Friday, 17 November 2017

ငရုတ်သီးစိမ်းကြိတ်ပြီး သိမ်းထားနည်း





အရမ်းစပ်ပြီး မွှေးလွန်းတဲ့ ငရုတ်သီးစိမ်းလေးတွေ $20 ဖိုးဝယ်လာတာ တစ်ခါထဲလဲ စားမကုန်လေတော့ အိမ်ရောက်ပြီး ၂ရက်လောက်နေတာနဲ့ အနီရောင်တွေ ဖြစ်လာခဲ့တယ်။

အဲဒါနဲ့ဘဲ တာရှည်ခံပြီး  လိုတဲ့အခါ သုံးနိူင်လေအောင် ဗလင်ဒါထဲထည့်ပြီးကြိတ်ကာ သိမ်းဖို့ပြင်ဆင်ရပြန်ပါတယ်။

အရမ်းဘဲ စပ်လွန်းတဲ့ အသီးလေးတွေမို့လို့ အစပ်စားပြီး အစပ်အရမ်းကြိုက်တဲ့ မာမာ့အတွက်တော့ အရမ်းကို အဖိုးတန်လွန်းပါတယ်။

ဒါကြောင့်မို့လို့ လိုချင်တဲ့ အချိန်မှာ အလွယ်တကူရပြီး အဆင်ပြေနိူင်အောင် ငရုတ်သီးစိမ်းလေးတွေကို ဗလင်ဒါနဲ့ ကြိတ်ပြီး သိမ်းပါမယ် ရခိုင်မုန့်တီနဲ့ စားမလား ငါးပိရည်ဖျော်မလား ဟင်းချက်မလား ဘယ်နေရာမှာဘဲသုံးသုံး အသုံးဝင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. အရမ်းစပ်သော ငရုတ်သီးစိမ်း - တစ်ကီလို
  2. ဆား - ထမင်းစားဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  • ငရုတ်သီးစိမ်းများကို အရင်ဆုံး ရေဆေးထားပါ
  • ပြီးတော့မှ ပုံပါအတိုင်း တစ်တောင့်ခြင်း အညှာခြွေပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြိတ်စက်အဆင်ပြေပါက ကြိတ်စက်နှင့် ကြိတ်ပေးပါ
  • ကြိတ်စက် အဆင်မပြေပါက ငရုတ်ဆုံနှင့် ထောင်းပေးပါ
  • ငရုတ်ဆုံနှင့်ထောင်းပါက လက်ပူတဲ့အတွက် လက်အိတ်စွတ်ပြီးမှ ထောင်းပေးပါ
  • ဗလင်ဒါနှင့် ကြိတ်မည်ဆိုပါက ဗလင်ဒါထဲထည့်ပြီး မိမိနှစ်သက်တဲ့ အနေအထားရအောင် ကြိတ်ပေးပါ
  • ငရုတ်ဆုံနှင့် ထောင်းလျှင်လည်း အားလုံးကိုရောကာ မိမိနှစ်သက်တဲ့ အနေအထားရအောင် ထောင်းပေးပါ
  • လိုချင်သည့် အနေအထားရပါက အားလုံးအဆင်သင့် ဖြစ်တာနဲ့ တခါချက်စာ အထုတ်လေးတွေကို လေလုံသော အိတ်လေးများထဲ ထည့်ပေးပါ
  • ဟင်းချက်ရန်နှင့် ငါးပိရည်ဖျော်ရန်တွင် သုံးရန်အတွက် လေလုံအိတ်ထဲ ထည့်ထားသော အထုတ်များကို ရေခဲသေတ္တာ ခဲသောအကန့်ထဲမှာ ထည့်ခဲထားပါ
  • မိမိအသုံးပြုမည်ဆိုပါက ထိုအထုတ်လေးကို ၂နာရီလောက် ကြိုထုတ်ထားပေးပါ
  • ခဲနေတာတွေ ပျော်လာပါမှ ဟင်းချက်ရန်နှင့် မိမိလိုရာတွင် သုံးရန်အတွက် စပ်ပြီးမွှေးနေတဲ့ ငရုတ်သီးစိမ်း ကြိတ်ပြီးသားလေးကို အဆင်သင့် ရပါပြီ။

