Monday, 20 June 2016

အသားတု အချဉ်ဆီပြန်ဟင်း






အသားမစားချင်ဘူးလို့ ပြောလိုက်တာနဲ့ ဒီအမေက ထုံးစံအတိုင်း အသီးအရွက်တွေ ဟိုကဆွဲထုတ် ဒီကဆွဲထုတ် ဘယ်လိုများ ချက်ပေးရင် ကောင်းမလဲလို့ စဉ်းစားရင်း အိမ်ရှေ့လျှောက် အိမ်နောက်လျှောက်နဲ့ ခေါင်းတွေခြောက်ရတာလဲ အကြိမ်ကြိမ်ပါဘဲ။

အဲဒီလိုနဲ့ဘဲ ဒီနေ့တော့ အသီးအရွက်တွေအစား အသားတုကို ခရမ်းချဉ်သီးဗူးဖောက်ပြီး ဆီပြန်ချက်ပေးဖြစ်တာမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အသားတု - 200 g
  2. ခရမ်းချဉ်းသီး အနှစ်ဗူး - ready made 400 g တစ်ဗူး
  3. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ အသားတု အရသာနယ်ရန်)
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ (အသားတု အရသာနယ်ရန်)
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အသားတု အရသာနယ်ရန်)
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
  8. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  9. ကြက်သွန်နီ - အနေတော် တစ်လုံး
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဟင်းအိုးထဲထည့်ရန်)

အသားတု အရသာနယ်ရန်
  • အသားတုကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက်စိမ်ထားပါ
  • ရေစိမ်ပြီး ပွလာပါက ရေများကုန်သလောက်ရှိအောင် ညှစ်ပေးကာ ဇလုံထဲ ထည့်ထားပါ
  • နနွင်းမှုန့်
  • ဟင်းချိုမှုန့်
  • နနွင်းမှုန့် 
  • ဆား အားလုံးတို့ကို အသားတု ဇလုံထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ
ပြင်ဆင်ပုံ
  • အသားတုနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောပြီး ညက်အောင်ထောင်းထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းတို့ကို မွှေးလာအတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးဗူးကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော အသားတုနျင့် ဆားတို့ကိုထဲ့ပြီး မွှေပေးပါ
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ မခမ်းခင် အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက ချဉ်ဖြုံ့ဖြုံ့ အရသာနဲ့ မွှေးလွန်းတဲ့ အသားတု အချဉ်ဆီပြန်ဟင်းကို စားသုံးနိုင်ပါပြီ။

Sunday, 19 June 2016

ချဉ်ငံစပ် တို့ဟူးသုပ်




မနက်စောစော အဆာပြေ အစာလေးဘဲဖြစ်ဖြစ် နေ့လည်အဆာပြေ အစာလေးဘဲဖြစ်ဖြစ် အသုပ်လေးသုပ် ထမင်းလေးနဲ့ စားရတာလဲ မြန်မာပြည်ကို အလွမ်းတွေ ပြေစေသလို ကိုယ့်လက်ရာလေး မိသားစု စားတာမြင်ရရင် အင်မတန်မှ ပီတိတွေ ဖြစ်ရပါတယ်။

တို့ဟူးသုပ် တို့ဟူးကြော်ဆိုရင် ဘယ်အချိန်လာလာ စားချင်တာမို့ မြန်မာပြည်မှာ နေထဲက ကိုယ့်ဘာသာကိုယ် ကျိုတတ်အောင် အမျိုးမျိုး စမ်းပြီးကျိုပါတယ်။

အရသာ အမျိုးမျိုး ထွက်အောင်လဲ ကျိုကြည့်ဖူးလေတော့ အခုလဲ တို့ဟူးကို ဆားအရသာထည့်ပြီး ကျိုထားတာလေး ပြောပြချင်ပါတယ် အစိမ့်ခပ်ပေါ့ပေါ့ မဟုတ်ဘဲ အစိမ့်ခပ်လေးလေး အရသာလေးမို့ တို့ဟူးအရသာကို ပိုပြီးပေါ်စေပါတယ်။

