Wednesday, 11 October 2017

ကြက်သားကင်




ဒီနေ့တော့ မြန်မာပါးစပ်နဲ့ အရသာတွေ့စေမဲ့ ကြက်သားလေး ကင်ဖြစ်တာမို့လို့ မွှေးမွှေးလေးနဲ့ စားလို့ကောင်းတဲ့ ကြက်သားကင်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်သား​ - တစ်ကီလို
  2. ခရုဆီ  - ထမင်းစားဇွန်း ၆ဇွန်း       
  3. ဟင်းချက်ဝိုင် - ထမင်းစားဇွန်းတစ်ဇွန်း
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နံနံပင်အခြောက်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  10. သံလွင်ဆီ - အနည်းငယ်
  11. ဆီ - လိုသလောက်

ပြင်ဆင်ပုံ

  • ကြက်သားကို ရေဆေးပြီး ရေခန စစ်ထားပေးပါ
  • ဆား အရသာမှုန့် နံနံပင်အခြောက်မှုန့် ငရုတ်ကောင်းမှုန့် ခရုဆီ ငရုတ်ကောင်းမှုန့် ဟင်းချက်ဝိုင်တို့ဖြင့် အရသာနယ်ကာ  ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၄နာရီလောက် နှပ်ထားပေးပါ
  • မာမာကတော့ အသားထဲကို အရသာ ပိုပြီးဝင်အောင် ရေခဲသေတ္တာထဲမှာ တညသိပ် ထားပြီးမှ ကင်ပါတယ်
အသားကင်ရန်
  • အသားကင်သည့်အိုး သို့မဟုတ် မကပ်သော ဒယ်အိုးကို အပူပေးပါ
  • မာမာကတော့ မကပ်တဲ့ ဒယ်အိုးလေးနဲ့ ကင်ပေးပါတယ်
  • အိုးပူလာတာနဲ့ သံလွင်ဆီ အနည်းငယ်သုတ်ပြီး အသားများကို အကင်အိုးပေါ် တင်ပေးပါ
  • ကင်နေစဉ် အသားခြောက်ကပ်ကပ်ကြီး မဖြစ်စေရန် အရသာနယ်ထားသော အနှစ်များနှင့်ဆီကို အသားကင်ပေါ် မကြာမကြာ သုတ်ပေးပါ
  • အသားကင်နေစဉ် အသားကင်မှ ထွက်လာသော အဆီများကို ပန်းကန်သန့်သန့်နှင့် ခပ်ထားပေးပါ
  • အသားတုံး ကြီးပါက ကင်ချိန်ကို အချိန်ပိုပြီး ကင်ပေးပါ
  • အသားတုံး သေးပါက ကင်ချိန်ကို ချင့်ချိန်ပြီး ကင်ပေးပါ
  • မကျက်တကျက် အနေတော် ကြိုက်တယ်ဆိုရင်တော့ တဖက်ကို ၃မိနစ်ခွဲလောက် ကင်ပေးပါ
  • နောက်တဖက်လှန်ပြီး ၃မိနစ်ခွဲလောက် ကင်ပေးပြီးပါက အကင်အိုးပေါ်မှ ဖယ်ပေးပါ
  • မကျက်တကျက် မစားရဲပါက တဖက်ကို ၅မိနစ်လောက် အချိန်ကြာအောင် ကင်ပေးပါ
  • ကင်နေစဉ် ကြက်သားကို တူးကပ်မသွားစေရန် မကြာမကြာ လှန်လှန်ပေးပြီး ကင်ပေးပါ
  • အားလုံးကင်ပေးပြီးတာနဲ့ အသားထဲမှ ထွက်လာသော အရသာ အဆီများနှင့်အတူ ဒယ်အိုးတလုံးထဲ ထည့်ပေးပြီး တမိနစ်သာသာ ရောပြီး အပူပေးပါ
  • မာမာကတော့ ကြက်သားကင်အရသာ ပိုမွှေးသွားအောင် ကင်ပြီးသား ကြက်သားနဲ့ အဆီများကို ရောထည့်ကာ ၁၈၀ အပူချိန်နဲ့ နာရီဝက်လောက် အပူပေးထားတဲ့ အာဗင်ထဲထည့်ပြီး ၅မိနစ်လောက် အပူပေးလိုက်ပါတယ်
  • ကင်ပေးပြီးပြီဆိုတာနဲ့ ပန်းကန်ပြား တခုထဲမှာ ကြက်သားကင်ကို ပြင်ပေးပြီး စားသုံးနိုင်ပါပြီ။

