Saturday, 28 March 2020

ငါးပိရည်ဖျော်


​ြမန်မာလူမျိုးတို့ ခံတွင်းက လူဆယ်ယောက်မှာ ကိုးယောက်လောက်က ငါးပိရည်ကို ကြိုက်ကြပါတယ် မာမာဆိုလဲ ငါးပိရည် မပါရင် ထမင်းမစားတတ်တာမို့လို့ နေ့တိုင်းလိုလို ထမင်းဝိုင်းမှာ ငါးပိရည် တို့စရာလေးတော့ ပါတတ်ပါတယ်။

ငါးပိရည်ကို အဖျော်လုပ်တဲ့အခါ ငါးကင် ငါးပြုပ် ပုဇွန်ခြောက်ထောင်းတို့ကို မိမိနှစ်သက်ရာ ငရုတ်သီးစိမ်းတို့ ငရုတ်သီး အလှော်မှုန့်တို့ ကြက်သွန်ဖြူ  ကြက်သွန်နီ ခရမ်းချဉ်သီးတို့နဲ့ အဆင်ပြေသလို အဖျော် လုပ်တတ်ကြပါတယ်။

မာမာကတော့ ဒီနေ့ငါးခူကို မီးကင်ပြီး ငါးပိရည်ကျို  အဖျော်လေး လုပ်ထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - လက်ဖက်ရည် အကြမ်းပန်းကန် ၄လုံးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် လိုအပ်သော ပါ၀င်ပစ္စည်းများ
  1. ငါးခူ - အကောင်ကြီးကြီး တစ်ကောင်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ
  4. ကြက်သွန်နီ - အနေတော် လေးလုံး
  5. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အမွှာလေးတွေ ထွင်ပေးပြီး အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကို အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်ဖုတ်ပေးပါ
  • ပြီးတာနဲ့ ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ငါးကို မလိုတာတွေ ဖယ်ပြီး ရေစင်အောင်ဆေးကာ ဘေးနှစ်ဖက်ကို ခပ်စိတ်စိတ်လေး မွှန်းပေးပါ
  • ပြီးတာနဲ့ အကျက်ညီစေရန် ငါးကို ဒုတ်နဲ့ထိုးပြီး မီးသွေးမီးဖိုရှိပါက ကျက်သွားအောင် ကင်ပေးပါ သို့မဟုတ်
  • အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်ကင်ပေးပါ
  • ပြီးတာနဲ့ ငါးကင်ကို အရိုးအသား သပ်သပ်စီ နွှင်ထားပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ မညက်တညက် ထောင်းပေးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ငါးကင် ငရုတ်သီးစိမ်း ငရုတ်သီး အလှော်မှုန့် အရသာမှုန့် ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက် ကြိတ်ပေးပါ
  • ထောင်းပြီးပါက ငါးပိရည် ပန်းကန်ထဲ ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြိးသိမ်းထားပါ
  • ငါးပိရည်အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Friday, 27 March 2020

သျှားဖြူသီးထောင်း








ဗီယက်နမ်ဈေးကနေ ဝယ်လာတဲ့ သျှားဖြူသီးလေးတွေကို နေ့လည်နေ့ခင်း အပျင်းပြေ စားရလေအောင် ချဉ်ငံစပ်လေး ထောင်းပါတယ်။

ထောင်းနည်းက လွယ်လွယ်လေးမို့လို့ လူတိုင်းလဲ ထောင်းတတ်ကြမှာပါ ဒါပေမဲ့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ထောင်းနည်းအလွယ်လေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သျှားဖြူသီး  - အလုံး ၁၀၀ခန့်
  2. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  3. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၃မွှာ
  6. ငါးငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
ပြင်ဆင်ပုံ
  • သျှားဖြူသီးကို ရေဆေးပြီး ရေစစ်ထားပါ။
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူ နှင့် ငရုတ်သီးအခြောက်တောင့်တို့ကိုထည့်ပြီး မညက်တစ်ညက် ထည့်ထောင်းပါ။
  • ပြီးတာနဲ့ သျှားဖြူသီးကို မညက်တစ်ညက် ထည့်ထောင်းပေးပါ။
  • အနည်းငယ် ညက်သွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ။
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ။
  • အရသာ သမသွားတာနဲ့ အရသာ သမအောင် ဇွန်းနှင့် မွှေပေးပါ။
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ သျှားဖြူသီး ချဉ်ငံစပ်ထောင်းလေးကို စားသုံရန် ပြင်ပေးးနိူင်ပါပြီ။

