Friday 26 June 2020

ဆန်ပြားခေါက်ဆွဲ


ဒီနေ့တော့ ဆန်ခေါက်ဆွဲပြားလေးတွေ လုပ်ဖြစ်တာနဲ့ မုန့်ဟင်းရည်နဲ့ စားလို့ပိုတာလေးတွေကို ငရုတ်သီးကြော် စပ်စပ်လေးနဲ့ တွဲဖက်ပြီး ဆီနီကြော်လေးဆမ်းကာ စားဖြစ်တဲ့အတွက် အရသာ တစ်မျိုးလေး ရစေတာမို့လို့ ဆန်ပြားခေါက်ဆွဲလိတ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ဆန်ပြားခေါက်ဆွဲ လုပ်နည်းကိုတော့ မာမာ့ရဲ့ နောက်ထပ် blog တစ်ခုဖြစ်တဲ့ https://marmarskitchen.blogspot.com/2019/02/blog-post_21.html မှာ ကြည့်လို့ ရပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ 
  1. ဆန်ပြားခေါက်ဆွဲ - မိမိနှစ်သက်သလောက်
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ဆယ်မွှာ
  3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း လေးဇွန်း
  6. ဆား- လက်ဖပ်ရည်ဇွန်း တစ်ဝက်
  7. နံနံပင် - နှစ်သက်သလောက်
ဆီနီဆီချက်ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • ငရုတ်သီး လုံးခြမ်းကွဲနှင့် ဆားတို့ကို အပူခံနိူင်သော ကြွေဇလုံထဲမှာ ထည့်ပေးပြီး အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တိုကို့ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ကြော် ကြော်နေစဉ် အကျက်ညီစေရန် မွှေမွှေပေးပါ
  • ကြက်သွန်ဖြူ များ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီး ဆီစစ်ပေးကာ အအေးခံ ပေးထားပါ
  • ကြက်သွန်ဖြူ  ကြော်ထားသော ဆီပူပူကို ငရုတ်သီး ထည့်ထားသော ဇလုံထဲကို လောင်းထည့်ပေးပါ
  • ငရုတ်သီးများ အကျက်ညီစေရန် ဇွန်းရှည်ရှည်နှင့် မွှေပေးပြီး အအေးခံထားပါ
  • ငရုတ်သီး ဆီနီဆီချက် အေးသွားတာနဲ့ အအေးခံထားသော ကြက်သွန်ဖြူကြော်ကို ရောပြီးမွှေပေးပါ
ပြင်ဆင်ပုံ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ဆန်ပြားဖတ်နှင့် ဆီနီဆီချက်ကို ပြင်ထားပါ
  • ဆန်ပြားဖတ်ကို အနေတော် အလိတ်လေးတွေ လိတ်ပေးထားပါ
  • ပန်းကန်ပြား တစ်ချပ်ထဲမှာ ဆန်ပြားခေါက်ဆွဲလိတ်လေးတွေကို စီပြီးထည့်ပေးပါ
  • ပြီးတာနဲ့ ဆန်ပြားခေါက်ဆွဲလိတ်လေးတွေ အပေါ်မှာ ဆီနီဆီချက်ကို ဆီချက်အဖတ်နှင့် ဆီချက်ဆီတို့ကို ဆမ်းပေးပါ
  • ဆီချက်ဆမ်းပြီးတာနဲ့ နံနံပင်လေးတွေ တင်ပေးကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ
  • စိမ့်စိမ့်လေးနဲ့ စပ်စပ်မွှေးမွှေး အရသာ ရစေတဲ့ ဆန်ပြားလိတ် ခေါက်ဆွဲလိတ်ခေါက်ဆွဲကို စားသုံးနိူင်ပါပြီ။
  • ပိုနေသော ဆီနီဆီချက်များကို အသုပ်သုပ်စားရာမှာ ပြန်သုံးလို့ ရတဲ့အတွက် လေလုံပုလင်းဖြင့်ဖြင့် ထည့်ပြီးသိမ်းထားနိူင်ပါတယ်။

No comments:

Post a Comment