Sunday 7 November 2021

သံပုယိုသီးမွှာ ငပိထောင်း

 






ဒီနေ့တော့ အရင်တစ်ပါတ်က Sydney ကိုသွားရင်း ရှောက်သီးလောက်ကြီးတဲ့ သံပုယိုသီးလေးတွေ ဝယ်လာဖြစ်ခဲ့ပါတယ် အမွှာကြီးတွေကလဲ အကြီးကြီးတွေ ဖြစ်တဲ့အတွက် ချဉ်ငံစပ် ငပိထောင်းလေး ထောင်းဖြစ်သွားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သံပုယိုသီး - အလုံးကြီးကြီး နှစ်လုံး
  2. ပုဇွန်ငပိ - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်းခွဲ
  3. ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် ၂၀ခန့်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  5. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (သံပုယိုသီး ဆားရည်စိမ်ရန်)
ပြင်ဆင်ပုံ
  • ဆားကို ပန်းကန်လုံး တစ်လုံးထဲမှာ ထည့်ပေးပြီး ရေလက်ဖက်ရည် ပန်းကန်လုံး တစ်လုံးသာသာနှင့် ဖျော်ထားပါ
  • သံပုယိုသီးကို အခွံခွာပြီး အဖြူရောင် အကာများ မပါအောင် ဖယ်ပေးပြီး အသားမွှာလေးတွေ ထွင်ပေးပါ
  • ထို ထွင်ထားသော သံပုယိုသီး အသားမွှာ အဖတ်လေးများကို ဆားရည်ဖျော်ထားသော ရည်ထဲမှာ စိမ်ထားပါ
  • ပုဇွန်ငပိကို မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
  • မိုက်ခရိုဝေ့ မရှိပါက မီးဖိုပေါ်မှာ ဒယ်အိုးခပ်သေးသေး တစ်လုံးထဲ ပုဇွန်ငပိကိုကပ်ကာ ကင်ပေးပါ
  • အပေါ်ယံ တင်းလာပါက နောက်တစ်ဖက်ကို လှန်ပြီး ဆက်ကင်ပေးပါ
  • ငရုတ်သီးစိမ်းများကို ရေဆေးပြီး လှော်ပေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်ဖြူပို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ အရင်ဆုံး ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်ကို ညက်နေအောင် ထောင်းပေးပါ
  • ပုဇွန်ခြောက် ညက်တာနဲ့  ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူတို့ကို ထည့်ထောင်းပေးပါ
  • အားလုံး မညပ်တစ်ညက် အနေအထား ရတာနဲ့ အရသာမှုန့် နှင့် ပုဇွန်ငပိတို့ကို ထည့်ထောင်းပေးပါ
  • ပြီးတာနဲ့ ပုဇွန်ငပိထောင်းကို သံပုယိုသီးအမွှာ အဖတ်နှင့် ရောမွှေပေးကာ ချဉ်ငံစပ်ပြီး မွှေးနေတဲ့ ငပိထောင်းကို မိမိနှစ်သက်တဲ့ တို့စရာလေးတွေနဲ့ တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

No comments:

Post a Comment