တို့ဟူးကျိုရန် ပါ၀င်ပစ္စည်းများ
  1. ပဲအစိမ်းမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးကို ရေ ၄ဗူးခွဲနှင့် ၅နာရီလောက် အနည်းဆုံးစိမ်ထားပါ
  2. ပဲကျိုပြီးသားထည့်ရန် အနေတော် စတီးဇလုံကို ဆီသုပ်ထားပေးပါ
  3. ပဲကျိုမည့်အိုးကို အောက်ခြေထူပြီး မကပ်သော အိုးကိုသုံးကာ အပူပေးပါ
  4. အိုးပူလာတာနဲ့ ပဲရည်ကို အရင်ထည့်ပြီး ၂မိနစ်လောက် ပြစ်လာအောင် ကျိုလိုက်ပါ
  5. ပဲရည်ပြစ်လာတာနဲ့ ကျန်နေသော ပဲအနှစ်များကို မုန့်လုပ်လျှင်သုံးသော ဂျုံစစ်ဇကာခံကာ ပဲရည်အိုးထဲလောင်းချပါ
  6. ဆီ ထမင်းစားဇွန်း ၂ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိထည့်ပြီး ဆက်တိုက်မွှေပေးပါ
  7. ၁၁မိနစ်လောက်နေရင် ပဲအနှစ်ပြစ်လာပြီဆိုတာနဲ့ ဆီသုပ်ထားသော ဇလုံထဲကို ခပ်မြန်မြန်လောင်းချပါ
  8. မျက်နှာပြင် ညီအောင်ညှိပြီး နာရီ၀က်လောက် အအေးခံကာ လိုသလို စားသုံးနိူင်ပါပြီ
ချဉ်ငံစပ် အသုပ်သုပ်ရန်
  • တို့ဟူးကို အနေတော် အတုံးလေးတွေ လှီးပေးပါ
  • မန်ကျည်းသီးမှည့် ကွမ်းသီးဆံလုံးလောက်ကို ရေဆေးပြီး ရေနွေးနွေးဖြင့် စိမ်ထားပါ
  • ပဲအကျက်မှုန့် ငရုတ်သီးအလှော်မှုန့် ငါးငံပြာရည် ပုဇွန်ခြောက်မှုန့် ကြက်သွန်ဖြူဆီချက် အရသာမှုန့် နံနံပင် ခပ်ပါးပါးလှီး ကြက်သွန်နီ ခပ်ပါးပါးလှီးပြီး ပြင်ထားပါ
  • တစ်ပွဲစာ တို့ဟူးကို ဇလုံထဲထည့်ပြီး နံနံပင် အနည်းငယ် ကြက်သွန်နီ အနည်းငယ် ပဲမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက် ပုဇွန်ခြောက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက် ငရုတ်သီးမှုန့် ကြိုက်သလောက် ငံပြာရည် ထမင်းစားဇွန်း တစ်၀က် မကျည်းမှည့်ရည် ထမင်းစားဇွန်း တစ်၀က် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က် ဆီချက် ထမင်းစားဇွန်း တစ်ဇွန်းခွဲထည့်ပြီး ခပ်ဖွဖွလေး နယ်ပေးပါ
  • ဂေါ်ဖီနှင့် နံနံပင်တို့ထည့်ပြီး သုပ်လိုက သုပ်နိုင်ပါတယ်
  • အရသာ သမအောင် နာ်ပေးပြီးတာနဲ့  အရသာရှိသော ချဉ်ငံစပ် တို့ဟူးသုပ်လေး ရပါပြီ