Thursday, 26 March 2020

ခရမ်းကြွတ်သီး ဆီလည်ရေလည်ဟင်း


ဒီနေ့တော့ ခရမ်းကြွတ်သီးလေးတွေ ဝယ်လာပြီး ပုဇွန်ထုတ်လေးတွေနဲ့ တောချက် ဆီလည်ရေလည်ချက်လေး ချက်ပါတယ်။

ငါးပိရည် ခပ်စပ်စပ်လေးနဲ့ နယ်ဖတ်ပြီး စားလို့ရအောင် ဆီကျန်ရေကျန်လေး ချက်ထားတာမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ လွယ်ကူမြန်ဆန် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းကြွတ်သီး - အလုံးနှစ်ဆယ်ခန့်
  2. ကြက်သွန်နီ ဥကြီးကြီး - တစ်ဥ
  3. ပုဇွန် - ဆယ်ကောင်ခန့်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာ ပြတ်အောင်လှီးပြီး ထက်ဝက်ခြမ်းပေးကာ ရေနာရီ၀က်လောက် စိမ်ထားပါ
  • အညိုရောင် အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီနှင့့်တို့ကို အခွံခွာပြီး ရေစင်အောင် ဆေးပေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီးထောင်းပေးပါ
  • ပုဇွန်ကို ရေစင်အောင်ဆေးပြီး အခွံခွာပြီး အစာအိတ်နှင့် အစာလမ်းကြောင်းကို ဖယ်ပေးပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာခရမ်းသီး နနွင်းမှုန့် ဆား ဆီ အရသာမှုန့်နှင့် ပုဇွန်တို့ကို ရောနယ်ပေးထားပါ
  • အိုးထဲမှာ အရသာ နယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ
  • ခရမ်းသီးနူးပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာရအောင် ပြင်ပေးပါ
  • အရသာ လိုသလို ပြင်ပေးပြီးတာနဲ့ ပုဇွန်ခရမ်းသီးတောချက် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

Wednesday, 25 March 2020

မုံလာဥ ချဉ်ရည်ဟင်း


ဒီနေ့တော့ ဗီယက်နမ် ဈေးကအပြန် မုံလာဥတွေ ဝယ်လာပြီး ပုဇွန်ထုတ်လေးတွေနဲ့ ထမင်းမြိန်စေမဲ့ မုံလာဥ ချဉ်ရည်ဟင်းလေး ချက်ပါတယ်။

