Friday, 1 September 2023

ဇီးယိုမွှေးမွှေးလေး

 


ဒီနေ့တော့ အေးရှန်းဆိုင်က အစေ့ထုတ်ပြီးသား ဇီးသီးအခြောက်လေးတွေ ဝယ်လာပြီးတော့ ဇီးယိုလေးထိုး ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ လိုတာလေးတွေ ပြင်ဆင်ကာ ချိုချဉ်စပ်နေတဲ့ ဇီးယိုလေး ထိုးဖြစ်တဲ့အတွက် ယိုထိုးနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. တရုတ်ဇီးသီးခြောက် - 300 g
  2. ထန်းလျှက်ခဲ - 200 g
  3. ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၂ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. လေးညှင်း - ၄ပွင့်
  6. သစ်ဂျပိုးခေါက် - ၂လက်မခန့်
  7. ဖာလာ - ၄စေ့
  8. နာနတ်ပွင့် -၂ပွင့်
  9. ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • တရုတ်ဇီးသီးခြောက်ကို ရေတနာရီလောက်စိမ်ထားပြီး အသီးများ ပျော့လာပါက ရေစစ်ထားပါ
  • ရေစစ်သွားပါက ပေါင်းဇကာထဲကို ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးကို ရေတဝက်သာသာ ဖြည့်ပြီး ဆူအောင်တည်ပေးကာ ပေါင်းဇကာကိုတင်ကာ မိနစ်၂၀လောက် ပေါင်းပေးပါ
  • ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ခပ်ကျဲကျဲ ကျိုပေးပါ
  • ထန်းလျှက်ခဲများ ပျော်လာတာနဲ့ ထန်းလျှက်ရည်ထဲမှ  အမှိုက်များကို အဝတ်ပါးနှင့်စစ်ပြီး ထန်းလျှက်ရည်ကို ဇောက်နက်ပြီး အိုးအသားထူသော အိုးထဲပြန်ထည့်ပေးပါ
  • ထန်းလျှက်ရည်ထဲသို့ ငရုတ်သီးမှုန့် ဆား သစ်ဂျပိုးခေါက် လေးညှင်း ဖာလာ စမုံစပါး ဇီးသီးတို့ထည့်မွှေပေးပြီး ရေခမ်းအောင် မီးအေးအေးနှင့်မွှေပေးပါ
  • ရေခမ်းပြီး ထန်းလျှက်ရည် ပေါက်စေးကျလာပါက မီးပိတ်ပြီး အအေးခံထားပါ
  • ပြီးတာနဲ့ တရုတ်ဇီးယို ချိုချဉ်စပ်မွှေးလေးကို စားသုံးနိူင်ပါပြီ။

Thursday, 31 August 2023

မုန့်ကြပ်တိုက်

 





မာမာဒီနေ့တော့ မြန်မာမုန့်လေးတွေ စားချင်တာနဲ့ မုန့်ကြပ်တိုက်လေးတွေ လုပ်စားဖြစ်ပါတယ် ကောက်ညှင်းမှုန့်နဲ့ လုပ်တာဖြစ်တဲ့အတွက် မုန့်လုပ်တဲ့အခါမှာ မုန့်သားမသေရင် မုန့်သားတွေ အပြင်ကို ပေါက်ထွက်ပြီး လူကိုစင်တတ်ပါတယ်။

အဲဒီလိုမျိုး ပေါက်မထွက်အောင် ကောက်ညှင်းမှုန့်ကို ရေအေးနဲ့ မုန့်သားမစပ်ဘဲ ရေနွေးပွက်ပွက် ဆူထားတာနဲ့ မုန့်သားစပ်ရင် မုန့်လုပ်တဲ့အခါမှာ ပေါက်မထွက်ပါဘူး။

ဒါကြောင့်မို့လို့ စိတ်ကူးထဲ ပေါ်လာလို့ မုန့်ကြပ်တိုက်ကို ခပ်မြန်မြန်လေး လုပ်စားချင်ရင် လုပ်စားလို့ရအောင် မာမာစမ်းသပ်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက် ပါတယ်ရှင်။