ဒီနေ့တော့ မနက်ထဲက ရွာလိုက်တဲ့မိုး တနေကုန်အုံ့ဆိုင်း မှိုင်းဝေနေလေတော့ ဟင်းခါးပူပူလေးနဲ့ တို့ဟူးသုပ်လေး စားချင်မိသွားတယ် ဒီတော့လဲ မာမာ့ထုံးစံအတိုင်း စားချင်တာကို စားလိုက်ရမှ နေသာထိုင်သာလေးက ရှိလေတော့ ကုလားပဲ အစိမ်းမှုန့်ကို တို့ဟူးကျိုလေ သတည်းပေါ့။

တို့ဟူး တုံတုံအိအိလေး ကျိုဖြစ်သွားတော့ အအေးခံပြီး သကာလလို့ သုပ်ဖို့ပြင်ရပြန်ကာ ခပ်မောမောနဲ့ဘဲ သုပ်လိုက်ပါတယ် တို့ဟူးကျို နည်းလေးကတော့ မာမာ့ဘလော့ထဲမှာ ရေးပြီးသားဖြစ်လို့ ဟင်းခါးပူပူ ထမင်းပူပူလေးနဲ့အရမ်းလိုက်ဖက်တဲ့ တို့ဟူးသုပ်နည်းလေးကိုဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ကျိုပြီးသား တို့ဟူး - သုံးလက်မပါတ်လည်စာ တစ်တုံး
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ (ဆီချက်ချက်ရန်)
  3. ပဲအကျက်မှုန့် - လိုသလောက် ပြင်ပေးထားပါ
  4. အချိုမှုန့် - လိုသလောက် ပြင်ပေးထားပါ
  5. ကြက်သွန်နီ - အနေတော် တစ်လံးေ
  6. ရှောက်ရွက်အနု - နှစ်သက်သလောက်
  7. မန်ကျည်းသီးမှည့် - ကွမ်းသီးလုံး တစ်လုံးစာလောက်
  8. ငါးငံပြာရည် - လိုသလောက် သုံးပေးပါ
  9. ဆီ - လိုသလောက် သုံးပေးပါ
  10. ငရုတ်သီးအကျက်မှုန့် - နှစ်သက်သလောက် သုံးပေးပါ

ကြက်သွန်ဖြူဆီချက် ချက်ရန်
  • ကြက်သွန်ဖြူ  အမွှာကြီးကြီး ဆယ်မွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာဆီ ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူးစာနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့်မွှေပါ
  • ကြက်သွန်ဖြူများ အ၀ါရောင် သန်းလာပြီး ကြွတ်လာတာနဲ့ ဆယ်ပေးကာ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပါ
  • ဆီကိုအအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်များကို ရောပေးပါ

    ပြင်ဆင်ပုံ
    1. တို့ဟူးကို မထူမပါးလေးတွေ လှီးပေးကာ ဇလုံတစ်လုံးထဲမှာ ထည့်ထားပါ
    2. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
    3. ရှောက်ရွက်ကို ရေဆေးပြီး ပါးပါးရိပ်ရိပ်လေးတွေ လှီးထားပါ
    4. မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေစိမ်ထားပါ
    5. လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ထားပါ
    6. ဇလုံတစ်လုံးထဲမှာ တို့ဟူးတစ်ပွဲစာကို ထည့်ထားပေးပါ
    7. ထိုဇလုံထဲမှာ ကြက်သွန်နီ အနည်းငယ် ရှောက်ရွက် အနည်းငယ် ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ဆီချက် ထမင်းစားဇွန်း နှစ်ဇွန်းခွဲ  အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီးအကျက်မှုန့် တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
    8. အရသာ သမသွားတာနဲ့ မြည်းပေးပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာကို ပြင်ပေးကာ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ချဉ်ငံစပ် တို့ဟူးသုပ် အသုပ်ပွဲကို ပြင်ဆင်ပေးနိုင်ပါပြီ။

