Tuesday, 24 November 2020

ထောပါတ်ဘိန်းမုန့်










ဒီနေ့တော့ ဘိန်းမုန့်စားချင်တာနဲ့ လုပ်ဖြစ်ပါတယ် စားလို့အရမ်းကောင်းပြီး လုပ်ရတာ လွယ်ကူလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ (အခုပြထားတဲ့ဒယ်အိုးလေးနဲ့ နှစ်ချပ်စာ)

  1. ဆန်စိမ်းမှုန့် - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  2. ကောက်ညှင်းမှုန့် - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  3. ဘိန်းစေ့ - မိမိနှစ်သက်သလောက် သုံးပေးပါ
  4. အုန်းသီးအနု - မိမိနှစ်သက်သလောက် သုံးပေးပါ
  5. မြေပဲလှော် - မိမိနှစ်သက်သလောက် သုံးပေးပါ
  6. ထန်းလျှက်ရည် ကျိုပြီးသား -  တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  7. ရေ - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  8. ထောပါတ် - ထမင်းစားဇွန်း လေးဇွန်း
  9. ကြက်ဥ - တစ်လုံး 
  10. Baking soda - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. Nan - stick pan - အိုးအေသး တစ်လုံး

ပြင်ဆင်ပုံ

  • ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းမှုန့် ဆန်မှုန့်နှင့် baking soda တို့ကိုထည့်ပြီး မွှေပေးပါ
  • ကြက်ဥကို ဇလုံတစ်လုံးထဲမှာ ခလောက်ထားပါ
  • ထန်းလျှက်ရည်ကို အဆင်သင့် ပြင်ထားပါ
  • ထောပါတ်ကို အရည်ဖျော်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဆန်မှုန့် ဇလုံထဲကို ရေနည်းနည်းချင်း ထည့်ပေးပြီး မွှေပေးပါ
  • ရေခပ်ပျစ်ပျစ်လေး ရလာတာနဲ့ ခလောက်ထားသော ကြက်ဥနှင့် ထန်းလျှက်ရည်တို့ ထည့်ပြီး ခပ်ပျစ်ပျစ်လေး ရလာအောင် မွှေပေးပါ
  • မုန့်နှစ်ရည် ခပ်ပျစ်ပျစ်လေး ရလာတာနဲ့ အဖုံးအုပ်ပြီး ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ ငါးနာရီလောက်ထည့်ပေးထားပါ
  • မြေပဲလှော် အုန်းသီး ခြစ်ပြီးသား နှမ်းလှော် ဘိန်းစေ့နှင့် ထောပါတ်တို့ကို အဆင်သင့် ပြင်ထားပါ
  • မုန့်နှစ်ဖောက်ထားတာ ရပြီဆိုတာနဲ့ ဒယ်အိုးထဲကို ထောပါတ်ဆီ ထည့်ပေးပြီး အပူပေးပါ
  • ထောပါတ်ဆီ ပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ မုန့်နှစ်ရည်ကို သမအောင် မွှေပေးပြီး ယောက်ချိုဇွန်း တစ်ဇွန်းခွးစာ ခပ်ပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ အုန်းသီး နှမ်းလှော် ဘိန့်စေ့နှင့် မြေပဲတို့ကို ထည့ျေးပွီး အဖုံးအုပ်ထားပါ
  • မိနစ်ဝက် သာသာလောက် ရလာတာနဲ့ အဖုံးဖွင့်ပြီး ကြည့်ပေးပါ
  • အပေါ်ယံလေး တင်းလာတာနဲ့ အထက်အောက် လှန်ပေးပြီး အဖုံးခန ပြန်အုပ်ပေးပါ
  • နောက်ထပ် မိနစ်ဝက်လောက်နေရင် ဘိန်းမုန့် ပူပူလေး ရပါပြီ
  • အထက်ပါ နည်းအတိုင်း မုန့်ရည်ကုန်တဲ့အထိ လုပ်ပေးပြီးပါက ဘိန်းမုန့် ချိုစိမ့်စိပြီမ့်လေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါ။ 