Sunday, 8 October 2017

ကြက်သားခရုဆီ အစိမ်းကြာ်


တစ်ခါတစ်ခါ ဟင်းချက်ရတာ ပျင်းတဲ့နေ့တွေဆို အခုလို အမြန်ဟင်းလေးတွေ ချက်ဖြစ်ပါတယ် ထမင်းပူပူ ဟင်းပူပူလေးဆို တခြားဟင်းတွေ မလိုတော့ဘဲ စားမြိန်ဟင်းလေးတော့ ဖြစ်လာခဲ့ပါတယ်။

ဒီတခါတော့ ကြက်သားကို အပြားလေးတွေလှီးပြီး ဂျုံမှုန့်နှင့် ကပ်ပြီးကြော်ကာ ခရုဆီနဲ့ ဂေါ်ဖီတို့နဲ့ရောပြီး အစိမ်းကြော်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခပ်ပြားပြား အတုံးလေးတွေ တုံးထားသော ကြက်ရင်ပုံသား - 150 g
  2. ဂျုံမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ
  3. အဖတ်လေးတွေရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ငရုတ်သီးအကြမ်းဖတ် - အနည်းငယ်
  6. အနေတော် လှီးထားသော ဂေါ်ဖီ - သုံးရွက်ခန့်
  7. အနေတော် လှီးထားသော ပန်းဂေါ်ဖီ - ငါးခက်ခန့်
  8. အရှည်လိုက် လှီးထားထေားသောချင်း - လက်တစ်ဆစ်ခန့်
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်ခန့်
  11. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆီ - လိုသလောက် သုံးပါ (ကြက်သားကြော်ရန်)
  14. ဆီ - ထမင်းစားဇွန်း လေးဇွန်း (ဟင်းချက်ရန် )
  15. နှမ်းဆီ - ၄စက်ခန့်

ပြင်ဆင်ပုံ

  • ပထမဆုံး လှီးထားသော ကြက်သားကို ဂျုံမှုန့်ထဲမှာ လူးပေးထားပါ
  • ပြီးတာနဲ့ ဆီကိုအပူပေးပါ 
  • ဆီပူတာနဲ့ ကြက်သားကို ထဲ့ကြော်ပေးပါ
  • ကြက်သားကို ၃မိနစ်လောက်ကြော်ပြီးတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ပိုနေသောဆီများကို အနည်းငယ် ချန်ထားပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို တမိနစ်လောက် ထဲ့မွှေပေးပါ
  • ပြီးတာနဲ့ ကြက်သားကြော် ပန်းဂေါ်ဖီ  ငရုတ်သီး အကြမ်းဖတ်နှင့် ဂေါ်ဖီတို့ကိုထဲည့်ကာ တမိနစ်လောက် ထဲ့ကြော်ပါ
  • ပြီးတာနဲ့ ဆား ငံပြာရည် ခရုဆီ  ပဲငံပြာရည်တို့ကို တစ်ခါထဲ ဆက်တိုက် ထဲ့ပြီးမွှေပေးပါ
  • ကြက်သွန်များ နွမ်းမသွားအောင် မြန်မြန်ကြော်ပြီး နှမ်းဆီထည့်မွှေကာ မီးပိတ်ပေး၍ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနှင့် အရသာရှိစွာ သုံးဆောင်နိုင်သော ကြက်သား ခရုဆီကြော် ရပါပြီ။