    Saturday, 18 June 2016

    ဒလူးငါး အိုးကပ်ဆီပြန်ဟင်း မွှေးမွှေးလေး







    ဒီငါးဟင်းလေး ချက်မိတော့ မြန်မာပြည်က အမေ့အိမ်ကို အရမ်းလွမ်းမိပါတယ် မိုးတွင်းရောက်တိုင်း အမေချက်နေကျ ဟင်းတမယ်ပါ ဒီလို ရောတိရောရာ ငါးမျိုးစုံလေးတွေကို လယ်တောထဲကနေရပြီး ငါးကြီးကြီးမားမား မပါဘဲ ငါးစရစ် ငါးဒေါင်စင်း ငါးဖျဉ်းစလက် ငါးခုံးမ ငါးဇင်ရိုင်း ငါးလက်ကပ် ငါးနက်ပြာ လယ်ငါးခူ ပလီမ ရေပိုး ဒေါင်းပဆိတ် ဂဏန်းလုံး ပုဇွန်ဆိတ် စသည့်ငါးပုဇွန်လေးတွေ အားလုံးဟာ အကောင်ကြီးတွေ မဟုတ်ဘဲ ခပ်သေးသေးလေးတွေဘဲ ဖြစ်ပါတယ်။

    အဲဒီငါးလေးတွေကို ငါးရှာသူဟာ ဒလူးလို့ခေါ်တဲ့ နှီးဝါးနဲ့ယက်ထားတဲ့ ဇကာချွန်ပြန့်ပြန့်ကို ၀ါးလုံး၂လုံးဘေးမှာ တပ်ကာ ပြုတ်မထွက်အောင် ခြည်နှောင်၍ ရင်နဲ့တွန်းပြီး ငါးကိုဖမ်းရတဲ့ ပစ္စည်းပါ ဘေးနှစ်ဖက်မှာ လက်ကိုင်ကိုင်း ၀ါးလုံးအရှည် ၂ခုပါပြီး လူတကိုယ်စာ ၀င်စာသာသာ ခပ်ကားကားလေး လုပ်ထားပြီး အဲဒီကိုင်း၂ဖက်ထဲ လူရဲ့ကိုယ်လုံးက၀င်ပြီး ကိုင်းနှစ်ဖက်ကို ကိုင်ကာ အားစိုက်ပြီး တွန်းရပါတယ်။

    မိုးဦးကျ မြစ်ရေချောင်းရေတို့နဲ့ လယ်တောထဲကို ပါလာတဲ့ ငါးသားပေါက်တွေဖြစ်ပြီး စပါးမစိုက်ရသေးတဲ့ လယ်ထဲက ရေတွေထဲမှာ နေကြပါတယ် အဲဒီသားပေါက်လေးတွေရဖို့ ဒလူးကို လက်နှစ်ဖက်နဲ့ကိုင်က အားနဲ့ပြေးရင်း တွန်းရပါတယ် အဲလိုပြေးရင်း ဇကာပေါက်လို စကာပြန့်ပြန့်ထဲမှာ တင်ပြီးပါလာတဲ့ ငါးမျိုးစုံကို ဒလူးငါး ရင်တွန်းငါးဆိုပြီး ပြောကြတာ ဖြစ်ပါတယ်။

    အဲဒီလိုငါးလေးတွေကို ဒလူးထိုးတဲ့သူက မနက်ထဲစောစောထဲက လယ်ထဲမှာ ထွက်ထိုးရကာ နေမွန်းတည့်မှ လယ်ထဲကနေ ပြန်လာကြပါတယ် နေ့လည်ဆယ့်နှစ်နာရီလောက်ဆို လမ်းထဲမှာ လိုက်ရောင်းပြီး လာရောင်းတဲ့အချိန်က မနက်စာ မမှီတဲ့အတွက် မိသားစုတွေရဲ့ ညစာဖြစ်ခဲ့ရပြီး မိုးတွင်းကာလမှာ မပါမဖြစ်တဲ့ ဟင်းတမယ်ပါ။