မုန့်ကြပ်တိုက် ဆယ်ခုစာအတွက်

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ဆန်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  3. ပွက်ပွက်ဆူနေသောရေပူ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးနှင့်တစ်ဝက်နည်းပါး
  4. နှမ်းဖြူ - ထမင်းစားဇွန်း နှစ်ဇွန်း
  5. အုန်းသီးအခြောက်မှုန့် - ထမင်းစားဇွန်း လေးဇွန်း
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်းခွဲ
  7. ထန်းလျှက်ခဲ အညိုရင့်ရင့် - 200 g
  8. ရေ - 200 g ( ထန်းလျှက်ရည်ကျိုရန်)
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ထန်းလျှက်ကျိုရန်)
  10. မကပ်သောဒယ်အိုးပြား - တစ်လုံး (မုန့်လုပ်ရန်)

ပြင်ဆင်ပုံ ပြုလုပ်ပုံ
  • အိုးတစ်လုံးထဲမှာ ရေကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဇလုံတစ်လုံးထဲမှာ နှမ်းဖြူ အုန်းသီးမှုန့် ကောက်ညှင်းမှုန့်နှင့်ဆန်မှုန့်တို့ကို ထည့်ပေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးသာသာတို့ကို နည်းနည်းချင်းထည့်ကာ နယ်ပေးပါ
  • ကောက်ညှင်းမှုန့် အပေါ်မူတည်ပြီး ရေနွေးပူပူကို နည်းနည်းချင်းထည့်ပြီး နယ်ပေးပါ
  • ရေနွေးပူပူကို နည်းနည်းထည့်လိုက် မုန့်သားကိုနယ်လိုက် လုပ်ပေးပါ
  • မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်းကြီး မပျော့စေရန် ရေအကုန်မထဲ့ဘဲ ရေကိုချန်ထားလိုက်ပါ
  • မုန့်သားပျော့လာပါက လက်တစ်ဖျစ်စာသာသာ  အနေတော် မုန့်သားကိုယူပါ
  • ပြီးတာနဲ့ လက်ဖဝါး နှစ်ဖက်နဲ့ ပွတ်ပြီး ပုံပါအတိုင်း မုန့်သားရှည်ရှည်လေး ရအောင်လုပ်ပေးပါ
  • မုန့်သားရှည်ရှည်လေး ရတာနဲ့ ပုံမှာပြထားတဲ့အတိုင်းရအောင် လက်မနှင့် လက်ခလယ်လေးနှင့် ထိမ်းကာ ဖိဖိပြီး ပုံဖော်ပေးပါ
  • အထက်ပါ နည်းအတိုင်း မုန့်သားကုန်အောင် လုပ်ပေးပါ
မုန့်လုပ်ပုံ
  • အောက်ခြေမကပ်သော ဒယ်အိုးပြားကို ဆီပါတယ် ဆိုရုံလေးထည့်ပြီး ဆီကိုမီးအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့လိုက်ပါ
  • မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်
  • ဒါကြောင့်မို့လို့ မီးအနေတော်နဲ့ အိုးပူတိုက်နေစဉ်  တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပါ
  • မုန့်ရဲ့ မျက်နှာပြင်၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး အပြင်ခွံ ကျွတ်ကျွတ်လေး ဖြစ်လာပါက ဆယ်ပြီး ဆီစစ်သော စက္ကူပေါ်တင်ပြီး ဆီစစ်ပေးထားပါ။
ထန်းလျှက်ရည်ကျိုရန်
  • အနေတော် အိုးတစ်လုံးထဲမှာ ဆား ထန်းလျှက်ခဲနှင့် ရေတို့ကိုထည့်ပြီး မီးအနေတော်နှင့် ကျိုပေးပါ
  • ထန်းလျှက်ခဲများ ကျေသွားပါက အရည်ကို ဆက်တိုက်မွှေပေးပါ
  • မွှေနေစဉ် ထန်းလျှက်ရည် ပေါက်စေးကျအောင် ကျိုပေးပါ
  • ပေါက်စေးကျမကျ  အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို သစ်သားယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
  • သစ်သားယောင်းမမှာ ခပ်ပျစ်ပျစ် အနေအထားနဲ့ ကပ်နေပြီဆိုရင် ရပါပြီ
  • ထန်းလျှက်ရည် ပေါက်စေးကျ အနေအထားလောက်ရရင် အအေးခံပြီး မုန့်ကြပ်တိုက်နှင့် တို့ပြီး စားလို့ရပြီ။
မှတ်ချက်
  • မြန်မာပြည်က မုန့်လုပ်ထန်းလျှက်ခဲကို အသုံးပြုပါက ထန်းလျှက်ရည် ကျိုနေစဉ် ထန်းလျှက်ခဲများ အရည်ပျော်တာနဲ့ ပိတ်စပါးပါးလေးခံကာ သဲများ အမှိုက်များ မပါအောင် စစ်ပေးပြီးမှ ပေါက်စေးကျအောင် ပြန်ကျိုပေးပါ။