Saturday, 7 October 2017

ပဲပြုပ်မျှစ်ကြော် စိမ့်စိမ့်လေး


မျှစ်ဟေ့လို့ ဆိုလိုက်တာနဲ့ ဘယ်လိုချက်ချက် အရမ်းကြိုက်တဲ့အတွက် ဒီတစ်ခါတော့ ပဲပြုပ်နဲ့မျှစ်ကို ကြော်ပါတယ် ကြော်နည်းလေးက အရမ်းလွယ်ပါတယ် ဒါပေမဲ့လဲ သတ်သတ်​လွတ်​စားဖို့ရာ စိတ်ကူးရလို့ ကြော်စားချင်ရင် ကြော်စားနိုင်အောင် ကြော်နည်းတင်ပြီးသားလေးကိုဘဲ ထပ်မံပြီး တင်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပြုပ်ပြီး ခပ်သေးသေးလေးတွေ လှီးထားသော မျှစ် - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ပဲပြုပ်ပြီးသား - မိမိနှစ်သက်သလောက်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  1. အဆင်သင့် လှီးထားသော မျှစ်ကို ရေဆေးပြီးစစ်ထားပါ
  2. ပဲပြုပ်ကို အဆင်သင့် ပြင်ထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ
  4. ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပါ
  5. ကြက်သွန်နီကို နွမ်းရုံလေးဘဲ ကြော်ပြီးမျှစ်ကို ထည့်မွှေပါ
  6. ၂မိနစ်လောက်ကြော်ကာ ဆားနှင့် အရသာမှုန့်ထည့်မွှေပြီး တစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ပဲပြုပ်ကို ထည့်ပြီး မွှေပေးပါ
  7. ပဲပြုပ်ထည့်ပြီး တစ်မိနစ်လောက် ကြော်ပြီးတာနဲ့ လွယ်ကူမြန်ဆန်သော ပဲပြုပ်မျှစ်ကြော်ကို အရသာမြည်းပြီး လိုသလိုပြင်ကာ စားသုံးနိုင်ပါပြီ။

Friday, 6 October 2017

ထိုးမုန့်




















ထိုးမုန့်လုပ်နည်းလေး တင်ပေးမယ်ဆိုပြီး ပုံလေးတွေ တင်ထားပြီးကာမှ မာမာ့blog လေးကို စိတ်ထားမကောင်းသူ လူတစုက ဖျက်လိုဖျက်ဆီး လုပ်တာကြောင့် မုန့်လုပ်နည်းလေး တင်ဖို့ကို နှောင့်နှေးခဲ့ရပါတယ်။

ဒီတော့ အမျိုးစုံ ကြိုးခုံရင်း ဘလော့လေး ပြန်ရဖို့ စာတွေပို့ အကျိုးအကြောင်းတွေ တင်ပြနဲ့ ဘလော့လေးကို ပြန်ဝင်လို့ ရသွားပါပြီ။

