Friday, 21 February 2020

ပဲသီးချဉ်ဖတ်









ဒီနေ့တော့ အေးရှန်းဆိုင်က ပဲတောင့်ရှည်လေးတွေ ဝယ်လာပြီးတော့ ဆန်ဆေးရည်လေး အချဉ်တည်ကာ ချဉ်ဖတ်ထဲ့ထားတာ ရသွားပါပြီ။

ဒါကြောင့်မို့လို့ ငါးပိရည်ကို ငါးကင်နဲ့ဖျော်ကာ ချဉ်ဖတ်တို့စရာနဲ့ ထမင်းပွဲအတွက် ပြင်ဆင်ဖြစ်ပါတယ် ပဲသီးချဉ်ဖတ်လေး တို့စားချင်တယ် ဆိုရင်တော့ အိမ်မှာ သန့်သန့်လေး အချဉ်ထည့်ပြီး စားနိုင်အောင် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

အချဉ်တည်ရန် ပါဝင်ပစ္စည်းများ

  1. ပဲတောင့်ရှည် - ၃၅ တောင့်ခန့်
  2. ဆန်ဆေးရည် - 4 cups
  3. ဆား - ထမင်းစားဇွန်း ၃ဇွန်းကျော်ကျော်
  4. အအေးခံထားသော ထမင်း - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာ

အချဉ်ရည်တည်ပုံ
  • ထမင်းချက်ရန် ဆေးထားသော ဆန်ဆေးရည်ကို ဇလုံသန့်သန့်ဖြင့် ထည့်ထားပါ
  • ဆန်ဆေးရည်ထဲမှာ ဆားကိုပျော်အောင် ဇွန်းနဲ့မွှေပြီး ဖျော်လိုက်ပါ
  • အငံ ခပ်လေးလေး ဖြစ်မဖြစ် ဇွန်းနှင့်ခပ်ကာ လျှာနှင့် အနည်းငယ် တို့ကြည့်လိုက်ပါ
  • တော်တော်လေး ငံနေမှ ဖြစ်မှာမို့ ဆားကို ပေးထားတဲ့အတိုင်း ထည့်ပေးပါ
  • ဆားမငံပါက အချဉ်ရည် အူလည်လည်ကြီး ဖြစ်သွားတတ်ပါတယ်
  • ဆားထည့်ပြီးတာနဲ့ အအေးခံထားသော ထမင်းကို ဆန်ဆေးရည်ထဲ ထည့်ပေးပါ( မနက်ကချက်ပြီး ညနေပိုသော ထမင်းကြမ်းဆို ပိုပြီးကောင်းပါတယ်)
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အချဉ်တည်ရန် ပုလင်းထဲသို့ ပြောင်းထည့်ပြီး အဖုံးအုပ်ကာ နေပူပူမှာ ၃ရက်လောက် လှန်းပေးပါ
  • နေပူမရပါက အခန်းအပူချိန်များသော မီးဖိုဆောင်ထဲမှာ ထားပေးပါ
  • နေပူထဲမှာ ထားပေးပါက ၃ရက်လောက်ဆို အချဉ်တည်ရန် အဆင်သင့် ဖြစ်ပါပြီ
အချဉ်ထည့်ရန်
  • ပဲတောင့်ရှည်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ မိမိအဆင်ပြေသလို အစည်းလေးတွေ စည်းပေးပါ
  • အစည်းလေးတွေ စည်းပြီးထည့်ထားပါက ပုလင်းထဲက ပြန်ထုတ်တဲ့အခါ သပ်သပ်ယပ်ယပ်လေး ထုတ်ယူလို့ ရပါတယ်
  • အချဉ်ထည့်ခါနီး လက်ကို သန့်ရှင်းအောင် အရင်ဆုံး ဆေးပေးပါ
  • ပဲတောင့်ရှည်များကို အချဉ်ရည်ထဲစိမ်ပြီး ရေမြုပ်အောင် ထဲ့ပေးပြီး အဖုံးအုပ်ကာ သုံးရက်လောက် ထားပေးပါ
  • ပဲသီးများ အရောင်ပြောင်းလာပြီး ချဉ်လာပါက ငါးပိရည် တို့စရာတို့နှင့် ပြင်ဆင်ပေးနိုင်ပါပြီ
  • ပဲသီးချဉ်ဖတ်ကို တို့စရာ လုပ်စားနိုင်သလို အသုပ်သုပ်ပေးကာ ပြင်ဆင်ပေးပြီး မိမိနှစ်သက်သလို ပြင်ဆင်ကာ စားသုံးနိုင်ပါပြီ ။