မာမာ့တို့ ထမင်းဝိုင်းအတွက် ထမင်းမြိန်ဆေး ဟင်းရည်သောက်ဆမ်း တစ်မယ်ဆိုရင်လဲ မမှားပါဘူး ဒါကြောင့်မို့လို့ ထမင်းမြိန်မြိန်လေး စားရလေအောင် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုံလာဥဖြူ - အနေတော် ၃လုံး
  2. မုံညှင်ရွက် - အနေတော် တစ်ပင်
  3. ခရမ်းချဉ်သီး - အနေတော် လေးလုံး
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - ခပ်ပါးပါး သုံးပြား
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. မန်ကျည်းသီးအနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ပုဇွန်ထုတ် - ဆယ်ကောင်ခန့်
  15. နံနံပင် - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  1. မုံလာဥဖြူကို အခွံခွာပြီး ရေဆေးကာမိမိနှစ်သက်တဲ့ ပုံစံလေးတွေ လှီးပေးထားပါ
  2. မုံညှင်းပင်ကို သင့်သလိုလှီးပြီး  ရေဆေးထားပါ
  3. ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  4. ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်ပြီး အခွံခွာကာ မလိုတာတွေဖယ်ပြီး သန့်စင်ထားပါ
  5. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး  ညက်နေအောင် ထောင်းထားပါ
  6. နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  7. မန်ကျည်းသီး အနှစ်ကို ပြင်ထားပါ
  8. ဇောက်နက်သော အိုးထဲမှာ လှီးထားသော မုံလာဥများ မုန့်ညှင်းရွက်များ ခရမ်းချဉ်သီးများ နနွင်းမှုန့် ပုဇွန်ထုတ် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  9. အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  10. ရေပါက်ပွက် ဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  11. မုံလာဥနှင့် မုန့်ညှင်းရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  12. ရေပွက်ပွက်ဆူကာ မုံလာဥများ နူးလာပါက မကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး  ရေပွက်ပွက်ဆူအောင် ၄မိနစ်လောက် တည်ပေးပါ
  13. ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာရအောင် လိုသလို ပြင်ပေး၍ နံနံပင်အုပ်ကာ မီးပိတ်ပေးပါ
  14.  နံနံပင် အနံ့ လေး မွှေးနေတဲ့ မုံလာဥသီးစုံ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးလို့ ရပါပြီ။

Monday, 23 March 2020

ချဉ်ငံစပ် ငါးဖယ်သုပ်








ဒီတစ်ခါတော့ ဗီယက်နမ် ဈေးကနေ ငါးဖယ်ခြစ်လေးတွေ ဝယ်လာပြီး ကြာကြာအထားခံအောင် ငါးဖယ်ငါးဆုတ်လေးတွေ ကြော်ပြီး သိမ်းသင့်တာသိမ်းပြီး ပိုနေတာလေးတွေကို အသုပ်သုပ်စားချင်တဲ့ စိတ်လေး ပေါ်လာခဲ့ပါတယ်။

အဲဒါနဲ့ဘဲ အိမ်မှာရှိတဲ့ အသီးအရွက်လေးတွေကို ဆေးကြောပြီး လှီးပေးကာ ချဉ်ငံစပ်လေး သုပ်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်စားဖြစ်တဲ့ ငါးဖယ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငါးဖယ်ငါးဆုတ် - ဆယ်ခု 
  2. နံနံပင်  - အနည်းငယ်
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ဂေါ်ဖီ - တစ်စိတ်
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်သီး အလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. သံပုရာသီး - တစ်ခြမ်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ငရုတ်သီးစိမ်း - ခွန်နှစ်တောင့်ခန့်
  12. ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
  • ကြော်ပြီးသား ငါးဖယ်ကို ကပ်ကျေးနဲ့ ခပ်ပါးပါးလေးတွေ ညှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခြစ်နှင့် ခြစ်ထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပဲမှုန့် ငါးငံပြာရည် ငရုတ်သီးအလှော်မှုန့် ကြက်သွန်နီ ဆီချက်နှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
အသုပ် တပွဲစာပြင်ရန်
  • ဇလုံတစ်လုံးထဲမှာ ခပ်ပါးပါး ညှပ်ထားသော ငါးဖယ် ကြက်သွန်နီ ငရုတ်သီးစိမ်း မုံလာဥနီနှင့် ဂေါ်ဖီတို့ကိုထည့်ပေးပါ
  • ကြက်သွန်နီဆီချက် ငါးငံပြာရည်  ပဲအကျက်မှုန့် ငရုတ်သီး အလှော်မှုန့်   အရသာမှုန့် သံပုရာရည် တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်စုံ အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ
  • ငါးဖယ်သုပ် ချဉ်ငံစပ်ကို ထမင်းပူပူလေးနှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Saturday, 21 March 2020

