Sunday, 19 October 2025

အမဲအကြောဟင်း

 


မာမာ ဒီနေ့တော့ အမဲသား အကြောလေးတွေ ဝယ်လာဖြစ်တဲ့အတွက် ခရမ်းချဉ်သီး ခပ်များများထည့်ကာ ငရုတ်သီး အကြမ်းဖတ်နဲ့ ခပ်စပ်စပ် ဆီလည်ရေလည်လေး ချက်ဖြစ်ပါတယ်။

အမဲအကြော တို့ရဲ့ သဘာဝက မာကြောတတ်တဲ့အတွက် ချက်ရတာ နည်းနည်းတော့ ကြာတတ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ အမဲအကြောဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲအကြော - 500 g
  2. ခရမ်းချဉ်သီး - အနေတော် ငါးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်သီး အကြမ်းဖတ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  12. ဗနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
  13. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲ အကြောများကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော အမဲအကြောများကို ဗနီကာနှင့်နယ်ကာ ငါးမိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပေးလိုက်ပါ
  • ရေဆေးပြီးသော အမဲအကြော ဆား ကြက်သားမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
ချက်ပြုပ်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခးမ်းချဉ်သီးများ ကျေလာတာနဲ့  အရသာ နယ်ထားသော အမဲ အကြောများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  • အမဲ အကြောများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ရေဆူအောင် ထပ်တည်ပေးပါ
  • အမဲ အကြောများ နူးတဲ့အထိ ရေထပ်ထပ်ထည့်ပြီး တည်ပေးပါ
  • ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ မဆလာ အုပ်ပေးပြီး အမဲ အကြောဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Sunday, 12 October 2025

ကြာဇံချက်



မာမာတို့ဆီမှာ ရာသီဥတုက အရမ်းပူနေတဲ့အတွက် ပူပူစပ်စပ်လေးတွေ စားရင် အဆင်မပြေမှန်း သိနေပေမဲ့ ကြာဇံချက်ဘဲ သောက်ချင်စိတ်က ပေါ်လာပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြာဇံချက်လေး ချက်ဖြစ်ပါတယ်။

ကြာဇံချက် ချက်နည်းလေး မကြာမကြာ တင်ဖြစ်တဲ့အတွက် ကြာဇံချက်ထဲ ထည့်ရမဲ့ ပါဝင်ပစ္စည်းတွေက အရင်ချက်နေကျအတိုင်း ပါဝင်ပစ္စည်းတွေက အတူတူပါဘဲ။

ဒါကြောင့်မို့လို့ ဒီနေ့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြာဇံချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - နှစ်ဆယ်သား
  2. ဆား -လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားပြုပ်ရန်)
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်သားပြုပ်ရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ကြက်သားပြုပ်ရန်)
  5. ကြက်ရိုး - သုံးဆယ်သားခန့်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်ရိုးပြုပ်ရန်)
  7. ပဲကြာဇံ အခြောက် – 200 g
  8. ကြက်သွန်နီ - ခပ်သေးသေး ၅လုံး (ဟင်းရည်ထဲထည့်ရန်)
  9. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး (အချဉ်တည်ရန်)
  10. ကြက်သွန်နီ အနေတော် တစ်လုံး (ကြက်သားဆီသတ်ရန်)
  11. ကြက်သွန်ဖြူ - သုံးမွှာ (ကြက်သားဆီသတ်ရန်)
  12. ငရုတ်သီးစိမ်း - စားနိူင်သလောက် (အချဉ်တည်ရန်)
  13. သံပုရာသီး - သုံးလုံးခန့် (အချဉ်တည်ရန်)
  14. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အချဉ်တည်ရန်)
  15. ဂေါ်ဖီ - တစ်စိတ်ခန့် (အချဉ်တည်ရန်)
  16. နံနံပင် - စားနိူင်သလောက်
  17. မှိုခြောက် – 30 gခန့်
  18. ပဲလိပ်ခြောက် – 30 g
  19. ပန်းခြောက် – 30 gခန့်
  20. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်၀က် (ဆီသတ်ရန်)
  21. ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်)
  22. ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  23. ငါးငံပြာရည် – ထမင်းစားဇွန်း ၄ဇွန်း
  24. အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  25. ဆီ – ထမင်းစားဇွန်း ၄ဇွန်း
  26. ကြက်သွန်ဖြူ  - လေးမွှာ (ဟင်းရည်အနံ့ အရသာအတွက် သုံးရန်)
  27. ငရုတ်ကောင်း - ၁၀စေ့ခန့် (ဟင်းရည်အနံ့ အရသာအတွက် သုံးရန်)