    နူးညံ့တဲ့အတွက် ချက်ရတာမြန်ပြီး အငံလေးလေး ချက်ရတဲ့အတွက် ထမင်းတပန်းကန်အတွက် ငါးဟင်း ထမင်းစားဇွန်း တဇွန်းသာသာလောက်ဆို လောက်ငပါတယ် ခေါင်းတရာသား အရိုးပါ ၀ါးစားနိုင်တဲ့အတွက် အရိုးတွေကိုလဲ သန်မာစေပါတယ်။

    ဒလူးငါးဟင်းက တကယ်တော့ မြန်မာပင်စိမ်းရွက် အုပ်ပြီးချက်ရတာပါ ချက်နေစဉ်မှာဘဲ ငါးပင်စိမ်းအုပ်ဟင်းနံ့က  တလမ်းလုံးကို ထမင်းဆာစေတဲ့ ဟင်းတမယ်ဆိုလဲ မမှားပါဘူး မာမာကတော့ မြန်မာပင်စိမ်း မရတဲ့ ဒေသမှာမို့ နံနံပင်အုပ်ကာ နတ်သုဒ္ဒါဟင်းတမယ်ကို အမေ့နည်းအတိုင်း ချက်လိုက်ပါတယ်။

    အခုချက်တာကတော့ ဒလူးငါးအစစ် မဟုတ်သလို ငါးနဲ့ပုဇွန် နှစ်မျိုးသာရနိုင်တဲ့ အရပ်ဒေသမှာ မြန်မာပြည် အလွမ်းပြေ အဆင်ပြေသလိုလေး မာမာ့အမေ ချက်တဲ့နည်းအတိုင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ

    1. ငါးသားလေး - 500 g
    2. ပုဇွန်သားလေး - 200 g
    3. ဆီ - ဟင်းခတ်ဇွန်ဇွန်းကြီး တစ်ဇွန်းသာသာ
    4. ကြက်သွန်နီ - အနေတော် တစ်ဥ
    5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
    6. ချင်း - လက်တစ်ဆစ်ခန့်
    7. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
    8. ငါးငံပြာရည် - ထမင်းစားဇွန်း - နှစ်ဇွန်း
    9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
    10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
    11. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    12. နံနံပင်( သို့ )ပင်စိမ်း - နှစ်သက်သလောက်

    ပြင်ဆင်ပုံ
    1. ငါးနှင့် ပုဇွန်တို့ကို မလိုတာတွေဖယ်ပြီး ရေစင်အောင်ဆေးပြီး ဆား ငါးငံပြာရည် အချိုမှုန့် နနွင်းမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ထားပါ
    2. ရောပြီးအရသာမနယ်ချင်ပါက ငါးနှင့်ပုဇွန်ကို သတ်သတ်ဆီ အရသာ နယ်ထားပါ
    3. ချင်း ကြက်သွန်ဖြူ ကြက်သွန်နီ တို့ကို ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောပြီးထောင်းထားပါ
    4. နံနံပင် သို့မဟုတ် ပင်စိမ်းရွက်ကို ရေဆေးထားပါ
    5. အောက်ခြေမကပ်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
    6. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို မွှေးလာတဲ့ထိ ထည့်မွှေပါ
    7. ငရုတ်သီးဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသောငါးကို ထည့်ပြီးဆီသတ်ပါ
    8. ဆီသတ်နေစဉ် ငါးထဲမှ ထွက်လာသော အရည်များခမ်းတဲ့ထိ အိုးကို မကြာမကြာ လှုပ်လှုပ်ပေးပါ
    9. ရေခမ်းပြီဆိုတာနဲ့ ငါးများရေမြုပ်အောင် ရေထပ်ထည့်ပေးပြီး ဆက်တည်ပါ
    10. ရေခမ်းကာနီးပါက နံနံပင် သို့မဟုတ် ပင်စိမ်းအုပ်ကာ အိုးကို လှုပ်ပေးပါ
    11. ငါးအသားများ မကျေစေရန် အရမ်းမွှေမပေးရပါ
    12. ဆီပြန်ပြီး အိုးကပ်ပြီဆိုတာနဲ့ ဒလူးငါးအိုကပ်ဆီပြန်ဟင်း မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးနိုင်ပါပြီ။