Thursday, 20 February 2020

ကြက်ဟင်းခါးသီး ပုဇွန်ခြောက်ကြော်


ကြက်ဟင်းခါးသီး အကျစ်သီးလေးတွေ ဝယ်လာပြီး ကြော်ချက်လေး ချက်ထားပါတယ် အခါးအရသာဘက်ကို နည်းနည်းပိုပါတယ်။

မာမာက အခါးအရသာကို ပိုကြိုက်တဲ့အတွက် ကြက်ဟင်းခါးသီးကို ရေနဲ့ဘဲဆေးပြီး သဘာဝ အရသာလေး ရအောင်ချက်ထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်ဟင်းခါးသီး အကျစ်သီး ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - အနေတော် ၅လုံး
  2. ပုဇွန်ခြောက် - အကောင် နှစ်ဆယ်ခန့်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  10. ဆီ - စားပွဲတင်ဇွန်းကြီး နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ကြက်ဟင်းခါးသီးကို ထိပ်နှစ်ဖက်မှ ဖြတ်ကာ ဇွန်းရှည်ရှည်ဖြင့် အထဲမှ အစေ့များကို ကလော်ထုတ်ပေးပါ
  • အစေ့များဖယ်ပြီးပါက ခပ်ထူထူ အနေအထားလေးတွေ လှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ဖယ်ထားသော အစေ့များကို အသုံးမလိုတဲ့အတွက် ဖယ်ထားလိုက်ပါ
  • ပုဇွန်ခြောက်ကို ရေမြုပ်အောင်ထဲ့ပြီး ရေစိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စဉ်းထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ငရုတ်သီးမှုန့်ထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထဲ့ပြီး ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထဲ့ကြော်ပေးပါ
  • ပြီးတာနဲ့ငရုတ်သီးထောင်းကို နွမ်းပြီး မွှေးသွားအောင် ကြော်ပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ငံပြာရည် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ပုဇွန်ခြောက်ကို မိနစ်ဝက်လောက် ထည့်ကြော်၍ ကြက်ဟင်းခါးသီးကို ထည့်ကြော်ပေးပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တမိနစ်လောက် ပြည့်တာနဲ့ ရေ ထမင်းစားဇွန် ၇ ဇွန်းလောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
  • ဟင်းအိုး အိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  • ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်ဟင်းခါးသီးဟင်း ကြော်ချက်စပ်စပ်လေးကို စားသုံးဖို့ပြင်ဆင်ပေးနိုင်ပါပြီ။

Wednesday, 19 February 2020

ပြည်ကြီးငါးထောင်း



ဗီယက်နမ်ဈေးကို သွားရင်းက ပြည်ကြီးငါး သေးသေးလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပါတယ် ပြည်ကြီးငါးလို့ ဆိုရပေမဲ့ အကောင်အကြီးကြီးတွေ မဟုတ်ဘဲ သေးသေးတွေမို့လို့ ဒီနေ့တော့ ချဉ်ချဉ်ငံငံ စပ်စပ်လေးဘဲ ထောင်းပါတယ်။

တစ်ခါတေလေ ထမင်းမစားဘဲ သူ့ကြီးဘဲ ရေနွေးကြမ်းလေးနဲ့ စားရတာကို အရသာတွေ့သလိုလဲ ခံစားရတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပြည်ကြီးငါး - 300 g
  2. ဂေါ်ဖီ - အနေတော် တစ်ခြမ်း
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  5. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  6. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ကြက်သွန်ဖြူ -  အမွှာကြီးကြီး ၃မွှာ
  9. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  10. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  11. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပြည်ကြီးငါးပြုပ်ရန်)
  12. သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြည်ကြီးငါး သန့်စင်ပုံ
  • ပြည်ကြီးငါး ကိုယ်လုံးထဲမှ သည်းခြေအိတ် ပလပ်စတစ်ပြားနှင့် အစာအိတ်တို့ကို ဖယ်ပေးပါ
  • သည်းခြေအိတ်ကို ထုတ်ရာမှာ ပေါက်မထွက်သွားအောင် သတိထားပြီး ထုတ်ပေးပါ
  • ပြည်ကြီးငါးရဲ့ ခေါင်းပိုင်းဖက်မှ မျက်စေ့နှင့် သွားနေရာတို့ကို ဖယ်ပေးပါ
  • မလိုတာတွေ ဖယ်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးကာ ရေစစ်ထားပါ
  • အနေတော် အိုးထဲမွာ ဆားနှင့်ရေကိုထဲ့ပြီး ဆူအောင်တည်ပေးပါ
  • ရေဆူတာနဲ့ ပြည်ကြီးငါးကို သုံးမိနစ်လောက် ထဲ့ပြုပ်ပေးပါ
  • ပြုပ်ပြီးတာနဲ့ ရေနှင့်ဆေးပြီး ရေစစ်ထားပါ

