မာမာဒီနေ့တော့ ငါးငပိလုပ်နည်းလေး မျှဝေပေးချင်ပါတယ် ဒီနည်းကတော့ မာမာ့အမေ အိမ်မှာလုပ်တဲ့နည်းလေး ဖြစ်ပါတယ်။
မာမာသိသလောက် ငါးငပိကို ငါးပိရည်စိမ်းငါးပိ ကောင်လတ်ကလေးငါးပိနဲ့ ကောင်လတ်ကြီးငါးပိဆိုပြီး ၃မျိုးခေါ်ကြပါတယ်။
ထို သုံးမျိုးထဲကမှ ကောင်လတ်ကလေး ငါးပိကိုတော့ လယ်ငါးဇင်ရိုင်း မြစ်ငါးဇင်ရိုင်း ချောင်းငါးဇင်ရိုင်း ငါးနူသန်း ငါးဇင်ဇတ် ငါးနက်ပြာ ငါးရောင် ငါးခုံးမ ငါးဖျင်းစလက် ငါးဗျက် ငါးနီ ငါးခူပေါက် ငါးရံ့ပေါက် ငါးကြင်းပေါက် ငါးမြစ်ချင်းပေါက် ငါးထွေပေါက် ကံ့ကူရန်ပေါက် ငါးမြွေထိုး အစရှိသည်ဖြင့် အနေတော်ငါးလေးတွေနဲ့ လုပ်ကြပါတယ်။
ဒီနေရာမှာ ငါးအကောင်သေး ဆိုတာက တလက်မမှ ၆လက်မလောက်ထိ ရှိတဲ့ အနေအထားကို ပြောတာပါ။
ငါးပိလုပ်နည်းကတော့ တနေရာနဲ့တနေရာ ဒေသတခုနဲ့တခု မတူကြတာများပါတယ်။
အခုလုပ်တဲ့ နည်းကတော့ မာမာတို့အိမ်မှာ စီးပွားဖြစ် ငါးပိ လုပ်တဲ့နည်းပါ။
ကျန်ခဲ့တဲ့၂ပါတ် ကျော်ကျော်လောက်ထဲက ငါးပိရည်ကျို လုပ်မယ်ဆိုပြီး ငါးသေးသေးလေးတွေ ၄ကီလို ဝယ်လာခဲ့မိတယ်။
ငါးဝယ်လာပြီး ရေစိမ်ကာ အပုပ်ခံပြီးကာမှ နေမပူဘဲ မိုးက အုံ့ဆိုင်းနေတော့ နေလှန်းစရာ နေကမပူတော့ လု်သလို မဖြစ်တဲ့အခါ ဖြစ်သလို လုပ်ရပါတော့တယ်။
ငါးတွေကို ရေစိမ်ပြီးသား လက်စကြီးဆိုတော့ မထူးပါဘူးဆိုပြီး ဆားဘဲကူးထားလိုက်တော့တယ်။
နောက်ရက်တွေမှာလဲ နေရောင် ထပ်မရဘူး ဆိုရင်တော့ ငါးငပိလုပ်ဖို့ ပုလင်းထဲမှာ သိပ်ထားလို့ ရပါတယ်။
နေရောင်ရတယ် ဆိုရင်တော့ နေထွက်ကနေ နေဝင်ချိန်အထိ နှစ်ရက်လောက် လှမ်းပေးပြီး ငရုတ်ဆုံထဲ ထည့်ထောင်းကာ ပုလင်းလေးထဲထည့်ပြီး ငါးငပိကို သိပ်ထားလို့ ရပါတယ်။
နေရောင်မရရင်တော့ နေမလှန်းဘဲ ဒီအတိုင်း ဆားကူးပြီး သိပ်ထားလို့ရပ်တယ်။
ပါ၀င်ပစ္စည်းများ
- ငါး အကောင်သေး - တကီလို (ငပိလုပ်ရန်)
- ဆားကြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး (ငပိလုပ်ရန်)
- ဆားကြမ်း - လိုသလောက် သုံးပေးပါ (ဆားရည်ဖျော်ရန်)
- ရေ - လိုသလောက် သုံးပေးပါ (ဆားရည်ဖျော်ရန်)
ပြင်ဆင်ပုံ
- ငါးလေးတွေကို ဗိုက်ထဲမှ မလိုတာတွေ ဖယ်ပေးပါ
- ငါးခေါင်းများကိုလဲ ဖယ်ပေးကာ ရေနှစ်ထပ်လောက် ဆေးပေါးပါ
- ငါးခေါင်းလေးတွေ မဖယ်ချင်လဲ ရပါတယ် မာမာက အသည်းယားလို့ ဖယ်ပေးပါတယ်။
- ပြီးတာနဲ့ ဇောက်နက်သော ဝါးဇကာ ခပ်စိတ်စိတ်ထဲမှာ ထည့်ပေးပြီး ဇလုံတလုံးထဲမှာ ထိုဇကာကိုထည့်ကာ ရေအပြည့်ဖြည့်ပြီး တညသိပ် ရေစိမ်ပေးပါ။