အချဉ်နှင့် တွဲဖက်စားရန်အတွက် ပြင်ဆင်ရန် 
ပါ၀င်ပစ္စည်းများ
  1. ကြက်သွန်နီကို အခွံခွာ၍ အလုံးလိုက် ရေဆေးပြီး ပါးပါးလှီးကာ ရေဆေးတစ်ထပ် ဆေးထားပါ
  2. ငရုတ်သီးစိမ်းကို ရေဆေးပြီး ပါးပါးလှီးထားပါ
  3. ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားကာ အားလုံးကို ဆားနှင့် သံပုရာသီး တခြမ်းညှစ်၍ နယ်ထားပါ
  4. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  5. သံပုရာသီးကို အစိတ်လေးတွေ စိတ်ထားပါ
  6. ငရုတ်သီးအလှော်မှုန့်ကို  ပြင်ထားပါ
  7. ငါးငံပြာရည်ကို ပြင်ထားပါ

 ကြက်သားဆီသတ်ရန် ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ငါးငံပြာရည် ဆားနှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော အနေတော်အိုးထဲမှာ ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ မိမိနှစ်သက်သလို အတုံးလေးတွေ တုံးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းပြီးသားကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် မကြာမကြာ မွှေပေးပြီး ငရုတ်သီးထောင်းများ မွလာပါက ကြက်သားပြုပ်ကို ထည့်ပေးပါ
  • ဆီသတ်နံ့လေး သင်းလာပါက မီးပိတ်ထားပါ
ကြက်ရိုးပြုပ်ရန်
  • ကြက်ရိုးများကို အနေတော် ခုတ်ပိုင်းပြီး ရေဆေးပြီး ဇောက်နက်သော အိုးထဲမှာ ထည့်ပေးပါ
  • အရင်ဆုံး ကြက်ရိုးများမြုပ်အောင် ရေထည့်ပြီး ပြုပ်ပေးပါ
  • ကြက်ရိုး ပြုပ်နေစဉ် အပေါ်မှာ တက်လာသော အမြှုပ်များပို ခပ်ပြီးသွန်သွန်ပေးပါ
  • အရိုးမှ အချိုရည်များ ထွက်လောက်ပါက မီးပိတ်ထားပေးပါ
ဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  • ပဲကြာဇံ မှိုခြောက် ပန်းခြောက် ပဲလိပ်တို့ကို သတ်သတ်ဇလုံ တစ်လုံးစီမှာ ရေမြုပ်အောင်ထည့်ပြီး တစ်နာရီလောက် စိမ်ထားပါ
  • ရေစိမ်ချိန် ပြည့်ပါက ပဲကြာဇံ ပဲလိပ်နှင့် ပန်းခြောက်တို့ကို ရေဆေးပြီ ရေစစ်ထားပါ
  • မှိုခြောက်မှာ ကပ်နေသော သဲနှင့်ခဲများ စင်သွားအောင် ရေ ငါးထပ်လောက် ဆေးပြီးရေစစ်ထားပါ
  • ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူ သုံးမွှာကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့် ရောထောင်းထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပါက ကြက်ရိုးပြုပ်ရည် အိုးထဲကို ဆီသတ်ထားသော ကြက်သားများ ထည့်ပေးပါ
  • ရေကိုအနေတော် ချင့်ချိန်ထည့်ပြီး ဟင်းရည်အိုးကို ပွက်ဆူပွက်အောင် တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ကြက်သွန်နီ ပဲလိပ် မှိုခြောက် ပန်းခြောက်တို့ကို ထည့်ပေးကာ ပွက်ပွက် ဆူလာအောင် ထပ်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ ပဲကြာဇံ ငါးငံပြာရည် ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပြီးမွှေပေးကာ အရသာ မြည်းပေးပါ
  • အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပြီး ထောင်းထားသော ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းကို ခပ်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး ဟင်းရည်အိုးကို မီးဖိုပေါ်မှ ဖယ်ထားပေးပါ
  •  သံပုရာသီး ကြက်သွန်ချဉ် ငရုတ်သီးစိမ်း ငရုတ်သီးအလှော်မှုန့် နံနံပင်တို့နှင့် သုံးဆောင်နိူင်မည့် ကြာဇံချက် ပူပူလေး ရပါပြီ။