Thursday, 16 November 2017

ငှက်ပျောဖူး ငရုတ်သီးစိမ်း အစပ်ဟင်း


ဒီနေ့တော့ ငှက်ပျောဖူးကို ချဉ်ငံစပ်လေး ချက်ပါတယ် ငါးပိချက်ယောင်ယောင်လေးမို့ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့ ဟင်းပွဲလေးပါ ချဉ်ငံစပ်လေး ကြိုက်တယ်ဆိုရင်တော့ မာမာချက်ထားတဲ့ နည်းအတိုင်း ချက်စားကြည့်စချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငှက်ပျောဖူး - အနေတော် တစ်ဖူး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
  5. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  6. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. မန်ကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်းခန့်
  11. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ငှက်ပျောဖူးဆေးရန်)

ပြင်ဆင်ပုံ
  • ရင့်နေသော အဖတ်များဖယ်ကာ သန့်စင်ပြီးသား ငှက်ပျောဖူး အနုများကိုများကို ခပ်ပါးပါး လှီးပေးပါ
  • လှီးပြီးတာနဲ့ ဆားထမင်းစားဇွန်း ၂ဇွန်းခန့်ထည့်ပြီး ခပ်နာနာနယ်ပေးပါ
  • နယ်ပြီးသောအခါ မည်းမည်းအရည်များ ကုန်သွားအောင် ရေစင်အောင်ဆေးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက် ထောင်းထားပေးပါ
  • မကျည်းသီးမှည့်ကို ရေဖျော်ထားပေးပါ
  • ပုဇွန်ငါးပိကို ပြင်ထားပေးပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးထဲ နနွင်းမှုန့်နှင့် ဆီထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို အနည်းငယ် ကြော်လိုက်ပါ
  • ကြော်နေစဉ်မှာ အရမ်းညှော်တတ်တဲ့အတွက် လေဝင်တခါးများကို ဖွင့်ထားပေးပါ
  • ကြက်သွန်များ အနည်းငယ် နွမ်းတာနဲ့ ပုဇွန်ငါးပိကိုထည့်မွှေပေးပါ
  • ပုဇွန်ငါးပိများ သမသွားတာနဲ့ ငှက်ပျောဖူးနှင့် အရသာမှုန့်ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ငှက်ပျောဖူးများ နူးအောင် အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ဟင်းအိုးထဲ ထည့်ထားသော အရည်များ ခမ်းလာတာနဲ့ မကျည်းသီးမှည့် အရည်ထည့်ပေးပြီး အရသာမြည်းပေးပါ
  • အရသာ ပေါ့နေပါက ငံပြာရည် အနည်းငယ်ထပ်ထည့်ပေးပါ
  • မကျည်သီးးမှည့်ရည် မခမ်းခင် မီးပိတ်ပေးပြီး ပူပူစပ်စပ် ချဉ်ငံစပ်နေတဲ့ ငှက်ပျောဖူး အစပ်ဟင်းပွဲကို ပြင်ပေးနိုင်ပါပြီ။

Wednesday, 15 November 2017

ကညွှတ်ကြော်



အင်မတန်မှ ဈေးကြီးသော်လဲ စားချင်လာတဲ့အခါ ရံဖန်ရံခါ ကြော်စားဖြစ်တဲ့ ကညွှတ်ကြော်လေးပါ မာမာကတော့ ကညွှတ်ကြော်ဆိုရင် အသားမထည့်ဘဲ သတ်သတ်လွတ်ကြော်ပြီး စားရတာကို ပိုပြီးကြိုက်တဲ့အတွက် မာမာကြော်တဲ့ လွယ်ကူမြန်ဆန် သတ်သတ်လွတ်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကညွှတ် - ဆယ်ပင်ခန့်
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  8. ငရုတ်ကောင်းမှုန့် - အနည်းငယ်

ပြင်ဆင်ပုံ
  1. ကညွှတ်ကို အပင်လိုက် ရေဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပေးပါ
  3. ပြီးတာနဲ့ အပင်ကို စဉ့်နီတုန်းပေါ်တင်ကာ ခပ်လေးလေး အပြားကြီးသော ဓါးနှင့် ဓါးပြားရိုက်ပေးပါ
  4. ဓါးပြားရိုက်ပြီးတာနဲ့ အနေတော် ပိုင်းဖြတ်ထားပေးပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  7. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  8. ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို နွမ်းရုံလေး ထည့်ကြော်ပါ
  9. ပြီးတာနဲ့ ကညွှတ်များထည့်ပြီး ဆားနှင့် အရသာမှုန့်ထည့်မွှေပါ
  10. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ငရုတ်ကောင်းမှုန့်ထည့်မွှေကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  11. ပြီးတာနဲ့ ကညွှတ်ကြော်ကို ပူနေတုန်းလေး ကြက်သားပဲငပိကြော်နှင့် တွဲဖက်ကာ နှစ်သက်သလို စားသုံးနိုင်ပါပြီ။