Tuesday, 29 August 2023

ဝက်သားချဉ်သုပ်







အရင်ရက်က အသားများတဲ့ ဝက်သားတုံးလေး ဝယ်လာဖြစ်တာနဲ့  ဝက်သားချဉ်လေး လုပ်ဖြစ်ပါတယ် ဒီနေ့တော့ ဝက်သားချဉ်လေး ရလာပြီဖြစ်လို့ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ်။

ဒါ​ကြောင့်မို့လို့ အရမ်းစပ်ပြီး စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်သားချဉ် - အနေတော် တစ်တုံး
  2. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ငါးငံပြာရည်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  6. သခွားသီး - မိမိနှစ်သက်သလောက်
  7. နံနံပင် - မိမနှစ်သက်သလောက်
  8. ငရုတ်သီးစိမ်း - မိမိနှစ်သလောက်
  9. ကြက်သွန်နီ - မိမိနှစ်သက်သလောက်


ဝက်သားပြုပ်ပုံ

  • ဝက်သားချဉ်ကို အဆင်သင့် ပြင်ထားပါ
  • ဆား အရသာမှုန့်နှင့် ဗီနီကာတို့ထည့်ကာ နယ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သခွားသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အဆင်သင့် ပြင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဝက်သားချဉ် ကြက်သွန်နီ ငရုတ်သီး အလှော်မှုန့် သခွားသီး နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ  သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ အရမ်းစပ်ပြီး စားလို့ကောင်းလွန်းတဲ့ ဝက်သားချဉ်သုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Sunday, 27 August 2023

ချဉ်ငံစပ် မုန့်ဖတ်သုပ်

 




ဒီနေ့တော့ နန်းကြီးသုပ် သုပ်တဲ့အခါမှာ အဓိက ပါဝင်ရတဲ့ အုန်းနို့ ကြက်သားဟင်းလေးနဲ့ မုန့်ဖတ်ကို ချဉ်ချဉ်ငံငံ စပ်စပ်လေး သုပ်စားဖြစ်ပါတယ်။

ကြက်သားဟင်းနဲ့ သုပ်ထားတဲ့ မုန့်ဖတ်သုပ်ရဲ့ အရသာက ရှယ်ကောင်းတာမို့လို့ မာမာသုပ်စားတဲ့ နည်းလေးရယ် ကြက်သားဟင်း ချက်တဲ့ နည်းလေးရယ်ကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 500 g 
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  3. ကြက်သွန်နီ - အနေတော် ကိုးလုံး
  4. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သားပြုပ်ရန်)
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သားပြုပ်ရန်)
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (ကြက်သားပြုပ်ရန်)
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားဆီသတ်ရန်)
  9. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း (ကြက်သားဆီသတ်ရန်)
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားဆီသတ်ရန်)
  11. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူးခန့် (ကြက်သားဆီသတ်ရန်)
  12. အုန်းနို့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ကြက်သားဆီသတ်ရန်)

ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး ဆား တစ်ဇွန်း ငါးငံပြာရည် နနွင်းမှုန့်နှင့် အရသာမှုန့်တို့ ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ကြက်သားကို ထည့်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
  • ကြက်သားပြုပ်ထားတာ ရေခမ်းတာနဲ့ အအေးခံပြီး ပုံပါအတိုင်း ရှည်ရှည်အမြှောင်းလေးတွေရအောင် အသားနွှင်ပေးထားပါ
ကြက်သားဆီသတ်ရန်
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အသားနွှင်ထားသော ကြက်သားကို ထည့်မွှေပေးပါ
  • ကြက်သားထည့်ပြီးတာနဲ့ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာတို့ကို ထည့်မွှေပေးကာ ဆက်ပြီးချက်ပေးပါ
  • အရသာ သမလောက်တာနဲ့ အုန်းနို့နှင့် ရေမြုပ်အောင်ထည့်ပြီး ကြက်သွန်များ နွမ်းအိသွားအောင် ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
  • ချက်ထားသော ကြက်သားများ ဆီပြန်လာတာနဲ့ မီးပိတ်ပေးထားကာ အုန်းနို့နံ့လေး မွှေးနေတဲ့ ကြက်သားဟင်းကို အသုပ် သုပ်ရန် ပြင်ဆင်နိူင်ပါပြီ။