Monday, 6 October 2025

ဆန်ခေါက်ဆွဲကြော်

 


မာမာ ဒီနေ့တော့ ဆန်ခေါက်ဆွဲကို ကြက်ဥနဲ့ ဝက်အူချောင်းထည့်ကာ ကြော်စားဖြစ်ပါတယ် မာမာက အသားသိပ်မစားတဲ့အတွက် အသားကို အထူးတလည် မထည့်ဖြစ်ပေမဲ့ မိမိတို့က အသားပါမှ ကြိုက်တယ်ဆိုရင်တော့ မိမိနှစ်သက်ရာ အသားကို ထည့်ကြော်လို့ရပါတယ်။

ဒါကြောင့်မို့လို့ မာမာကြော်သလိုလေး ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ဆန်ခေါက်ဆွဲအစို - လေးဆယ်သား
  2. တရုတ်မုန့်ညှင်းဖြူ - လေးရွက်ခန့်
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ဝက်အူချောင်း  - အနေတော် နှစ်ခု
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  8. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  12. ကြက်ဥ - နှစ်လုံး
  13. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ကြက်ဥကြော်ထဲထည့်ရန်)
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ( )
ကြက်ဥကြော်နည်း
  • ကြက်ဥကို ဆားနှင့်အရသာမှုန့်ထည့်ပြီး ခလောက်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥကို ဖြန့်ထည့်ပြီး ကြော််ပေးပါ
  • ကြက်ဥကြော် တဖက်ကျက်တာနဲ့ နောက်တဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကြက်ဥကြော် ကျက်သွားပါက မီးပိတ်ပေးပြီး မထူမပါးလေးတွေ လှီးထားပေးပါ
ဝက်အူချောင်းပြုပ်နည်း
  • ဒယ်အိုးထဲမှာ ဝက်အူချောင်းကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ရေခမ်းသွားပါ ဝက်အူချောင်းများကို မိမိနှစ်သက်သလို မထူမပါးလေးတွေ လှီးထားပါ

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ နှမ်းဆီမွှေး ဆား ပဲငံပြာရည် အပျစ်တို့နဲ့ နယ်ပေးထားပါ
  • တရုတ်မုန့်ညှင်းကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • ဝက်အူချောင်းကို မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ​ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ဂေါ်ဖီနှင့် တရုတ်မုန့်ညှင်းတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ဆန်ခေါက်ဆွဲကြော် မွှေးမွှေးလေးကို ကြက်ဥကြော် ဖြူးပြီးတင်ပေးကာ သုံးဆောင်နိူင်ပါပြီ။

Tuesday, 9 September 2025

ချဥ်ငံစပ် အသုပ်စုံ

 


မာမာ ဒီနေ့တော့ အသုပ်စုံ ားချင်တဲ့အတွက် ပြင်ဆင်ဖြစ်ပါတယ် 
ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန် အသုပ်တစ်မျိုး သုပ်စားချင်ရင်တော့ မာမာ ပြင်ဆင်ပြီး သုပ်စားပုံလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ပဲကြာဇံ အခြောက် - 50 g
  2. အာလူး - အနေတော် သုံးလုံး
  3. ပဲပြား - တစ်တုံး
  4. ဆီ - ပဲပြားကြော်ရန် လိုသလောက်
  5. နနွင်းမှုန့် - အနည်းငယ် (ပဲပြားကြော်ရန် ဆီအိုးထဲထည့်ရန်)
  6. ပဲအကျက်မှုန့် - လိုသလောက်
  7. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)
  9. နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ( ကြာဇံအရောင်အတွက် သုံးရန်)
  10. ဆီ - လိုသလောက်
  11. အရသာမှုန့် - လိုသလောက်
  12. ကြက်သွန်ဖြူ  ဆီချက် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  13. မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ငါးငံပြာရည် - လိုသလောက်
  15. နံနံပင် - လိုသလောက်
  16. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  17. ကြက်သွန်ဖြူ  - ၁၃မွှာ (ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  18. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  19. ငရုတ်ကောင်းစေ့ - ငါးစေ့ခန့်
  20. ဂေါ်ဖီ - အနည်းငယ်

အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ

  1. ပဲကြာဇံ
  2. ပဲပြား
  3. ဆီချက်
  4. ငံပြာရည်
  5. ပုဇွန်ခြောက်မှုန့်
  6. ပဲအကျက်မှုန့်
  7. ငရုတ်သီး အလှော်မှုန့်
  8. ကြက်သားမှုန့်
  9. မန်ကျည်းသီးမှည့်
  10. နံနံပင်

ကြာဇံနှင့်အာလူး ပြုပ်ရန်

  • ပဲကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားပါ
  • အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ရေစိမ်ထားသော ပဲကြာဇံကို ရေသွန်ပြီး ပဲကြာဇံ အရောင်လှစေရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ကာ ရေနွေးကို လောင်းထည့်ပေးပါ
  • ရေနွေးစိမ်ချိန် သုံးမိနစ်လောက် ကြာတာနဲ့ ရေနွေးစိမ်ထားသော ကြာဇံကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
  • တစ်ခါတစ်လေ ရေနွေးစိမ်ရန် အသုံးပြုသော ပဲကြာဇံသည် ဆန်အပျော့ အမာပေါ် မူတည်သောကြောင့် အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ
  • အိုးတစ်လုံးထဲမှာ ရေခပ်များများနှင့် အာလူးတို့ထည့်ကာ ပြုပ်ပေးပါ
  • အာလူးများ နူးလာပါက ရေများသွန်ပြီး အအေးခံကာ အခွံခွာပြီး မထူမပါးလေးတွေ လှီးထားပါ
ပဲပြားကြော်ရန်
  • ပဲပြားကို ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ပဲပြားများကို အပေါ်ယံကျော တင်းလာတဲ့အထိ ကြော်ပေးပါ
  • အပေါ်ယံကြော မာတင်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ

ဆီချက် ချက်ရန်

  1. ကြက်သွန်ဖြူ ငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  2. ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးပါ 
  3. ပြီးတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  4. ကြက်သွန်ဖြူများ အဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  5. ဆီချက်ကိုလဲ အအေးခံထားပါ ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးထားပါ

ဟင်းခါးချက်ရန်

  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ

အသုပ် တစ်ပွဲစာပြင်ရန်

  • အသုပ်သုပ်ရန် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာလောက်နဲ့ စိမ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ပဲကြာဇံ တစ်ပွဲစာနှင့် ပဲပြားအနည်းငယ် အာလူးတို့ကို ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တစ်၀က်သာသာနှင့် နံနံပင်တို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာ လိုသလို ပြင်ပေးပြီးတာနဲ့ စားပွဲပြင်ပေးပါ
  • ချဉ်ငံစပ် ပဲကြာဇံ အသုပ်ပွဲကို ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။

Friday, 29 August 2025

ချဥ်ငံစပ် အမဲအူကြမ်းသုပ်



မာမာဒီနေ့တော့ အမဲအူ ကြမ်းလေးတွေ ဝယ်လာပြီး မြန်မာပါးစပ်နဲ့ အကြိုက်တွေ့စေမဲ့ ပဲမှုန့်နံ့ သင်းသင်းလေးနဲ့ ချဥ်ချဥ် ငံငံ စပ်စပ်လေး သုပ်ဖြစ်ပါတယ်။ 

ဒါကြောင့်မို့လို့ အရမ်းစပ်ပြီး စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အမဲအူကြမ်း အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. အမဲအူကြမ်း ပြုပ်ပြီးသား - ဟင်းပြင်ပန်းကန် တစ်လုံးစာ
  2. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ငါးငံပြာရည်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  7. သခွါးသီး ‌‌‌ -‌ မိမိနှစ်သက်သလောက်
  8. နံနံပင် - မိိမိနှစ်သက်သလောက်
  9. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  10. ကြက်သွန်နီ - အနေတော် တစ်လုံး
  11. ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း နှစ်ဇွန်း


အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • အမဲအူကြမ်း ပြုပ်ပြီးသားကို မထူမပါးလေးတွေ လှီးပေးပြီး အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ‌သခွါးသီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အဆင်သင့် ပြင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ။
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ အမဲအူကြမ်း ပဲအကျက်မှုန့် ကြက်သွန်နီ ငရုတ်သီး အလှော်မှုန့် ငရုတ်သီးစိမ်း နံနံပင်နှင့် သခွါးသီး တို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ အရမ်းစပ်ကာ စားလို့ကောင်းပြီး ပဲအကျက်မှုန့်နံ့ သင်းသင်းလေးနဲ့ အမဲအူကြမ်းသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday, 25 August 2025