- ဇကာမရှိရင်တော့ ဇလုံထဲမှာ ငါးများကို ဒီအတိုင်းထည့်ပေးကာ ရေစိမ်ပေးပါ။
- နောက်နေ့မနက်မှာ ငါးများပွလာပြီ ဆိုတာနဲ့ ထိုငါးတွေကို ရေ ၃ထပ်လောက် ဆေးပေးပြီး ရေစင်အောင်စစ်ပေးကာ ဆားနှင့်နယ်ပေးပါ။
- ဆားနယ်ပြီးသား ငါးတွေကို ဇကာတစ်ခုထဲမှာ ဖြန့်ထည့်ပြီး နေပူပူမှာ ပထမ တရက်လှမ်းပေးပါ။
- နေလှန်းတဲ့ အခါမှာလဲ ယင်ကောင်မနားစေရန် ပိတ်စပါးလေး အုပ်ပေးပြီးမှ နေလှန်းပေးပါ။
- မနက်ထဲက နေလှန်းပြီး ညနေစောင်းလျှင် ထိုငါးများကို ပြန်သိမ်းပေးပါ။
- ထိုနည်းအတိုင်း နှစ်ရက်လောက် လှမ်းပေးပြီးရင် ငါးများကို ငရုတ်ဆုံထဲထည့်ပြီး အချက်လေးဆယ်လောက် ထောင်းပေးပါ
- နေရောင် မရတဲ့ အရပ်ဒေသမှာ ဆိုရင်တော့ နေမလှန်းဘဲ လုပ်ပေးနိူင်တယ်။
- ငါးများကို ထောင်းတဲ့နေရာမှာလဲ အရမ်းကြီး ကျေသွားအောင် ထောင်းစရာ မလိုဘဲ ငါးတွေအနည်းငယ် ပျော့သွားရုံလောက်ဘဲ ထောင်းပေးရင် ရပါပြီ။
- ငါးများ အားလုံး ထောင်းပြီးတာနဲ့ ငါးပိသိပ်ဖို့အတွက် ပုလင်းလေးတွေကို သန့်ပျန့်နေအောင် ရေဆေးထားတဲ့ ပုလင်းလေးတွေထဲ ထည့်ပေးပါ။
- ပုလင်းထဲမှာ ငါးများကို ဖိသိပ်ပြီးတာနဲ့ အပေါ်ယံမှာ လက်လေးလုံးစာလောက် နေရာအလွတ် ချန်ထားပြီး ဖိသိပ်ထည့်ပေးပါ။
- ငါးငပိများ ထည့်ပြီးတာနဲ့ ငါးငပိအပေါ်မှာ ဆားကိုငံနေအောင် အရည်ဖျော်ပြီး လက်နှစ်လုံးစာလောက် နေရာချန်ကာ ဆားရည်ကို လောင်းထည့်ပေးပါ။
- ပြီးတာနဲ့ ပုလင်းအဖုံးကို ပလပ်စတစ်စခံကာ ပုလင်းအဖုံးကို လုံနေအောင် ဖုံးပေးထားပါ။
- လပြည့်ရက်တွေမှာ ငါးငံပြာရည်အဖြစ် အိုးတက်ငံပြာရည်များ ပုလင်းအပေါ်ကိုလျှံပြီး တက်တတ်တဲ့အတွက် သတိထားပြီး ထိုရက်တွေမှာ ပုလင်းအဖုံးကို ဖွင့်ပေးထားပါ။
- တက်လာသော အိုးတက်ရည်ကို ခပ်ယူထားပြီး သေသေချာချာ သိမ်းထားပါက ဟင်းချက်ရာမှာ အသုံးပြုနိူင်ပါတယ်။
- အိုးတက်ရည် ခပ်ယူပြီးတာနဲ့ ဆားနှင့်ရေကို ငံနေအောင်ဖျော်ပြီး ငါးပိပုလင်းထဲကို ထပ်ထည့်ပေးထားကာ လပြည့်နေ့တိုင်း ပြန်လည် ခပ်ယူနိူင်ပါတယ်။
- အိုးတက်ရည် ခပ်ယူပြီးတာနဲ့ ဆားနှင့်ရေကို ငံနေအောင်ဖျော်ပြီး ငါးပိပုလင်းထဲကို ထပ်ထည့်ပေးထားကာ လပြည့်နေ့တိုင်း ပြန်လည် ခပ်ယူနိူင်ပါတယ်။
- ငါးငပိ နူးနူးနပ်နပ်လေး စားလို့ရအောင်အတွက်ငါးပိများကို ပုလင်းထဲမှာ တလခွဲလောက် အနည်းဆုံးထားပါက ငပိအသားများ နပ်လာပြီးမှ ငါးငပိရည်ကို ကျိုစေချင်ပါတယ်။
- ထိုငါးငပိ ပုလင်းလေးတွေကို အခန်းအပူအချိန်အတိုင်း တလခွဲလောက် အနည်းဆုံး ထားပေးရင် ငါးငပိ နူးနူးနပ်နပ်လေးရပါပြီရှင်။
No comments:
Post a Comment