ပြင်ဆင်ပုံ
  • ပြည်ကြီးငါး သန့်စင်ပြီးသားကို ပြင်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင် လှီးထားပါ
  • ဂေါ်ဖီကို မထူမပါးလှီးပေးပြီး ရေများများနဲ့ ဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
ထောင်းရန်ပြင်ဆင်ပုံ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
  • ပြီးတာနဲ့ မုံလာဥနီနှင့် ဂေါ်ဖီတို့ကို ထည့်ထောင်းပေးပါ
  • အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  • မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  • သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ၀င်ပါတယ်
  • သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
  • အေရသာ သမလောက်ပြီဆိုတာနဲ့ ပြည်ကြီးငါးနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
  • ထောင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရာ ရတဲ့အထိ ပြင်ပေးပါ
  • ပြီးတာနဲ့ ပြည်ကြီးငါးထောင်း ချိုချဉ်ငံစပ်လေးကို ရေနွေးကြမ်းလေးနဲ့ တွဲဖက်ကာ စားသုံးနိူင်ပါပြီ

Tuesday, 18 February 2020

က ကတစ်ငါး ရေချိုဟင်း


က ကတစ်ငါး တစ်ကောင် ဝယ်လာပြီး အလယ်ပိုင်းလေးတွေကို ပေါင်းပါမယ် ငါးပါးဟက်ရဲ့ အောက်သား နှစ်တုံးကိုတော့ အရည်သောက်ဆမ်း ရေချိုဟင်းလေး ချက်ထားပါတယ်။

ထမင်းနဲ့ စားတဲ့အခါ အရည်လေးဘဲ ဆမ်းစားစား အရည်သောက်လေးဘဲ လုပ်လုပ် စားမြိန်ဟင်းလေး တစ်မယ် ရလာမှာမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

က ကတစ်ငါး - 200 g
ကြက်သွန်နီ - အနေတော် တစ်လုံး
ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
ချင်း - ခပ်ပါးပါး နှစ်ပြား
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
နံနံပင် - အပင်ကြီးကြီး နှစ်ပင်
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးအရသာနယ်ရန်)
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးဆီသတ်ရန်)
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
က ကတစ်ငါးကို အကြေးခွံထိုးကာ ဗိုက်ထဲမှ မလိုတာတွေဖယ်ပြီး ဆူးတောင်များ ခုတ်ပေးပါ
အကောင်လိုက် ရေဆေးပြီး လက်၃လုံးလောက်လေးတွေ တုံးထားပါ
တုံးထားသောငါးကို ရေတစ်ထပ်ဆေးပေးပါ
ပြီးတာနဲ့ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်တို့နှင့် အရသာဝင်အောင် နယ်ပေးပြီး ၁၅မိနစ်လောက် နှပ်ထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းထားပါ
နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထဲ့ကာ အပူပေးပါ
ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထဲ့ပေးပြီး ဆီသတ်ပေးပါ 
ဆီသတ်နံ့လေး သင်းလာတာနဲ့ အရသာ နယ်ထားတဲ့ငါးကို ထည့်မွှေပေးပါ
ငါးအသားများမာပြီး အရောင်ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေပွက်ပွက်ဆူပြီး ၅မိနစ်လောက်နေရင် အရသာမြည်းပေးပါ
ပြီးတာနဲ့ ငံပြာရည်ကို ထဲ့ပေးပြီး အရသာကို မိမိစိတ်ကြိုက် ပြင်ပေးပါ
အရသာ ပြင်ပြီးတာနဲ့ ခနလောက် ပေးဆူထားပြီးတာနဲ့ နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးပါ
ပြီးတာနဲ့ က ကတစ်ငါး ငါးရေချို အရည်သောက်ဆမ်း ဟင်းရည်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday, 17 February 2020

ကြက်သားစင်းကော အစိမ်းကြော်


ဟင်းချက်ရမှာ အချိန်မရတဲ့နေ့တို့ လူကနေမကောင်းချင်လို့ မီးဖိုထဲ ဝင်ရမှာ ပျင်းတဲ့နေ့တို့ဆိုရင် ဟင်းတစ်မယ်ထဲနဲ့ အဆင်ပြေစေမဲ့ အသီးအရွက်တွေရယ် အသားတစ်မျိုးမျိုးနဲ့ ရောပြီး အစိမ်းကြော် ကြော်လေ့ရှိပါတယ်။