    Friday, 17 June 2016

    ဆိတ်သားကင်



    ဒီအတိုင်းလေးဘဲ စားရင်ကောင်းမလား ရေနွေးကြမ်းလေးနဲ့ သောက်ရင်ကောင်းမလား ထမင်းပူပူလေးနဲ့ စားရင်ကောင်းမလား အတွေးတွေ နယ်ချဲ့ရင်းနဲ့ နောက်ဆုံးတော့ နှစ်သက်သလို သုံးဆောင်နိုင်ဖို့ ဆိတ်သားခြောက်မွှေးမွှေးလေး မီးကင်ဖြစ်လို့ အခြောက်လှန်းနည်း မီးကင်နည်းလေး မျှဝေပေးလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ

    1. ဆိတ်သား - 1 kg
    2. သံပုရာသီး - တစ်လုံး
    3. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
    5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
    6. ချင်းအရည် - ထမင်းစားဇွန်း တစ်ဇွန်း
    7. ဆီ - လိုသလောက်

    ပြင်ဆင်ပုံ
    • ဆိတ်သားကို  ရှည်ရှည် အမြှောင်းလေးတွေ လှီးပေးပါ
    • ဆိတ်သား အနံ့ပျောက်စေရန် သံပုရာရည်နှင့်နယ်ကာ ရေစင်အောင်ဆေးပြီး ရေခြောက်အောင် paper towel နှင့်သုတ်ပေးပါ
    • ရေခြောက်တာနဲ့ ခနောကြက်သားမှုန့် ဆား ချင်းကိုထောင်းပြီး ယူထားသော  ချင်းအရည် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပြီး နေပူပူမှာ ခြောက်သွေ့နေအောင် လှန်းထားပေးပါ
    • နေအပူရှိန် အပေါ်မူတည်ပြီး အနည်းဆုံး ၄ရက်လောက် လှန်းပေးပါ
    • ခြောက်သွေ့လာပြီဆိုတာနဲ့ မီးသွေးမီးဖိုပေါ်မှာ ကင်ပြစ်ပေါ်တင်ပြီး မီးအေးအေးနဲ့ ကင်ပေးပါ
    • ကင်နေစဉ် အသားများ အကျက်ညီစေရန် လှည့်လှည့်ပေးပါ
    • အသားများ ကျက်လာပြီဆိုရင် မီးဖိုပေါ်ကဖယ်ထားပါ
    • အသားများပူနေတုန်း သစ်သားငရုတ်ကျည်ပွေ့နှင့် စဥ့်နီတုံးပေါ်တင်ပြီး ထုပေးပါ
    • အသားများ မွလာပြီဆိုတော့မှ အသားမျှင်များရအောင် ထွင်ပေးပါ
    • ပြီးတော့မှ ပဲဆီမွှေးမွှေးလေး စိမ်ပြီး နှစ်သက်သလို စားသုံးနိုင်ပါပြီ
    • ထိုနည်းအတိုင်း အမဲသား သိုးသားတို့ကိုလဲ ကြော်နိုင်ပါတယ်။

    Thursday, 16 June 2016

    ကြက်သား သရက်သီး​ခြောက်​ဆီပြန်



    အနှစ်များများ ချဉ်ဖြုံ့ဖြုံ့အရသာနဲ့ စားလို့အရမ်းကောင်းတဲ့ ကြက်သား သရက်သီးခြောက် အရသာမွှေးနေတဲ့ ကြက်သားဆီပြန် ဟင်းချက်နည်းလေး မျှဝေလိုက်ပါတယ်။

    ကြက်သားအရသာနယ်ရန်

    • ကြက်ပေါင်သား - 500g 
    • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
    • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
    • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
    • ဆား - လက်ဖက်ရည်ဇွန်း တဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