Saturday, 21 November 2020

ကြက်သနီချက်


ဒီနေ့တော့ ထမင်းစားလို့ မြိန်စေမဲ့ ကြက်သနီချက်လေး ချက်စားဖြစ်ပါတယ် ချက်နည်းလေးကတော့ ဝက်သနီချက်နည်းလေး အတိုင်းပါဘဲ မာမာတို့က ဝက်သားနဲ့ အမဲသားကို စားခဲတော့ ကြက်သားကိုဘဲ ချက်လိုက်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. ကြက်သား - 500 g
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ကိုးမွှာ
  3. ကြက်သွန်နီ - အလုံးခပ်သေးသေး ခွန်နှစ်လုံးခန့်
  4. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံခန့်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်
  8. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခန့် (ဆီထဲထည့်ကြော်ရန်)
  9. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားနှင့်နယ်ရန်)
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်ပဲ
  11. ငံပြာရည် အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ကိုးဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ပြီးတာနဲ့ ဇလုံထဲထည့်ပြီး ကြက်သား နနွင်းမှုန့် ဆား သကြား ငရုတ်ကောင်းမှုန့် အရသာမှုန့်နှင့် ပဲငံပြာရည်ဆို့ ထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
  • အရသာဝင်အောင် နယ်ပြီးတာနဲ့ အဖုံးအုပ်ကာ ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ တစ်နာရီခန့် နှပ်ထားပါ
  • ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ အလုံးသေးတို့ကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်နီ အလုံးကြီးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးထားပါ
  • ကြက်သားနှပ်ထားတာ ရပြီဆိုတာနဲ့ ဟင်းချက်ဖို့ ပြင်ပါမယ်
  • အိုးထဲမွာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး သကြားကို ထည့်ကြော်ပေးပါ
  • သကြားထည့်ပြီးတာနဲ့ သကြားပျော်သွားအောင် မွှေပေးပါ
  • သကြားကို နီရောင်သန်းသလောက်ဘဲ ကြော်ပေးပါ
  • သကြားနီရောင်လေး သန်းလာတာနဲ့ အရသာ နယ်ထားတဲ့ ကြက်သားကို ထည့်ပေးပါ
  • ပြီးတာနဲ့ အိုးကိုလှုပ်လှုပ်ပေးပြီး ငါးမိနစ်လောက် အိုးမကပ်အောင် လှုပ်ပေးပါ
  • ကြက်သားတုံးလေးတွေ ရဲလာပြီ ဆိုတာနဲ့ ကြက်သားတုံးများကို အထက်အောက် သမအောင် မွှေပေးပါ
  • ကြက်သားတုံးလေး အရောင်လှလာတာနဲ့ ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ထည့်ထားတဲ့ရေ ခမ်းလာတာနဲ့ ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ကြက်သွန်နီ အကွင်းလေးများကို ထည့်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင် ထပ်ထည့်ပြီး ဆီပြန်တဲ့အထိ မီးအနေတော်နှင့် တည်ပေးပါ
  • ရေမခမ်းခင် အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာတာနဲ့ ကြက်သနီချက်လေးကို စားသုံးဖို့ ပြင်ပေးနိူင်ပါပြီ။

Friday, 20 November 2020

ရွှေဖရုံသီးပေါင်း







ဒီနေ့တော့ ရွှေဖရုံသီး ပေါင်းနည်းလေး မျှဝေပေးချင်ပါတယ် ရွှေဖရုံသီးတွေ ပေါချိန်ဆို မကြာမကြာ ပေါင်းစားဖြစ်ပါတယ် စားလို့အရမ်းကောင်းပြီး သဘာဝ အရသာ ချိုစိမ့်နေတဲ့အတွက် ပေါင်းပြီးစား ကြည့်စေချင်ပါသေးတယ်။

မာမာကတော့ pressure cooker နဲ့ ပေါင်းတဲ့အတွက် ငါးမိနစ်ဘဲ ကြာပါတယ် ရေအိုးကို အောက်ကခံပြီး အပေါ်ကနေ ပေါင်းဇကာတင်ပြီး ပေါင်းမယ်ဆိုရင်တော့ အနည်းဆုံး နာရီဝက်လောက် ပေါင်းရမယ်လို့ ထင်ပါတယ်။