Tuesday, 14 November 2017

ကြက်သားဟင်း









ဒီနေ့တော့ butter chicken နဲ့ အရသာသွင်းကာ ကြက်သားဟင်းလေး တစ်မယ် ချက်ဖြစ်တဲ့အတွက် ထမင်းကတော့စားလို့ မြိန်ခဲ့ပြန်ပါတယ်။

အရသာကမွှေးပြီး စပ်စပ်လေးမို့လို့ butter chicken အရသာ ready made ပုလင်းလေး ရခဲ့ရင်တော့ ကြက်သားဟင်းလေး ချက်စားကြည့်စေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား  - 350 g
  2. ဆား - လက်ဖက်ရည်ဇွန်း တpfဝက်
  3. Butter chicken - ထမင်းစားဇွန်း သုံးဇွန်း
  4. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်းခန့်


ပြင်ဆင်ပုံ
  1. ကြက်ရင်ပုံသားကို ရေဆေးပြီး ပုံပါအတိုင်း အမြှောင်းရှည်ရှည်လေးတွေ တုံးပေးပါ
  2. တုံးထားသော ကြက်သားကို ဆား butter chicken အနှစ်တို့နှင့်ရောနယ်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၅နာရီလောက် နှပ်ထားပေးပါ
  3. ဇောက်အနည်းငယ်နက်သော အိုးတစ်လုံးထဲမှာ  ဆီကိုအပူပေးပါ
  4. ဆီပူလာတာနဲ့ ကြက်သားကိုထည့်ပြီး အသားများ မာလာအောင် တစ်ဖက်စီလှည့်ပြီး တည်ပေးပါ
  5. အသားများ မာလာပြီ ဆိုတာနဲ့ ကြက်သားထဲကို  ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
  6. ရေကို နည်းနည်းချင်းစီ ထည့်ပေးပြီး ကြက်သား နူးတဲ့အထိ တည်ပေးပါ
  7. ကြက်သား အသားများ နူးလာပြီး ရေမခမ်းခင် အရသာ မြည်းကာ လိုသလိုပြင်ပေးပြီး ဆီကျန်ရေကျန် ဖြစ်လာတာနဲ့ မီးပိတ်ပေးပြီး သုံးဆောင်ရန် ပြင်နိုင်ပါပြီ။