    ဟင်းချက်ရန် လိုသောပစ္စည်းများ

    1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
    2. ကြက်သွန်ဖြူထောင်းရန် - အမွှာကြီးကြီး ၃မွှာ
    3. ကြက်သွန်နီ မညက်တညက်ထောင်းရန် - ခပ်ကြီးကြီး တဥ
    4. ချင်းထောင်းရန် - လက်တဆစ်ခန့်
    5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
    6. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
    7. သရက်သီးခြောက် - အနည်းငယ်
    8. လေးညှင်း - တပွင့်
    9. ဖာလာ - တစေ့
    10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
    ပြင်ဆင်ပုံ
    • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
    • သရက်သီးခြောက်ကို ဟင်းမချက်ခင် တနာရီလောက်က ကြိုပြီးရေစိမ်ထားပါ
    • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
    • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်း ငရုတ်ကောင်းမှုန့် ဖာလာ လေးညှင်းနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
    • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
    • ကြက်သားအသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
    • အသားများမာလာမှ ရေစိမ်ထားသော သရက်သီးခြောက်နှင့် ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
    • သရက်သီးခြောက်များ နူးပြီးကျေလာအောင် တည်ပေးပါ
    • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
    • ရခမ်းပြီး ဆီပြန်လာပါက သရက်သီးချဉ်ဖြုံ့ဖြုံ့ အရသာနဲ့ မွှေးလွန်းတဲ့ ကြက်သားအချဉ်ဆီပြန်ကို စားသုံးနိုင်ပါပြီ။

    Wednesday, 15 June 2016

    ကြက်အူချောင်း ကော်ပြန့်စိမ်း




    နေ့လည်နေ့ခင်း အစာပြေစားဖို့ ကြက်အူချောင်း ကော်ပြန့်လိပ် လိပ်ဖြစ်လို့ လွယ်ကူမြန်ဆန်ပြီး စားလို့ကောင်းတဲ့ ပြင်ဆင်နည်းလေး မျှဝေလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ
    • ကြော်ပြီး လေးစိတ်စိတ်ကာလှီး၍ အဆင်သင့် ပြင်ထားသော - ready made ကြက်အူချောင်း ၆ချောင်း
    • အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း လှီးထားသော မုံလာဥနီ  - တဥ
    • ရေဆေးကာ ပုံပါအတိုင်း လှီးထားသော ဂေါ်ဖီအကြွတ် - ဟင်းပြင်ပန်းကန် အလတ်တလုံး
    • ရေဆေးထားသော ဆလတ်ရွက် - ၁၂ရွက်
    • ready made ငရုတ်သီးအချဉ် - လိုသလောက်
    • Rice paper - ၁၂ရွက်
    ကြက်အူချောင်းကြော်ရန်
    1. အိုးမကပ်သော ဒယ်အိုးတလုံးထဲ ဆီ ထမင်းစားဇွန်း တဇွန်းထည့်ပါ
    2. ဆီပူလာတာနဲ့ မီးအနေတော်လျှော့ပြီး ကြက်အူချောင်းကို ထည့်၍ ဆီထဲမှာ လှိမ့်ပေးပါ
    3. ကြက်အူချောင်းများကို မကြာမကြာ လှည့်ပေးပြီး ၃မိနစ်လောက် ကြော်ပြီးပါက ဆယ်ပြီး ဆီစစ်ထားပါ
    4. ဆီစစ်ပြီးအေးတာနဲ့ကြက်အူချောင်းကို လေးစိတ်ခြမ်းပြီး လှီးထားပါ
    ပြင်ဆင်ပုံ
    • ကြော်ထားသော ကြက်အူချောင်းကြော် အေးတာနဲ့ ဆန်ပြားရွက်ကို ရိုးရိုးရေအေးနှင့် ပန်းကန်ပြားတချပ်ထဲ ထဲ့ပြီး စက္ကန့်၂၀လောက်ဘဲ ပျော့လာတဲ့ထိ စိမ်လိုက်ပါ
    • စိမ်ပြီးတာနဲ့ ပန်းကန်ပြားတချပ်ပေါ် ဖြန့်တင်ပြီး ခင်းပေးပါ
    • ဆန်ပြားရွက်ပေါ်မှာ ဆလတ်ရွက်ကို ခင်းပြီး အပေါ်မှ မုံလာဥနီတထပ် ဂေါ်ဖီတထပ် ကြပ်အူချောင်းကြော်တို့ကို အနေတော် ထည့်ပေးပါ
    • ပုံထားသော အစာများဧ။် အောက်ဖက်မှ အစာကိုအုပ်ပြီး ကော်ပြန့်ဖတ်ကို စလိပ်ပေးပါ
    • ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစဆီ ခေါက်ပေးပါ
    • နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
    • ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ကို ရေစိမ်ပြီး 
    • ထပ်လိပ်ပေးပါက လှီးတဲ့အခါ လှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်
    • ကြက်အူချောင်းကော်ပြန့်စိမ်းကို နှစ်သက်ရာအချဉ်နဲ့ တွဲဖက်ပြီး စားနိုင်ပါပြီ။