ဒီနေ့တော့ ဘလော့လေးလဲ အဆင်ပြေသွားပြီမို့ မာမာလုပ်တဲ့ ထိုးမုန့်လုပ်နည်းလေး ဘလော့မှာ ပြန်တင်ချင်တာနဲ့ ပြန်ပြီးတင်ပေးရင်း မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းမှုန့် - 200 g
  2. သကြားဖြူ  - 50 g (အချိုကြိုက်ပါက ပိုထည့်ပေးပါ)
  3. ရေ - 200 g (ကောက်ညှင်းမှုန့် အရည်ဖျော်ရန်)
  4. ဆီ - 50 g
  5. ထောပတ် - 200 g
  6. ဘိန်းစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. မြေပဲဆံလှော်ပြီးသား - မိမိနှစ်သက်သလောက်
  8. အုန်းသီးမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (မြေပဲနှင့် ရောကြော်ရန်)
  9. အုန်းနို့ အပျစ် - 200 ml
  10. ရေ - 50 ml (အုန်းနို့ကျိုရန်)
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (သကြားအရည်ကျိုရန်)
  13. အုန်းသီးမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (အကြွတ်ကြော်ရန်)
  14. ဆီ -  ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်လုံး  (အုန်းသီးမှုန့်ကြော်ရန်)
  15. မကပ်သောအိုး - တစ်လုံး
  16. မွှေလို့ကောင်းသည့် သစ်သားယောင်းမ - တစ်ခု
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းမှုန့် အုန်းနို့နှင့် ရေတို့ကိုထည့်ပြီး အမှုန့်များ ပျော်တဲ့အထိ ဖျော်ပေးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်ထောပါတ်ကို ရောပြီး ပျော်သွားအောင် မီးဖိုပေါ်တင်ပြီး အပူပေးထားပါ
  • ကျန်သော ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ မြေပဲဆံနှင့် အုန်းသီးမှုန့်ကို မွှေးသွားအောင် ကြော်ထားပေးပါ
ထိုးမုန့်လုပ်ရန်
  • အရင်ဆုံး အိုးတစ်လုံးထဲမှာ ရေနှင့်သကြားကိုထည့်ပြီး သကြားအရည်ပျော်သွားအောင် ကျိုပေးပါ
  • သကြား အရည်ပျော်လာတာနဲ့  သံပုရာရည်နှင့် ဆားတို့ကိုထည့်ပြီး မွှေပေးပါ
  • သကြားရည် ပွက်ပွက်ဆူလာတာနဲ့ ကောက်ညှင်းမှုန့် အရည်ဖျော်ထားတာကိုထည့်ပြီး သမသွားအောင် မွှေပေးပါ
  • ကောက်ညှင်းသား ခဲပျစ်လာပြီး အရည်ကြည်ကြည်လေး ဖြစ်လာတဲ့ စိတ်ရှည်ရှည်နဲ့ မွှေပေးပါ
  • ကောက်ညှင်းသား အရည်ကြည်ကြည်လေး ဖြစ်လာတာနဲ့ အိုးကိုမီးဖိုပေါ်မှ ခနဖယ်ပေးပြီး ထောပါတ်ဆီကို နည်းနည်းချင်း ထည့်ပေးပါ
  • လက်အားသန်သန်နှင့် ၇မိနစ်လောက်မွှေပေးပြီး မီးဖိုပေါ်ပြန်တင်ကာ နောက်ထပ်အချက် ၅၀သာသာလောက် အဆက်မပြတ်မွှေပေးပါ
  • ပြီးတာနဲ့ မီးပေါ်က ပြန်ချပေးပြီး ထောပါတ်ဆီ ထမင်းစားဇွန်း သုံးဇွန်းလောက် ထပ်ထည့်ပေးပြီး အချက်၅၀လောက် ထပ်မွှေပေးပါ
  • မွှေပြီးတာနဲ့ မီးဖိုပေါ် ပြန်တင်ပေးပြီး အချက်၅၀လောက် ထပ်မွှေပေးပါ
  • ထိုနည်းအတိုင်း ထောပါတ်ဆီ ကုန်တဲ့အထိ မီးဖိုပေါ်တင်လိုက် မွှေပေးလိုက် မီးဖိုဘေး ပြန်ချလိုက် ဆီထည့်လိုက် မွှေပေးလိုက် လုပ်ပေးပါ
  • မုန့်သားကြည်လာတာနဲ့ ဘိန်းစေ့နှင့် မြေပဲအုန်းသီးကြော်တို့ကို ထည့်မွှေပေးပါ
  • မုန့်သားလဲကြည်ပြီး ဘိန်းစေ့နှင့် မြေပဲအုန်းသီးကြော်တို့ သမသွားတာနဲ့ ထောပတ်ဆီများလဲ ပြန်ထွက်လာပါလိမ့်မယ်
  • ထောပါတ်ဆီများ ပြန်ထွက်လာနဲ့ မုန့်ဗန်းတခုထဲ ပြောင်းထည့်ကာ ဆီများပါထည့်ပြီး အအေးခံထားပါ
  • မုန့်သားအေးသွားပြီ ဆိုတာနဲ့ မိမိနှစ်သက်သလို လှီးပေးပါ
  • နှစ်ရက် သုံးရက် ကြာရင်တော့ ကောက်ညှင်းတို့ ထုံးစံအတိုင်း မာသွားတတ်တဲ့အတွက် မိုက်ခရိုဝေ့ထဲမှာ ၃မိနစ်လောက် အပူပေးပြီးမှ စားသုံးပါ။
အုန်းသီးကြော်ပုံ
  • ဆီကို အပူပေးလိုက်ပါ ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ အုန်းသီးဖတ်များကို ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အုန်းသီးဖတ်များ မကျွမ်းစေရန် အဆက်မပြတ် မွှေပေးကာ အုန်းသီးဖတ်များ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ဆီစစ်ပြီး အေးသွားတာနဲ့ အအေးခံထားသော ထိုးမုန့်အပေါ်မှာဖြူးပြီး စားသုံးနိုင်ပါပြီ။