Monday, 13 November 2017

သီးရွက်စုံဟင်းချို


ဟင်းရည်လေးပါမှ ထမင်းက မြိန်တတ်တာမိုလို့ ဒီနေ့တော့ ကြက်သားပြုပ်ပြီး ဟင်းရည်ချိုချိုလေးချက်ကာ အရည်သောက်ဆမ်းလေး တစ်မယ်ချက်ဖြစ်ပါတယ် အရသာ လျှာကသိ ဆိုသလိုပါဘဲ ပူစပ်ပြီး မွှေးနေကာ ဟင်းရည်ချိုနေတဲ့ မာမာ့အိမ်ချက် ဟင်းချိုရည် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ကြိတ်သား - 150 g
  2. အရိုးအသား အရည်ပြားတွဲရက် ကြက်သား - 150 g
  3. ပဒဲကော - အနည်းငယ်
  4. မှို - ဆယ်ပွင့်ခန့်
  5. ဘရော့ကိုလီ - ၁၀ခက်ခန့်
  6. ပဲပင်ပေါက် တရုတ်ဟင်းပြင်ပန်းကန် တလုံးစာ
  7. ပဲပြား - တစ်တုံး
  8. ကန်စွန်းရွက် - မိမိနှစ်သက်သလောက်
  9. သခွားသီး - ခပ်ကြီးကြီး တစ်လုံး
  10. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၄မွှာ
  11. ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  13. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ( ကြက်ကြိတ်သားထဲ ထည့်ရန် )
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ (ဟင်းရည်အိုးထဲထည့်ရန်)
  15. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်ကြိတ်သားထဲ ထည့်ရန်)
  16. အရသာမှုန့် - လက်ဖက်ရည်ဇွန် တစ်ဇွန်းသာသာ (ဟင်းရည်အိုးထဲထည့်ရန်)
  17. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  18. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ကြက်သားလုံးလုပ်ရန်
  • ကြက်ကြိတ်သား 100 g 
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပြောင်းကော်မှုန့် ထမင်းစားဇွန်း တစ်ဝက်သာသာ
ပြင်ဆင်ပုံ
  • အရိုးအသားတွဲရက် ကြက်သားကို အနေတော်ခုတ်ပြီး ရေဆေးကာ အိုးထဲထည့်ပါ
  • ပဒဲကောကို ခပ်ပါးပါးလေးတွေရအောင် ၇ချပ်လောက်လှီးပြီး ဟင်းရည်အိုးထဲ ထည့်ပြုပ်ပါ
  • ဆား အရသာမှုန့် နနွင်းမှုန့်တို့နှင့် အရသာနယ်ပေးပြီး ရေအနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
  • ကြက်ပြုပ်ရည် ပွက်ပွက်ဆူလာတာနဲ့ ဟင်းရည်ချိုစေရန် သခွားသီးကို အခွံခွာပြီး ခပ်ပါးပါး လှီးထည့်ပေးပါ
  • ပြီးတာနဲ့  ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ၈စိတ်စိတ်ကာ ဟင်းရည်အိုးထဲ ထည့်ပြီးပေးပြီး တည်ပေးပါ
  • ကြက်သွန်များနူးတာနဲ့ ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်လုံး သုံးလုံးစာသာသာထည့်ပြီး ဆက်တည်ပေးပါ
  • ဟင်းရည်အိုး တည်ထားတုန်း ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်ကြိတ်သားကို ဆား အရသာမှုန့် ပြောင်းကော်မှုန့်တို့နဲ့ နယ်ထားပေးပါ
  • အရသာနယ်ထားသော ကြက်ကြိတ်သားကို အနေတော် အလုံးလေးတွေ လုံးထားပါ
  • ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
  • ဘလိုကိုလီကို အခက်လေးတွေ ရအောင်လှီးပြီး ရေဆေးထားပါ
  • ပဲပင်ပေါက်နှင့် ကန်စွန်းရွက်ကို ရေဆေးထားပါ
  • ပဲပြားကို အနေတော် တုံးထားပါ
  • မှိုကိုရေဆေးပြီး ခပ်ထူထူ လှီးထားပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီး ၁၀မိနစ်လောက် နေတာနဲ့ အထက်အောက် သမအောင်မွှေကာ ပဲပြား ကြက်သားလုံးများကို ထည့်ပြီး ၃မိနစ်လောက် အဖုံးအုပ်ထားပါ
  • ကြက်သားလုံး ကျက်တာနဲ့ ဘလိုကိုလီနှင့် မှိုထည့်ပြီး ၃မိနစ်လောက် ရေဆူအောင်တည်ပေးပါ
  • ဟင်းရည်ဆူလာပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ခပ်ပြီး ဟင်းပြင်ပန်းကန်ထဲမှာ မိမိနှစ်သက်သလို အသီးအရွက်များထည့်ကာပဒဲကောနံ့ သင်းနေတဲ့ ကြက်ပြုပ်ရည်ကို လောင်းထည့်ပေးပြီး  ဟင်းရည်ပွဲပြင်ပေးကာ ပူပူလေး သောက်နိုင်ပါပြီ။

Sunday, 12 November 2017

သရက်သီးစိမ်းသုပ်



သရက်သီး ပေါ်တုန်းလေး အမျိုးမျိုး လုပ်စားဖြစ်သလို ဒီနေ့တော့ သရက်သီး အစိမ့်သုပ်လေးသုပ်ကာ ဒန့်ဒလွန်သီး ဟင်းခါးလေးနဲ့ လိုက်ဖက်လွန်းကာ ချဉ်ငံစပ်ပြီး မွှေးနေတဲ့ သရက်သီးစိမ်းသုပ် သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်​ပစ္စည်းများ