ပေါင်းနည်းပြင်ဆင်ပုံ
  1. ရွှေဖရုံသီးကို ခပ်ထူထူ အတုံးလေးတွေတုံးပြီး အထဲမှ မလိုတာတွေ ဖယ်ပြီးရေစင်အောင် ဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ ကြွေပန်းကန် ထူထူထဲကို ထည့်ပေးပါ
  3. ပြီးတာနဲ့ ပေါင်းအိုးအောက်ခံ အိုးထဲကို ပေါင်းခံခုံ ထိလောက်တဲ့အထိ ရေထည့်ပေးပါ
  4. ပေါင်းအိုးထဲ ရေထည့်ပြီးတာနဲ့ ပေါင်းခံခုံပေါ်မှာ ပေါင်းခံဇကာကို တင်ပေးပါ
  5. ပေါင်းခံဇကာထဲမှာ ရွှေဖရုံသီး ပန်းကန်ကို တင်ပေးပြီး အိုးအဖုံးကို အုပ်ပေးပါ
  6. အိုးအဖုံး အုပ်ပြီးတာနဲ့ steam ခလုတ်ကို နှိပ်ပေးကာ ငါးမိနစ် အချိန်မှာ ထားပေးပါ
  7. ပြီးတာနဲ့ ပေါင်းမည့်ခလုတ်ကို နှိပ်ပေးပါ
  8. ငါးမိနစ် ပြည့်တာနဲ့ အိုးထဲမှ လေများကုန်သွားအောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  9. ရွှေဖရုံသီးပေါင်း ပန်းကန်ကို အပြင် ထုတ်ပေးကာ နူးအိပြီး ချိုအီနေတဲ့ ရွှေဖရုံသီးပေါင်းလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday, 7 November 2020

ပြောင်းဖူးထောင်းကြော်









ဒီနေ့တော့ ထမင်းကို ဟင်းတွေနဲ့ မစားချင်တာနဲ့ ပြောင်းဖူးကို ကြက်ဥလေးနဲ့ အရသာလေးတွေ ထည့်ရောကာ ဗလင်ဒါထဲ ထည့်ကြိတ်ပေးပြီး မွမွရွရွလေး ကြော်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပြောင်းဖူးစေ့ - 3 cups
  2. ဂျုံမှုန့် - 1 cup
  3. baking powder - 1 tsp
  4. olive oil - 3 tbsp
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ကြက်ဥ - နှစ်လုံး
  7. နံနံပင် - 1/4 cup (လှီးပြီးသား)
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  • ပြောင်းဖူးစေ့နှင့် လိုအပ်တာတွေကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးပေးပါ
  • နံနံပင်ကို ရေဆေးကာ လှီးထားပါ
  • အလုံးအဆင်သင့် ဖြစ်တာနဲ့ ကြက်သွန်နီ ကြက်ဥ ဂျုံမှုန့် ဆား အရသာမှုန့် ငရုတ်ကောင်းမှုန့် နံနံပင်နှင့် ပြောင်းဖူးစေ့ တစ်ဝက်တို့ကို ဗလင်ဒါထဲထည့်ပြီး တစ်မိနစ်လောက်ဘဲ ကြိတ်ပေးပါ
  • ပြီးတာနဲ့ ကျန်နေသော ပြောင်းဖူးစေ့နှင့် ရောပေးပါ
  • အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကို အပူပေးပြီး သုတ်ပေးပါ
  • ဆီပူလာတာနဲ့ အရသာ စပ်ထားသော ပြောင်းဖူးများကို ဇွန်းနှင့်ခပ်ပြီး ထည့်ပေးပါ
  • ထည့်ပေးပြီးတာနဲ့ မီးကိုအနေတော်လောက်မှာ ထားပေးပါ
  • မီးအရမ်း မပြင်းစေရန် သတိထားပြီး ကြော်ပေးပါ
  • မီးအရမ်းပြင်းပါက ကြက်ဥပါတဲ့အတွက် ခနလေးနဲ့ ကျွမ်းသွားတတ်ပါတယ်
  • တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ကျက်တာနဲ့ ပြေင်းဖူးကြော် ပူပူလေးကို ရေနွေးကြမ်း ပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday, 5 November 2020

မတ်ပဲ ဒိုဆာ








 