ခေါက်ဆွဲကြော်

 

မာမာ ဒီတစ်ခါတော့ အသားမပါပေမဲ့ အရမ်းစားလို့ကောင်းလွန်းတဲ့ ခေါက်ဆွဲကြော်လေး ကြော်စားဖြစ်ပါတယ် တရုတ်ဆိုင်က အရသာအတိုင်း အရသာမွှေးမွှေး ချိုချိုလေးရတဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥခေါက်ဆွဲအစို - လေးဆယ်သား
  2. မုန့်ညှင်းဖြူ - အနေတော် တစ်စိတ်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  6. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  9. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့နယ်ပေးထားပါ
  • မုန့်ညှင်းဖြူကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ မုန့်ညှင်းဖြူကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆား ပဲငံပြာရည်အကျဲနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
  • မုန့်ညှင်းဖြူ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာနယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တမိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

Saturday, 2 August 2025

School Prawn ပုဇွန် အချိုကြော်



မာမာ ဒီနေ့တော့ School Prawn လေးတွေ ဝယ်လာဖြစ်လို့ ပုဇွန်အချိုကြော်လေး ကြော်ပါတယ် ရေငံပုဇွန်တို့ရဲ့ ထုံးစံအတိုင်း ပုဇွန်အနံ့က ရေချိုပုဇွန်တို့ထက် အနံ့နဲနဲ ပိုပြီးပြင်းပါတယ်။

အဲဒီအနံ့ကို ပျောက်အောင်လို့ ပုဇွန်ကို သံပုရာရည်နဲ့ အရင်ဆုံး နယ်ပြီးဆေးရသလို ကြော်တဲ့အခါမှာလဲ  ငါးငံပြာရည်နဲ့ ကြက်သွန်ဖြူကူပါမှ ပုဇွန်ရဲ့ အညှီနံ့ ကင်းပါတယ်။

မကြော်ခင်မှာ ပုဇွန်ကို အခွံခွာ ပြီးတာနဲ့ သုံရာရည်နဲ့ အရင်ဆုံး နယ်ပေးပြီးမှ ကြောခွဲပြီး အမဲကြောင်းထုတ်ကာ သန့်ရှင်းအောင် အရင်ဆုံးလုပ်ပေးရပါတယ်။

ပြီးမှ ကင်းမွန်ငံပြာရည်ကို အဓိထားပြီးထဲ့ကာ အရသာတွေနဲ့နယ်ပြီး ဆယ်မိနစ်လောက် နှပ်ထားပြီးမှ ကြော်ပေးတာ အကောင်းဆုံးပါ အဲဒါမှရေငံပုဇွန်ရဲ့ အနံ့ပျောက်နိုင်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပုဇွန်ကြော်တဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပုဇွန်အကောင်သေး (School Prawn) - ကီလိုဝက်ခန့်
  2. ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. သံပုရာရည် - ထမင်းစားဇွန်း သုံးဇွန်း (ပုဇွန်အညှီဓါတ်ပျောက်အောင်ဆေးရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • ပုဇွန်ကို ရေဆေးပြီး မလိုသော အရာများဖယ်ပြီး သန့်စင်ထားပေးပါ
  • ပြီးတာနဲ့ သံပုရာရည်နှင့် နယ်ပေးကာ ငါးမိနစ်လောက် နှပ်ထားပြီးမှ ရေဆေးပေးပါ
  • သန့်စင်ထားသော ပုဇွန်ကို နနွင်း အရသာမှုန့် ငါးငံပြာရည်တို့နဲ့နယ်ပြီး အရသာ၀င်အောင် ငါးမိနစ်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • လိုအပ်တာတွေ ပြင်ပြီးပါက ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်တို့ထည့်ကာ ဆီကိုအပူပေးပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အနည်းငယ် ပျော့လာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်များ ပျော့သွားတာနဲ့  ပုဇွန်အရသာနယ်ကို သုံးမိနစ်လောက် ထည့်ကြော်ပေးပါ
  • ပုဇွန်အချိုကြော် ကျက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ မီးပိတ်ပေးနိုင်ပါပြီ။