  1. သရက်သီးစိမ်း - ခပ်ကြီးကြီး တစ်လုံး
  2. အရသာမှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငရုတ်သီး အလှော်မှုန့် -  စားနိုင်သလောက်
  4. နှမ်းဖြူလှော်ထောင်း -  လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  5. မပဲလှော်ထောင်း - လက်ဖက်ရည်ဇွန် သုံးဇွန်း
  6. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  7. မြေပဲဆီစိမ်း - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ
  • သရက်သီးစိမ်းကို အညှာဖက်မှလှီးပြီး ရေနိုင်နိုင်ဆေးကာ အစေးထုတ်ပေးပါ
  • ပြီးတာနဲ့ အခွံခွာကာ သရက်သီးခြစ်နှင့် ခြစ်ပေးပါ
  • ဒယ်အိုးထဲမှာ နှမ်းဖြူ ကိုထည့်ပြီး နီညိုလေး သန်းလာအောင် လှော်ပေးပြီး ထောင်းထားပါ
  • မြေပဲလှော်ပြီးသားကို အခွံခွာပြီး သန့်စင်ပေးကာ မညက်တစ်ညက် အနေအထားရအောင် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်​ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ဖွဖွလေးရောနယ်ပေးပါ
  • အရသာ သမသွားတာနဲ့  အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ
  • ဒန့်ဒလွန်သီး ဟင်းခါးနှင့် တွဲဖက်စားရန် အရသာ ရှိလှသော မြေပဲနှမ်းထောင်း သရက်သီးသုပ်လေးကို စားသုံးရန် အသင့် ပြင်ပေးနိုင်ပါပြီ။

Friday, 3 November 2017

ထမင်းခြောက်ကြော်





တခါတရံ ထမင်းတွေ ပိုနေတတ်တာမျိုး ကြုံရတတ်ပါတယ် အဲဒီအခါမျိုးမှာ မာမာကတော့ ခြောက်သွေ့နေအောင် နေလှန်းပြီး သိမ်းထားတတ်ပြီး စားချင်စိတ် ပေါ်လာတဲ့အခါမျိုးမှာတော့ ဆီများများနဲ့ကြော်စားရတာကို အရမ်းသဘောကျပါတယ်။

ထမင်းခြောက်ကြော်လို့ ပြောတော့ လွယ်လိုက်တာ လွယ်လွယ်လေးကို blog မှာ တင်ရသလားလို့ ထင်ကြမှာပါ အမှန်တကယ်လဲ ကြော်နည်းသိရင် ကြော်ရတာ လွယ်ပါတယ် ကြော်နည်းမသိရင်တော့ ထမင်းခြောက်ကြော်က ပွမနေဘဲ မာကျစ်ကျစ်ကြီး ဖြစ်နေတတ်တာမို့လို့ မာမာကြော်နေကျနည်းလေး မျှဝေလိုက်ပါတယ်။

ပြင်ဆင်ပုံ

  1. လက်ကို ရေစိုတယ် ဆိုရုံလေးစွတ်ပြီး ထမင်းကြမ်းခဲကို အိုးထဲမှာဘဲ ခပ်ဖွဖွ ချေလိုက်ပါ
  2. ပြီးတာနဲ့ စကော သို့ အဆင်ပြေမည့် ဗန်းတချပ်ထဲမှာ ဖျန့်ထည့်ပြီး နေပူပူမှာ လှမ်းပေးပါ
  3. ခြောက်သွေ့နေအောင် လှန်းပေးပါ
  4. ထမင်းခြောက်များ ရပြီဆိုတာနဲ့ လေလုံပုလင်းလေးများနှင့် သိမ်းထားနိုင်ပါတယ်
  5. ကြော်စားမယ်ဆိုရင်တော့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  6. ဆီများလေ ထမင်းခြောက်ကြော်က ကြွတ်ပြီးပွလေမို့လို့ ဆီများများ သုံးပေးပါ
  7. ဆီပူလာတာနဲ့ ထမင်းခြောက်ကို လက်တဆုတ်စာလောက်ကို ယူပြီး ဆီပူအိုး အလယ်တည့်တည့်ကို ထည့်ပေးပါ
  8. ဆီအိုးထဲကို ထမင်းခြောက်များ တခါထဲ အများကြီး မထည့်မိရန် သတိပြုပါ
  9. ထမင်းခြောက်ကို ဆီပူအိုးထဲ ထည့်ပြီးတာနဲ့ အလယ်တည့်တည့်မှ ဘေးဘက်သို့ ပွပြီးဖြာထွက်လာသော ထမင်းခြောက်ကြော်များကို ဆီစစ်ဇကာနှင့် အသာလေး စစ်ပြီးဆယ်ပေးပါ
  10. ထိုနည်းအတိုင်း မိမိစားနိုင်သလောက်ကို ကြော်ပေးပါကာ ဆီစစ်ဇကာထဲမှာ ဆီစစ်ပေးပါ
  11. ဆီစစ်ပြီ ဆိုတာနဲ့ ထမင်းခြောက်ကြော်ကို အအေးခံကာ လေလုံပုလင်းများဖြင့် ထည့်ပြီးသိမ်းထားနိုင်သလို ဆားအနည်းငယ်ဖြူးကာ ထမင်းခြောက်ကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။