ဒီနေ့တော့ သတ်သတ်လွတ် စားရတာ အဆင်ပြေလွန်းတဲ့ မတ်ပဲဒိုဆာလေး လုပ်စားဖြစ်ပါတယ် လုပ်ရတာလဲ လွယ်ကူပြီး စားရတာလဲ ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မတ်ပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ပူစီနံ - သုံးညွန့်ခန့်
  6. ချင်း - တစ်လက်မ
  7. ငရုတ်သီးစိမ်း - နှစ်တောင့်ပူ
  8. စီနံ - ထမင်းစားဇွန်း သုံးဇွန်းသာသာ (လှီးပြီးသား)
  9. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  10. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  11. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ္ဗူးခြဲ
  12. မကပ်သောဒယ်အိုး - တစ်လုံး
  13. ယောက်ချိုဇွန်းမှုတ် - တစ်ချောင်း
ပြင်ဆင်ပုံ
  • မတ်ပဲကို ပဲစိမ်းနံ့ပျောက်အောင် ရေလေးထပ်လောက်ဆေးပြီး ရေမြုပ်အောင် လေးနာရီလောက် စိမ်ထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေးလေးတွေ လွီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး အလယ်မှ အစေ့များ ဖယ်ပေးကာ ခပ်သေးသေးလေးတွေ လွီးထားပါ
  • ပူစီနံကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လွီးထားပါ
  • ဆီနှင့်အတူ ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ရေစိမ်ထားတာ ပဲများပွလာပါက ရေစစ်ပေးပြီး ဗလင်ဒါထဲမှာ ထည့်ပေးပါ
  • ပဲနှင့်အတူ ဆား အရသာမှုန့် ငရုတ်သီးစိမ်း ချင်းနှင့် ရေတို့ထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးကို မီးဖိုပေါ် တင်ပေးပါ
  • ပြီးတာနဲ့ အိုးကို ဆီသုတ်ပေးပြီး ဆီပူတာနဲ့ ပဲအနှစ်ကို ထည့်ဖို့ ပြင်ပေးပါ
  • ပဲကို ဇွန်းမှုတ်နှင့် မခပ်ခင် အရသာ သမသွားအောင် မွှေပေးပါ
  • ပြီးတာနဲ့ တစ်ဇွန်းစာ အပြည့်ခပ်ပြီး ဒယ်အိုးထဲကို ဖြန့်ထည့်ပေးပါ
  • ပဲအနှစ်ထည့်ပြီးတာနဲ့ လှီးထားသော ကြက်သွန်နီ ခရမ်းချဉ်သီးနှင့် ပူစီနံတို့ကို ဖြန့်ပြီးထည့်ပေးပါ
  • ပြီးတာနဲ့ အပေါ်ဖက်ကို ဆီနှင့် ခပ်ရွှဲရွှဲလေး လိုက်သုတ်ပေးပြီး အသီးအရွက်များကို ယောင်းမလေးနှင့် အသာလေး လိုက်ဖိပေးပါ
  • အောက်ဖက်မှ ခပ်ကြွတ်ကြွတ်လေး ဖြစ်လာပြီဆိုရင် ယောင်းမနှင့် ထိုးကလော်ပြီး လှန်ပေးပါ
  • နောက်တစ်ဖက် လှန်ပေးပြီးတာနဲ့    မိနစ်ဝက်လောက် ထားပြီးတာနဲ့ အိုးပေါ်မှ ဖယ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ပဲအနှစ်များ ကုန်တဲ့အထိ လုပ်ပေးပြီးပါက မတ်ပဲဒိုဆာ ပူပူလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday, 4 November 2020

အောင်ဗလကြော် စိမ့်စိမ့်လေး




ဒီနေ့တော့ မြန်မာမုန့်တစ်မျိုးဖြစ်တဲ့ အောင်ဗလကြော်လေးတွေ ကြော်ဖြစ်ပါတယ် စားလို့အရမ်းကောင်းပြီး ပြင်ရဆင်ရတာလဲ အရမ်းမခက်ခဲတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  3. နူးအိနေအောင် ပြုပ်ထားသော ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  4. အုန်းသီးမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (လိုတိုးပိုလျှော့ လုပ်ပေးပါ)
  7. ဆီ - လိုသလောက် သုံးပေးပါ
  8. သကြား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ

ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ နူးအိနေအောင် ပြုပ်ပေးပြီး အေအးခံထားပါ
  • ပြုပ်ထားသောပဲများ အေးလာတာနဲ့ ဇလုံခပ်ကျယ်ကျယ် တစ်လုံးထဲမှာ ပြုပ်ပြီးသားပဲများ ကောက်ညှင်းမှုန့် ဆန်မှုန့် အုန်းသီးမှုန့်နှင့် ဆားတို့ကို ထည့်ပေးပါ
  • ရေကို အမှုန့်များ ထည့်ထားသော ဇလုံထဲကို နည်းနည်းချင်း ထည့်ပေးပြီး နယ်ပေးပါ
  • မုန့်သားပျော့လာတဲ့အထိ ရေကိုထည့်ပြီး နယ်ပေးပါ
  • အုန်းသီးခြစ်ပြီးသား အစိုကိုသုံးပါက မုန့်သားစပ်ရာတွင် ရေကိုထည့်သင့်မှ ထည့်ပေးပါ
  • ကုလားပဲပြုပ်နှင့် အုန်းသီးအစိုတို့မှာ အရည်ပါ၀င်တဲ့အတွက် အရမ်းမပျော့စေရန် သတိထားပါ
  • ရေကို ချင့်ချိန်ပြီး ထည့်ပေးပါ ရေအရမ်းများရင်လဲ မုန့်သားက ပျော့ပြဲပြီး လုံးလို့မရဘဲ ဖြစ်တတ်ပါတယ်
  • မာမာက အုန်းသီးမှုန့် အခြောက်နဲ့ လုပ်တဲ့အတွက် ရေအနည်းငယ် ထည့်သုံးပါတယ်
  • မုန့်သားအနေတော်ဖြစ်ပါက မုန့်ကြော်ရာတွင် ဆီမပေါက်စေရန် အနည်းဆုံး လေးနာရီလောက် နှပ်ထားပေးပါ
  • မုန့်သားနှပ်ထားတုန်း သကြား ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးခြဲကို ရေ တမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူးထည့်ပြီး ခပ်ပြစ်ပြစ် အနေအထားရအောင် ကျိုထားပေးပါ
  • မုန့်သားနှပ်ထားချိန် လုံလောက်ပါက မုန့်သားကို လက္တစ္ဆုတ္စာ အလုံးလေးလောက် လုံးပေးပါ
  • ဆီကိုပူအောင်တည်ပြီးမှ မုန်းသားအလုံးကို လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ခပ်ပြားပြားလေး ရလာအောင် ဖိပေးပြီးမှ ဆီအိုးထဲထည့်ပေးပါ
  • ကြော်နေစဉ် ဆီအရမ်း မပူအောင် မီးကို အနေတော် ထားပေးပါ
  • မုန်လုံးလေးများ တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ 
  • နောက်တစ်ဖက်ပါ ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အအေးခံထားသော သကြားရည်ထဲ စိမ်ပေးကာ ဆယ်ပြီးအခြောက်ခံပေးပါ
  • အခြောက်ခံထားစဉ် သကြားများ ပွင့်လာပါက မွှေးပြီးစိမ့်နေတဲ့ အောင်ဗလကြော်ကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Tuesday, 3 November 2020