    Tuesday, 14 June 2016

    ကြက်​သားဆီပြန်​ ဂေါ်ရင်ဂျီချက်


    ထမင်းမိန်မိန် သုံးဆောင်ရအောင် ဒီနေ့တော့ ကြက်သားဂေါ်ရင်ဂျီချက် မွှေးမွှေးလေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ
    ကြက်သားအရသာနယ်ရန်

    • ကြက်သား ကြက်အသည်း - 500g (အသားများကို အနေတော်တုံးထားပါ)
    • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
    • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
    • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
    • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
    • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
    • လေးညှင်းပွင့် - ၃ပွင့် အားလုံးကိုရောပြီး ကြက်သားထဲအရသာဝင်အောင် နယ်ထားပါ

    ဟင်းချက်ရန်

    1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
    2. ကြက်သွန်ဖြူထောင်းရန် - ငါးမွှာ
    3. ကြက်သွန်နီ မညက်တညက်ထောင်းရန် - ခပ်ကြီးကြီး တဥ
    4. ချင်းထောင်းရန် - လက်တဆစ်ခန့်
    5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
    6. ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တဇွန်း
    7. ပျဉ်းတော်သိမ်းရွက် - ၃ခက်
    8. မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
    9. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
    ပြင်ဆင်ပုံ
    • ကြက်သားဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကိုပြင်ထားပါ
    • မကျည်းသီးမှည့်ကို ရေမြုပ်အောင် စိမ်ထားပါ
    • ဇောက်နက်တဲ့ အိုးထဲမှာ ကြက်သားအရသာနယ်နှင့် ဆီထည့်ပါ
    • ထိုကြက်သားထဲကို ကြက်သွန်ဖြူ နီ ချင်းစပါးလင်ထောင်းနှင့် ငရုတ်သီးမှုန့်တို့ကိုထည့်ပြီး ရေအနည်းငယ်ထည့်ကာ လုံးချက်ချက်ပေးပါ  
    • ကြက်သားများ လုံးနေစဉ် အိုးမကပ်စေရန် အိုးကို လှုပ်လှုပ်ပေးပါ
    • အသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
    • အသားများမာလာမှ မကျည်းသီးမှည့်ကို အရည်ဖျော်ပြီး ထည့်ပေးပါ
    • မကျည်းမှည့်ရေနှင့်အတူ ကြက်သားများထဲ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
    • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ပျဉ်းတော်သိမ်းရွက်နှင့် မဆလာကိုအုပ်ပြီး ဆီပြန်အောင် ချက်ပေးပါ
    • ရခမ်းပြီး ဆီပြန်လာပါက ကြက်သားဂေါ်ရင်ဂျီချက် ဆီပြန်မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။