အစိမ်းကြော်မှာပါတဲ့ အရသာ စပ်ထားတဲ့ ဆော့စ်ရည်က အရမ်းစားလို့ ကောင်းလွန်းတဲ့အတွက် စားမြိန်ဟင်းလေး တစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်သား - 200 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. ဂေါ်ဖီ - အနေတော် တစ်စိတ်
  6. ပန်းဂေါ်ဖီ - အနေတော် ၃ခက်
  7. ပဲတောင့်ရှည် - ၁၅တောင့်
  8. တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • သကြား - ထမင်းစားဇွန်း ၂ဇွန်း
  1. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  2. ဆီ - ထမင်းစားဇွန်း ၅ဇွန်း 
အရသာစပ်ရန်
  1. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  2. ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း တစ်ဇွန်း
  3. ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး နုတ်နုတ်စင်း ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော်  အခက်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ လှီးထားပါ
  • ဂေါ်ဖီကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ နုတ်နုတ်စင်းထားတဲ့  ကြက်သားကို အရင်ဆုံး ထည့်ေ ကြာ်ပေးပါ
  • ကြက်သားကျက်သွားပါက ကျန်နေသော အသီးအရွက်များနှင့် ကြက်သွန်နီတို့ကို ထည့်မွှေပေးပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • အသီးအရွက်ကြော်များ အရသာ သမလောက်ပြီ ဆိုတာနဲ့ တရုတ်နံနံထဲ့ပေးပြီး အရသာမြည်းပြီကား လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ကြက်သားစင်းကော အစိမ်းကြော်လေး ရပါပြီ။

Sunday, 16 February 2020

ငါးခူ ငါးဆားနယ် အချဉ်ဆီပြန်










ဒီနေ့တော့ ထမင်းစားလို့မြိန်စေမဲ့ ငါးခူငါးဆားနယ် ချဉ်ငံစပ်ဟင်းလေး ချက်ဖြစ်ပါတယ် ငါးခူဆားနယ်ကို ချက်တော့မယ်ဆိုရင် မန်ကျည်းမှည့်ရည် ပျစ်ပျစ်လေးနဲ့ ချက်တာက အငံကို ထိမ်းပေးတဲ့အတွက် စားလို့ကို အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ ထမင်းမြိန်မြိန်လေး စားနိူင်အောင်လို့ ငါးခူငါးဆားနယ် လုပ်နည်းနဲ့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ငံစပ် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးခူ - 500 g 
  2. ဆား - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက် (ငါးကိုနယ်ရန်)
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. မကျည်းသီးမှည့်  -  ကွမ်းသီးဆံလုံးလောက် တစ်လုံး
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ငါးဆားနယ်လုပ်ရန်
  1. ငါးခူ  ကီလိုဝက်ကို မလိုတာတွေ ဖယ်ပေးပြီး ဆားနှင့်နယ်ပြီး စင်အောင်ဆေးပေးပါ။
  2. ရေဆေးပြီးတာနဲ့ ရေစစ်သွားအောင် ဇကာထဲထဲ့ပြီး ရေစစ်ထားပါ
  3. ရေစစ်သွားတာနဲ့ ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးပါ။
  4. ပြီးတာနဲ့ သန့်ပြန့်သော ပလပ်စတစ်အိတ်ထဲကို ဆားနယ်ထားသော ငါးများကို စီပြီးထဲ့ပေးပါ။
  5. ငါးထဲ့ထားသော ပလပ်စတစ်အိတ်ကို လုံနေအောင်ပိတ်ပြီး အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ။
  6. ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ကျမလာစေရန် အောက်မှ ဇလုံတခု ခံပေးထားပါ။
  7. အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  8. ၂ရက် ၃ရက်အတွင်း ထားလိုက်ရင် မာတင်းနေသော ငါးဆားနယ် ရပါပြီ။
  9. နှစ်ရက်သုံးရက်အတွင်း ကြော်စား ချက်စားပါက အရမ်းမငံသေးတဲ့ ငါးဆားနယ်ဟင်းကို ရမှာဖြစ်ပါတယ်။
  10. တပါတ်ထက်ကျော်ပြီး ထားစားမည်ဆိုပါက ငါးပိကောင် ဖြစ်သွားမှာမို့ ချက်စားခါနီးမှာ ဆန်ဆေးရည်နှင့် နှစ်နာရီလောက် စိမ်ထားပြီးမှ ချက်စားပါ။
ပြင်ဆင်ပုံ
  • အရင်ဆုံး ငါးခူဆားနယ်ကို အကောင်လိုက် ပွတ်တိုက်ပြီး ရေဆေးပါ
  • အငံကြောက်ပါက ရေနှင့် လေးထပ်လောက် သေသေချာချာ ရဆေးပေးပါ
  • အားလုံးပြီးပါက ငါးကို ခပ်ပါးပါး ခပ်ရွှေရွှေလှီးပြီး ရေစင်အောင် တစ်ထပ်လောက် ထပ်ဆေးပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေအနေတော်နှင့် စိမ်ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီးကို အခွံခွာပြီး ရေဆေးထားပါ
  • ပြီးတာနဲ့ ကြကသွန်ဖြူ  ကြက်သွန်နီနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ညက်နေအောင် ရောထောင်းထားပါ
  • အဆင်သင့် ဖြစ်ပြီဆိုပါက ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး မီးအပူပေးပါ 
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ  ကြက်သွန်နီ ငရုတ်သီးမှုန့်ထောင်းတို့ကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်အနံ့ မွှေးလာပါက ငါးဆားနယ်ကိုထည့်ပြီး မွှေပေးပါ 
  • ငါးအသားများ အရောင်ပြောင်း လာတဲ့အထိ ဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် အိုးမကပ်စေရန် အိုးကိုကိုင်ပြီး လှုပ်ပေးပါ
  • ငါးအသား မာလာပါက အရသာမှုန့်နှင့် ရေမြုပ်အောင်ထဲ့ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီး ရေအနည်းငယ် ခမ်းလာပါက မကျည်းမှည့် အနှစ်ထည့်ပြီး ဆီပြန်အောင် တည်ပေးပါ
  • ဆီပြန်ကာနီး အိုးကို လှုပ်လှုပ်ပေးကာ အောက်ခြေမကပ်အောင် သတိထားပြီး တည်ပေးပါ
  • ဆီပြန်လာပါက ထမင်းစားမြိန်စေတဲ့ ငါးခူငါးဆားနယ် ချဉ်ငံစပ် ဆီပြန်ဟင်းလေး ရပါပြီ။