မုန့်ဖတ်အသုပ်ပွဲပြင်ရန်
  • မုန့်ဖတ်များကို အဆင်သင့် ပြင်ထားပါ
  • ကြက်သား ချက်ပြီးသားကို အဆင်သင့် ပြင်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးထားပါ (သို့မဟုတ်)
  • နံနံပင် မရှိပါက ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
  • အရသာမှုန့် ပဲအကျက်မှုန့်နှင့် ငရုတ်သီး အလှော်မှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ မုန့်ဖတ် တစ်ပွဲစာ အရသာမှုန့် ကြက်သားဟင်း ပဲအကျက်မှုန့် ငရုတ်သီးအလှော်မှုန့် နံနံပင် ကြက်သွန်နီ ငါးငံပြာရည် သံပုရာရည်တို့ကို သင့်သလို ထည့်ပေးပြီး နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး အသုပ်ပွဲကို ထည့်ပေးပြီး စားသုံးနိူင်ပါပြီ။

Friday, 25 August 2023

ချဉ်ငံစပ် ခေါက်ဆွဲသုပ်


ဒီနေ့တော့  ခေါက်ဆွဲခြောက် အလိမ်လေးတွေကို ပြုပ်ကာ ချဉ်ငံစပ်လေး သုပ်စားပါတယ် တစ်ကယ်တမ်းကျတော့ ဒီခေါက်ဆွဲသားလေးက အရမ်းနူးညံ့ပြီး ပြုပ်သောက်ရင်လဲ အရမ်းကောင်းပါတယ်။

မာမာကတော့ ချဉ်ငံစပ် အသုပ်လေး စားချင်တာနဲ့ အသုပ်လေးဘဲ သုပ်စားလိုက်ပါတယ် ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန် အသုပ်တစ်မျိုး သုပ်စားချင်ရင်တော့ မာမာ ပြင်ဆင်ပြီး သုပ်စားနည်းကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ခေါက်ဆွဲခြောက်  - 50 g
  2. ပဲအကျက်မှုန့် - လိုသလောက်
  3. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)
  5. ဆီ - လိုသလောက်
  6. အရသာမှုန့် - လိုသလောက်
  7. ကြက်သွန်ဖြူ  ဆီချက် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  8. မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - လိုသလောက်
  10. နံနံပင် - လိုသလောက်
  11. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  12. ကြက်သွန်ဖြူ  - (၁၃မွှာ ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  13. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ငရုတ်ကောင်းစေ့ - ငါးစေ့ခန့်
  15. ဂေါ်ဖီ - တစ်စိတ်ခန့် (ဟင်းခါးချက်ရန်နှင့် အသုပ်ထဲထည့်ရန်)

အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ

  1. ဆီချက်
  2. ငါးငံပြာရည်
  3. ပုဇွန်ခြောက်မှုန့်
  4. ပဲအကျက်မှုန့်
  5. ငရုတ်သီး အလှော်မှုန့်
  6. ကြက်သားမှုန့်
  7. မန်ကျည်းသီးမှည့်
  8. ဂေါ်ဖီ (ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ)
  9. နံနံပင် (ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ)

ခေါက်ဆွဲပြုပ်ရန်

  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ခေါက်ဆွဲခြောက်ကို ထည့်ပြီးပြုပ်ပေးပါ
  • ခေါက်ဆွဲ နူး မနူးကို ဆယ်ပြီး လက်နှင့်စမ်းကြည့်ပါ
  • ခေါက်ဆွဲဖတ် အပျော့အမာကို မိမိစိတ်ကြိုက် ရတာနဲ့ ဇကာထဲမှာ ရေများသွန်ပြီး ခေါက်ဆွဲဖတ်များကို ရေနှင့်ဆေးပြီး ရေစစ်ထားပါ။

ဆီချက် ချက်ရန်

  1. ကြက်သွန်ဖြူ ငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  2. ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့် ထည့်ပေးပါ 
  3. ပြီးတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  4. ကြက်သွန်ဖြူများ အဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  5. ဆီချက်ကိုလဲ အအေးခံထားပါ ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးထားပါ

ဟင်းခါးချက်ရန်

  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ

အသုပ် တစ်ပွဲစာပြင်ရန်

  • အသုပ်သုပ်ရန် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာလောက်နဲ့ စိမ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ခေါက်ဆွဲ တစ်ပွဲစာ ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း တဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတရှိ မန်ကျည်းရည် ထမင်းစားဇွန်း တစ်၀က်သာသာ ဂေါ်ဖီ အနည်းငယ် နံနံပင်တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာကို လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
  • ချဉ်ငံစပ် ခေါက်ဆွဲသုပ် အသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့  တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Thursday, 24 August 2023

ငါးသားလေးအိုးကပ်ဟင်း




မာမာဒီနေ့တော့  ငါးသားလေးတွေ ဝယ်လာပြီး အိုးကပ်ဟင်းလေး ချက်ဖြစ်ပါတယ် ခေါင်းဖြတ်ပြီး အကြေးခွံဖယ် ဗိုက်ထဲက မလိုတာတွေ ဖယ်ရတာတော့ အချိန်ပေးရသလို 
ငါးအသားလေးတွေ ကြည်လာတဲ့အထိ ရေဆေးရတဲ့အတွက်လဲ အနည်းဆုံ ရေနဲ့ ဆယ်ခါလောက်တော့ ဆေးပေးရပါတယ်
ဒါပေမဲ့လဲ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးသားလေး အိုးကပ် ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးသားလေး - ကီလိုဝက်
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
  11. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း
  12. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
ပြင်ဆင်ပုံ

  • ငါးကို အကြေးခွံနှင့် မလိုတာတွေ ဖယ်ပေးပြီး သန့်စင်ကာ ရေဆေးပြီး ရေစစ်ပေးပါ
  • အားလုံးပြီးပါက ဆား ငံပြာရည် နနွင်းမှုန့်  အရသာမှုန့် တို့နဲ့နယ်ပေးထားပါ 
  • နံနံပင်ကို ရေဆေးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေနွေးနှင့် စိမ်ထားပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်ရောပြီး ထောင်းထားတို့ကို အတူထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာပါက ငရုတ်သီး ထောင်းထားသော ငရုတ်ဆုံကို ရေအနည်းငယ်နှင့် ကျင်းကာ ဆီသတ်တဲ့ အိုးထဲကို ထည့်ပေးပါ
  • ပြီးတော့မှ ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက မန်ကျည်းသီးမှည့် အရည်ကို ငါးထဲမြုပ်အောင် ထည့်ပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပါ
  • ငါးသားလေး ဆီပြန်ပြီး အိုးကပ်လာပါက အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။


Wednesday, 23 August 2023

မျှစ်ငါးပိချက်





အခုရက်ထဲ ငါးပိချက်လေးတွေ စားချင်လို့ တစ်နေ့တစ်မျိုး ချက်စားဖြစ်ပါတယ် ဒီနေ့တော့ မျှစ်ပြုပ်ပြီးသား အထုတ်လေးတွေ ဝယ်လာပြီး ချဉ်ငံစပ် ငါးပိချက်လေး ချက်ဖြစ်ပါတယ်။

ချက်ရတာ လွယ်ကူပြီး ထမင်းစားလို့ မြိန်စေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မျှစ်ပြုပ်ပြီးသား - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
  2. ပုဇွန်ခြောက် - မိမိနှစ်သက်သလောက်ထည့်ပါ
  3. ငရုတ်သီးအကြမ်းဖတ် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာခန့် 
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • မျှစ်ပြုပ်ပြီးသားကို အဆင်သင့် ပြင်ထားပါ
  • ပုဇွန်ခြောက်ကို ရေဆေးကာ ရေစိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူများကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်သီး အကြမ်းဖတ်များကို အဆင်သင့် ပြင်ပေးထားပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးနှင့် ပုဇွန်ခြောက်တို့ကို မညက်တစ်ညက် ထောင်းပေးပါ
ငါးပိချက်ချက်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ကြက်သွန်ထောင်းကိုထည့်ပြီး မွှေးသွားအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ မျှစ် ငါးငံပြာရည် ဆားနှင့် အရသာမှုန့်တို့ ထည့်ကာ မွှေပေးပါ
  •  ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့  မျှစ် ငါးပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာ အစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။