Wednesday, 4 October 2017

သရက်သီးစိမ်း မြေပဲထောင်း



ဒီရာသီဆို သရက်သီးစိမ်းလေးတွေ ပေါ်လာပါပြီ ဒါောကာင့်မို့လို့ သရက်သီးစိမ်းလေးတွေကို မျိုးစုံအောင် လုပ်စားရင်း ဒီနေ့တော့ သရက်သီးစိမ်းကို မြေပဲလှော်နဲ့ အစိမ့်လေး ထောင်းပြီး ထမင်းမြိန်မြိန် စားရလေအောင် မာမာပြင်ဆင်ထားတဲ့ ပဲဆီစိမ်းနဲ့ စိမ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်​ပစ္စည်းများ

  1. သရက်သီးစိမ်း - ခပ်ကြီးကြီး တစ်လုံး
  2. ပုဇွန်ငပိ - ထမင်းစားဇွန်း ၃ဇွန်း
  3. မြေပဲလှော် - ထမင်းစားဇွန်း၎ ဇွန်း
  4. ငရုတ်သီးလုံးကြမ်းခွဲ အကျက်မှုန့် - အစပ်စားနိုင်သလောက်
  5. အရသာမှုန်. -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  7. မြေပဲဆီစိမ်း - သရက်သီးထောင်း မြုပ်အောင်စိမ်ပေးပါ


ပြင်​ဆင်​ပုံ

  • သရက်သီးစိမ်းကို အရင်​ဆုံး အညှာဘက်မှလှီးကာ ရေတနာရီလောက် စိမ်ထားပေးပါ
  • ရေစိမ်ပြီး အစေးများကုန်လောက်ပြီဆိုရင် အခွံခွာပြီး ခပ်သေးသေး အတုံးလေးတွေ လှီးထားပေးပါ
  • မြေပဲလှော်ကို အခွံချွတ်ကာ မညက်တညက် ထောင်းထားပေးပါ
  •  ပုဇွန်ငပိကို ကင်ထားပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံ ကြီးကြီးထဲမှာ  မြေပဲကို အရင်ဆုံး မညက်တညက် ​ထောင်း​ပေးပါ
  • ပြီးတာနဲ့ သရက်သီးကို ထည့်ပြီးထောင်းပေးပါ
  • သရက်သီးနဲ့ မြေပဲ သမသွားတာနဲ့ ပုဇွန်ငပိ ငရုတ်သီးလုံးကြမ်းခွဲမှုန့် ဆား နှင့် အရသာမှုန့်တို့ကိုထည့်ကာ အားလုံးသမသွားအောင် ထောင်းပေးပါ
  • ထောင်းပြီးတာနဲ့ မြေပဲဆီ​မွှေး​မွှေး​လေးထည့်ကာ ဆီမြုပ်အောင် နယ်ပေးပြီး ထမင်းပူပူ​လေးနှင့်​ စားနိုင်​ပါပြီ။

Tuesday, 3 October 2017

မှို ကန်စွန်းရွက်ကြော်


ဘာချက်ရင် ကောင်းမလဲ စဉ်းစားမိ​လေတိုင်း စိတ်ထဲမှာ ​ပေါ်လာတာက အသီးအရွက်​ ဟင်း​လေး​တွေဘဲ ဖြစ်​​နေတတ်​ပါတယ်​ ဒါ​ကြောင့်​မို့ ဒီ​နေ့​တော့ မှိုနဲ့ကန်​စွန်းရွက်​ကို သတ်​သတ်​လွတ်​ ​ကြော်​ပြီးသကာလ ထမင်းပူပူ​လေးနဲ့ စားဖို့ပြင်​သွားလို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်​။ 