Saturday, 15 February 2020

မျောက်ငိုသီး ကြက်ခြေထောက်ထောင်း








ဒီနေ့တော့ မျောက်ငိုသီးနဲ့ ကြက်ခြေထောက်လေးတွေ ဝယ်လာပြီး ကြက်ခြေထောက်ကို ပေါင်းစားရင် ကောင်းမလား သုပ်စားရင် ကောင်းမလား စဉ်းစားရတာက အလုပ္တစ္ခုလို ဖြစ်ခဲ့ပြန်ပါတယ်။

နောက်ဆုံးတော့ ကြက်ခြေထောက်လေးတွေကို အရိုးထုတ်ပြီးတော့ စိတ်ထဲမှာ ထောင်းစားချင်စိတ် ပေါ်လာတာနဲ့ မာမာကိုယ်တိုင် အရိုးထုတ်ပြီး ထောင်းထားတဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ခြေထောက် - 400 g (အရိုးထုတ်ပြီးသား)
  2. မျောက်ငိုသီး - စားနိူင်သလောက်
  3. ငရုတ်သီး အခြောက်တောင့် - ၅တောင့်
  4. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  5. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  6. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  8. ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ Octopus  ပြုပ်ရန်)
  10. ဆား ထမင်းစားဇွန်း တစ်ဇွန်း (Octopus ဆေးရန်)
  11. ဗီနီကာ - ထမင်းစားဇွန်း တစ်ဇွန်း (Octopus ဆေးရန်)
  12. နံနံပင် - မိမိစားနိူင်သလောက်
  13. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြင်ဆင်ပုံ
  • ပြုပ်ပြီးအရိုး ထုတ်ထားသော ကြက်ရိုးများကို ရေနွေးနှင့် နှစ်မိနစ်ခန့် ထပ်ပြုပ်ပေးပြီး ရေစစ်ထားပါ 
  • မျောက်ငိုသီးကို ရေဆေးကာ ရေစစ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
ထောင်းရန်ပြင်ဆင်ပုံ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူနှင့် ငရုတ်သီး အခြောက်တောင့်တို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
  • အနည်းငယ် ညက်သွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  • မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  • သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ ၀င်ယျပါတယ်
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ ကြက်ခြေထောက်ရိုးနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးကာ မျောက်ငိုသီးနှင့် နံနံပင်ထည့်ပြီး မွှေပေးပါ
  • ထောင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  • ပြီးတာနဲ့ မျောက်ငိုသီး ကြက်ခြေထောက်ထောင်း ချိုချဉ်ငံစပ်လေးကို စားသုံးဖို့အတွက် ပြင်ပေးနိူင်ပါပြီ။