ပူစီနံ စိုက်ပျိုးနည်း






ဒီနေ့တော့ ပူစီနံ စိုက်နည်းလေးတွေ လာလာမေးကြလွန်းလို့ မာမာစိုက်တဲ့ နည်းလေးကို ပြောပြလိုက်ပါတယ်။ ပူစီနံက အရမ်းပွားလွယ်တဲ့အတွက် ကိုယ့်အိမ်မှာ မြေကြီးကျယ်ကျယ်ဝန်းဝန်း မရှိရင် ပန်းအိုးအဝ ခပ်ကျယ်ကျယ် အိုးနဲ့ စိုက်ရင် တော်တော်လေးကို အဆင်ပြေပါတယ်။
စစချင်း ပူစီနံမျိုးကို ဘယ်လိုရှာကြမလဲ ပူစီနံ ပျိုးပင်လေးတွေ ရောင်းတာကို ဝယ်ပြီးစိုက်လို့ရသလို ဈေးထဲကနေ စားဖို့ဝယ်လာတဲ့ ပူစီနံ အရိုးခပ်ရင့်ရင့်လေးတွေကိုလဲ စိုက်လို့ရပါတယ်။ ဘယ်လိုမြေမျိုးမှာ စိုက်ကြမလဲ အရင်ဆုံး ပန်းအိုးထဲမှာ ရေစီးဆင်းလွယ်တဲ့ မြေဆွေးခပ်ပွပွကို ထည့်ပေးပါ ကျစ်နေတဲ့ မြေကြီးမျိုးကို မသုံးရပါဘူး။ ဘယ်လိုစိုက်မလဲ ပျိုးပင်ကို စိုက်မယ်ဆိုရင်တော့ ပျိုးအိုးလေးတွေထဲကနေ အပင်လေးတွေကို ထုတ်ယူပြီး တစ်ပင်နဲ့တစ်ပင် နှစ်လက်မလောက်စီ ခွာပြီး စိုက်ပေးပါ။ ပျိုးပင်လေးတွေ အားလုံးစိုက်ပြီးပြီ ဆိုတာနဲ့ မြေဆွေးကို ခပ်ဖွဖွလေး ထပ်ဖြူးပေးပြီး ရေကိုအိုးအောက်ချေအထိ စိုတယ်ဆိုရုံလေးဘဲ လောင်းပေးပါ။ ပျိုးပင်ဖြစ်တဲ့အတွက် အမြှစ်က နုပါတယ် ရေအများကြီး လောင်းတဲ့အခါ အမြှစ်တွေ ပုပ်သွားတတ်ပါတယ် ဒါကြောင့်မို့လို့ နေ့စဉ်ရေကို တစ်နေ့တစ်ခါ ပုံမှန်လောင်းပေးရင် လုံလောက်ပါတယ်။ ဈေးကဝယ်လာတဲ့ ပူစီနံ အရိုးခပ်ရင့်ရင့်လေးတွေကို စိုက်မယ်ဆိုရင်လဲ အထက်ပါနည်းအတိုင်းဘဲ မြေဆွေးထဲမှာ အခက်လေးတွေကို အရွက်ဆစ် လေးဆစ်လောက် မြုပ်အောင် မြှုပ်ပေးပြီး အပေါ်မှ မြေဆွေးအနည်းငယ် ထပ်ဖြူ းကာ ရေကိုအိုးအောက်ချေအထိ စိုတယ်ဆိုရုံလေးဘဲ လောင်းလောင်းပေးပါ။ ဘယ်လိုနေရာတွေမှာ စိုက်မလဲ ပူစီနံပင်ဟာ စိုက်လို့အရမ်းလွယ်ပါတယ် ဒါပေမဲ့ အေးတဲ့ဒေသတွေမှာဆို နေရောင် ခပ္မ်ားမ်ား ရတဲ့နေရာမှာ စိုက်ဖို့လိုပါတယ် ပူတဲ့ ဒေသတွေမှာ ဆိုရင်တော့ အရိပ်အနည်းငယ်ရတဲ့ နေရာမှာ စိုက်သင့်ပါတယ်။ အပင်တွေ အမြှစ်တွယ်လာပြီး အရွက်နုတွေ တက်လာပြီဆိုရင်တော့ အရွက်နုတွေကို စားဖို့အတွက် ဖြတ်ဖြတ်ပေးပါ အရွက်နု ဖြတ်ချိန်ကစပြီး ရေကို ခပ်များများ လောင်းပေးဖို့ လိုလာပါပြီ။ အရွက်နုတွေကို ဖြတ်ဖြတ်ပေးလေလေ ကိုင်းတက်တွေ ပွားလာလေလေ အရွက်တွေကလဲ ပိုပြီး သန်မာလာလေလေပါဘဲ။ ပူစီနံပင်လေးတွေက ရာသီဥတု အရမ်းပူလာတဲ့ အချိန်ရယ် အရမ်းအေးလာတဲ့ အချိန်မျိုးတွေရယ်မှာ အပင်အရင်းက အရိုးရင့်တွေ ခြောက်လာတတ်သလို တစ်ချို့အပင်လေးတွေလဲ သေကုန်တတ်ပါတယ်။ အဲဒီလို ဖြစ်လာပြီဆိုရင် အကိုင်းခြောက်တွေရယ် အပင်သေလေးတွေရယ်ကို သတိထားပြီး ကပ်ကြေးနဲ့ ညှပ်ညှပ်ပေးပြီး ဖယ်ပေးရပါတယ်။ ပူစီနံဆိုတဲ့ အပင်မျိုးဟာ တစ်ခါစိုက်ပြီးရင် အမြဲတမ်း ပွားနေတဲ့ အမျိုးဖြစ်လို့ အရိုးခြောက်တွေနဲ့ အပင်သေတွေကို ဖယ်ပြီးတာနဲ့ ကျန်နေတဲ့ အပင်လေးတွေကို တနှစ်တစ်ခါလောက် ငုံးချေး ကြက်ချေးနဲ့ နွားချေးလိုမျိုး မြေသြဇာ အခြောက်တွေကို တစ်ခါလောက် ကျွေးပေးရပါမယ်။ သဘာဝ မြေသြဇာ အခြောက်တွေကို ကျွေးပြီးတာနဲ့ ရေကိုနေ့စဉ် နိူင်နိူင်လောင်းပေးပါ အပင်ရင့်လာပြီဖြစ်လို့ ရေအရမ်းကြိုက်ပါတယ်။ တစ်ခါစိုက်ပြီးရင် မိမိပြုစုရင် ပြုစုသလို ရှင်သန်ကြီးထွားကာ အပင်ပွားနူံးကောင်းပြီး အရမ်းကို သန်လွန်းတဲ့ ပူစီနံပင်တွေကို ပိုက်ဆိုင်နိူင်ကြပါစေရှင်။