ပါဝင်ပစ္စည်းများ
  1. ကန်စွန်းရွက် - လက်တစ်ဆုတ်စာ တစ်စည်း
  2. မှို - စားနိုင်သလောက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  1. ကန်စွန်းရွက် အပင်ရဲ့ ရင့်နေတဲ့ နေရာများကို ဖယ်ပြစ်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. မှိုကို ရေဆေးပြီး သင့်တော်သလို ဖဲ့ထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  4. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  5. ဆီအငွေ့ တက်လာတာနဲ့ ဆားကိုအရင်ဆုံး ထည့်ကြော်လိုက်ပါ
  6. ဆားထည့်ပြီးတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပြီး မှိုကို ထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  7. ပြီးတာနဲ့ ကန်စွန်းရွက်နှင့် အချိုမှုန့်တို့ကို ထည့်ကြော်ပေးပါ
  8. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  9. အရသာ ပြင်ပေးပြီးတာနဲ့ ကန်စွန်းရွက်ကြော် ပူနေတုန်းလေး ပန်းကန်ထဲ ပြောင်းထည့်ကာ စားသုံးနိုင်ပါပြီ။

Monday, 2 October 2017

သရက်သီးစိမ်း ငါးပိထောင်း






သရက်သီး ပေါ်ကာစ သရက်သီးစိမ်းလေးတွေကို နေလှန်းလိုက် ထောင်းလိုက် အချဉ်ထည့်လိုက် သရက်ယိုထိုးလိုက်နဲ့ မျိုးစုံအောင် လုပ်စားမိပြန်ပါတယ်။

ဒီနေ့တော့ သရက်သီးစိမ်းနဲ့ထောင်းတဲ့ ငပိထောင်းလေး တင်ဖူးပြီးသားလေးပေမဲ့ အသစ်ပုံလေး မြင်တိုင်း စားချင်စိတ်ပေါ်အောင် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ထောင်းနည်းလေးကို ထပ်မံပြီး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. သရက်သီးစိမ်း - အလုံးကြီးကြီး တစ်လုံး
  2. ပုဇွန်ငပိ - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်းခွဲ
  3. ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် ၂၀ခန့်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  5. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  6. ငရုတ်သီးအလှော်မှုန့် - စားနီူင်သလောက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  1. ပုဇွန်ငပိကို မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
  2. မိုက်ခရိုဝေ့ မရှိပါက မီးဖိုပေါ်မှာ ဒယ်အိုးခပ်သေးသေး တလုံးထဲ ပုဇွန်ငပိကိုကပ်ကာ ကင်ပေးပါ
  3. အပေါ်ယံ တင်းလာပါက နောက်တဖက်ကို လှန်ပြီး ဆက်ကင်ပေးပါ
  4. ငရုတ်သီးစိမ်းကို လှော်ထားပါ
  5. သရက်သီးစိမ်းကို အညှာဘက်မှ လှီးကာအစေးစင်အောင် ရေဆေးပေးပါ
  6. အစေးများ စင်သွားတာနဲ့ အခွံခွာကာ သရက်သီးခြစ်သော ခြစ်ဖြင့် ခြစ်ပေးပါ
  7. အားလုံး အဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ အရင်ဆုံး ပုဇွန်ခြောက်ကို ညက်အောင်ထောင်းပေးပါ
  8. ပုဇွန်ခြောက် ညက်တာနဲ့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထည့်ထောင်းပါ
  9. အားလုံး လေးစိတ်ကွဲ အနေအထား ရတာနဲ့အရသာမှုန့် ပုဇွန်ငပိကင်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ထည့်ထောင်းပါ
  10. ပြီးတာနဲ့ ချဉ်ငံစပ် ပုဇွန်ငပိထောင်း စားသုံးရန် ပြင်ပေးနိုင်ပါပြီ။