနစ်လောက်မွှေပေးပြီးတာနဲ့ ရေကိုပုဇွန်မြုပ်အောင်ထဲ့ပြီး တည်ပေးပါ
- ရေပွက်ပွက်ဆူပါကာ ဆီကျန်ရေကျန် အနေတော်ရချိန်မှာ အရသာမြည်းပြီး မီးပိတ်ပေးကာ ထမင်းပူပူလေးနဲ့ စားသုံးနိုင်ပါပြီ။
လိုအပ်သော ပစ္စည်းများ
ဟင်းချက်ရန် အဆင်သင့်ပြင်ထားပေးပါ
ပုဇွန်ထုပ် ငရုပ်သီးစိမ်း ဆီကျန်ရေကျန်ချက်နည်းလေး မှတ်သွားတယ် မာမာရေ။
ReplyDelete