ငါးသေတ္တာဟင်း



ဒီနေ့တော့ ချက်နည်းအရမ်းလွယ်ပြီး မြန်မြန်ဆန်ဆန်နဲ့ ဟင်းတစ်မယ်ကို ရစေမဲ့ ငါးသေတ္တာ ပြန်ချက်ဟင်းလေး ချက်ပါတယ် ချက်ရတာ မြန်သလောက် စားလို့အရမ်းကောင်းတဲ့ ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

ငါးသေတ္တာ - ဗူးကြီး တစ်ဗူး
ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
ဆီ - ထမင်းစားဇွန်း လေးဇွန်း
ခရမ်းချဉ်သီး - အလုံးကြီးကြီး နှစ်လုံး 

ပြင်ဆင်ပုံ
ငါးသေတ္တာဗူးကို ဖောက်ထားပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အဖတ်လေးတွေ ရလာအောင် လှီးထားပါ
ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး လေးစိတ်စိတ်ထားပါ
ဆီကိုအပူပေးပြီး ကြက်သွန်နီကို နွမ်းအောင်ကြော်ပေးပါ
ကြက်သွန်နီ နွမ်းတာနဲ့ ငါးသေတ္တာနှင့် ဆားတို့ထည့်ပြီး ရေအနည်းငယ်ထည့်ကာ ရေဆူအောင်တည်ပေးပါ
ရေဆူလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကို ထည့်မွှေပြီး တစ်မိနစ်လောက် တည်ပေးပြီးပါက ငါးသေတ္တာဟင်း  ရပါပြီ။


Saturday, 14 March 2020

ကြက်သား ပဲသီးအစိမ်းကြော်


အခုရက်ထဲ ရာသီဥတုကလဲ မတည်ငြိမ်သေးသလို တောမီးတွေကလဲ ဟိုတစ်ကွက် ဒီတစ်ကွက် လောင်နေဆဲမို့လို့ ထွေလီကာလီတွေလဲ သိပ်မချက်ဖြစ်ပြန်ပါဘူး။

ဒီနေ့တော့ ထမင်းပူပူ ဟင်းပူပူလေး စားရလေအောင် ကြက်သားပဲသီး အစိမ်းကြော်လေး ကြော်ဖြစ်တာနဲ့ မာမာကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 100 g
  2. ပဲတောင့်ရှည် - ဆယ်တောင့်ခန့်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ

ကြက်သားအရသာနယ်ရန်

  1. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ပြောင်းကော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  1. ကြက်သားကို အတုံးလိုက် ရေဆေးပြီး ခပ်သေးသေး အမြှောင်းလေးတွေလှီးကာ အရသာ နယ်ထားပါ
  2. ပဲတောင့်ရှည်ကို ရေဆေးကာ ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
  3. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  4. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  7. ဆီပူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထဲ့ကြော်ပေးပါ
  8. ကြက်သားအသား မာလာတာနဲ့ ရေအနည်းငယ်ထဲ့ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
  9. အိုးထဲမှာ ရေခမ်းသွားပြီး ဆီပြန်ထွက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပါ
  10. ကြက်သွန်နွမ်းတာနဲ့ မုံလာဥနီ ဆား အရသာမှုန့်နှင့် ပဲသီးတို့ကို ထည့်ကြော်ပါ
  11. အိုးမကပ်စေရန် အိုးကိုမကြာမကြာ လှုပ်ပေးပါ
  12. အသီးများ နွမ်းလာတာနဲ့ ပဲငံပြာရည်ထည့်ပေးပြီး အရသာ သမအောင် မွှေပေးပါ 
  13. ပြီးတာနဲ့ အရသာမြည်းကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  14. အရသာ ပြင်ပြီးတာနဲ့ ကြက်သားပဲသီးကြော် ချိုစိမ့်စိမ့်လေးကို ထမင်းပူပူ ဟင်းပူပူလေး တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိုင်ပါပြီ။