Thursday 4 June 2020

ပုဇွန်ချဉ်လုပ်နည်း












ဒီနေ့တော့ ပုဇွန်ချဉ်လေး ထည့်ထားတာ ရလာပြီမို့လို့ ပုဇွန်ချဉ်ထည့်နည်း များစွာထဲက နောက်တစ်နည်းနဲ့ ထည့်ဖြစ်ထားပြီး မာမာပြင်ဆင်ပြီး ထည့်ထားတဲ့ ပုဇွန်ချဉ် ထည့်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပုဇွန်ချဉ် ထည့်တဲ့အခါမှာ ထမင်းကို ဆန်အမာကို ချက်ထားတဲ့ ထမင်းက ပိုပြီးကောင်းပါတယ် ဆန်အပျော့ဆိုရင် ပုဇွန်ချဉ် ထည့်တဲ့အခါ အရည်များ အရမ်းထွက်လွယ်ပြီး ပျော့ပျဲပျဲကြီး ဖြစ်သွားတတ်ပါတယ် နောက်တစ်ခုက ပုဇွန်ချဉ်ကို ဘာဆေးဝါးမှ မထည့်ဘဲ အချဉ်ထည့်တဲ့အတွက် အရောင်အနေနဲ့ အရမ်းကြီး မရဲနေပါဘူး ဆိုတာလဲ ပြောချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ဘော့ချိတ် သို့ ပုဇွန်ခေါင်းချိုး - သန့်စင်ပြီးသား 500 g
  2. ဘာဆမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ဆား - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ပလပ်စတစ်အိတ် - တစ်လုံး
  5. သွားထိုးဒုတ်တံ - တစ်ချောင်း
  6. အလေးတုံး - တစ်တုံး

ပြုလုပ်ပုံ
  1. ပုဇွန်များကို သဲနှင့်ရွှံ့များ စင်သွားအောင် ရေလေးထပ်လောက် ဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ ပုဇွန်များကို အခွံမခွာဘဲ ခေါင်းဘဲဖြုတ်ပေးပါ
  3. ကြောဘက်မှနေ၍ သွားထိုးတံ အချွန်လေးဖြင့် ထိုးကလော်ပြီး အမဲကြောင်းကို ထုတ်ပေးပါ
  4. အားလုံးသန့်စင်ပြီးပါက ရေစင်အောင်ဆေးပြီး ရေခြောက်အောင် paper towel နှင့်သုတ်ပေးပါ
  5. ဆန်ကိုရေဆေးပြီး ခပ်မာမာ ချက်ပေးပြီး အအေးခံ ထားပေးပါ
  6. ထမင်းအေးတော့မှ ပုဇွန်ချဉ်ကို စတင်ပြီး ပြင်ဆင်ပေးပါ
  7. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံထဲမှာ ဆားနှင့် ထမင်းကို ထည့်ပေးပြီး ခပ်နာနာလေး ဖြစ်ပြီး နယ်ပေးပါ
  8. ဆားနှင့်ထမင်း နယ်ပြီးတာနဲ့ ပုဇွန်ကိုထည့်ပြီး နယ်ပေးပါ
  9. နယ်ပြီးသော ပုဇွန်များကို ပလပ်စတစ်အိတ်ထဲမှာ ဖိသိပ်ပြီး ထည့်ပေးပြီး အိတ်ကိုပိတ်ပေးပါ
  10.  ပုဇွန်အိတ်ကို တစ်အိတ်လုံးအနှံ့ ဒုတ်ချွန်လေးနှင့် လိုက်ဖောက်ပေးပါ
  11. ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ဇကာတစ်ခု တင်ပေးပြီး ပုဇွန်ထည့်ထားသော အိတ်ကို တင်ပေးပါ
  12. ပြီးတာနဲ့ အိတ်အပေါ်မှာ ခပ်လေးလေး လေးနိုင်သမျှ လေးသော အရာတစ်ခုကို တင်ပေးပြီး ဖိပေးပါ
  13. ပြီးတာနဲ့ အခန်းအပူချိန် အများဆုံးရှိတဲ့ မီးဖိုဆောင် အခန်းထဲမှာ ထားပေးပါ
  14. သုံးရက်လောက်နေရင် အရည်များ ထွက်လာပါလိမ့်မယ် 
  15. ထွက်လာတဲ့ အရည်များက အနံ့ဆိုးတဲ့အတွက် တစ်ရက်တစ်ခါ သွန်သွန်ပေးပါ
  16. ရာသီဥတု ပူပါက ငါးရက်လောက်နေရင် ပုဇွန်ချဉ် ရပါတယ်
  17. ရာသီဥတု အေးပါက ရှစ်ရက်လောက် ထားပေးရပါမယ်
  18. ပုဇွန်ချဉ် ရလာပြီ ဆိုပါက ထမင်းများကို ဖယ်ပေးပြီး မိမိတို့ နှစ်သက်သလို သုပ်စားကြော်စား စားနိုင်ပါပြီ။

No comments:

Post a Comment