မာမာ ဒီနေ့တော့ အိန္ဒိယ ရိုးရာအစားအစာ တစ်ခုဖြစ်ပြီးမုန့်အချို တမျိုးဖြစ်တဲ့ Boondi Laddu(လဒူမုန့်) စားချင်တာနဲ့ အပင်ပန်းခံပြီး လုပ်ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုပ်နည်းကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- သီဟိုလ်စေ့ - အနည်းငယ်
- ပဲအစိမ်းမှုန့် - 300 g
- ရေ - လိုသလောက် သုံးပေးပါ
- Food Colour အဝါရောင် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
- ဖာလာစေ့ - ဆယ်စေ့ခန့်
- သကြား - ထမင်းစားဇွန်း ငါးဇွန်း
- ရေ - လိုသလောက် သုံးပေးပါ
- ဇွန်း - တစ်ချောင်း
- အပေါက်ပါသော ဇကာ - တစ်ခု
- ဆီစစ်ဇကာ - တစ်ခု
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပြုလုပ်ပုံ
- ဇလုံတစ်လုံးထဲမှာ ပဲအစိမ်းမှုန့်နှင်ကို့ ရေတို့ထည့်ပေးကာ သမအောင် မွှေပေးပါရေ
- အပျစ်အကျဲကို မိမိစိတ်ကြိုက် အနေအထား ရလာအောင် နည်းနည်းချင်း ထည့်မွှေပေးပါ
- မာမာကတော့ မုန့်ရည်ကို ခပ်ပျစ်ပျစ်လေး ဖျော်ပေးပါတယ်
- မုန့်ရည်ဖျော်ထားတာ စိတ်ကြိုက် အနေအထား ရလာပါက food colour အဝါရောင်ကို ထည့်ပြီးမွှေပေးပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲကို ဆီထည့်ပေးကာ အပူပေးပါ
- ဆီပူလာတာနဲ့ မိမိနှစ်သက်ရာ အရောင်ကို ဇွန်းနှင့်ခပ်ပြီး အပေါက်ပါသော ဇကာထဲကို ဆီအိုးအပေါ်မှာ မြှောက်ကိုင်ကာ မုန့်နှစ်ကို ဖြန့်ပြီး ဖြေးဖြေးချင်း လောင်းချပေးပါ
- မုန့်စလေးတွေ မွလာတာနဲ့ အောက်ချေမကပ်အောင် မွှေပေးပါ
- ရွှေဝါရောင်လေး သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ဇကာထဲ ထည့်ကာ ဆီစစ်ထားပါ
- အိုးထဲမှာ ဆီနည်းသွားပါက ဆီထပ်ထည့်ပြီး ဆီပူလာပါက နောက်ထပ်ကျန်နေသော မုန့်နှစ်များကိုလဲ အထက်ပါ နည်းအတိုင်း ဆက်ကြော်ပေးကာ ဆီစစ်ထားပါ
- ဖာလာစေ့များကို ညက်နေအောင် ထောင်းပေးပါ
- သီဟိုလ်စေ့များကို မညက်တညက် အနေအထား ရလာအောင် ထောင်းထားပါ
- သကြားကို ရေတစ်ခွက် ထည့်ပြီး ပြစ်နေအောင် ကျိုပေးပါ
- သကြားအရည် ပျော်သွားတာနဲ့ သီဟိုလ်စေ့ ဖာလာစေ့နှင့် နောက်ထပ်ရေတစ်ခွက် ထပ်ထည့်ကာ ကျိုပေးပါ
- သကြားများ အရည်ပျော်သွားတာနဲ့ မုန့်ကြော်စလေးများ အားလုံးကို သကြားရည်အိုးထဲ ထည့်ပေးကာ သမအောင် နှစ်မိနစ်လောက် မွှေပေးပါ
- မုန့်သားအိပြီး သကြားရည်များ ခမ်းလာပါက မီးပိတ်ပြီး ၁၅ မိနစ်ခန့် အဖုံးအုပ်ကာ နှပ်ထားပါပြီ
- ပြီးတာနဲ့ ခပ်နွေးနွေး အနေအထားလောက် ရလာပါက အလုံးလေးများ ရလာအောင် လုံးပေးပါ
- သီဟိုလ်စေ့ လဒူမုန့်လေးတွေ ရလာတာနဲ့ စားသုံးရန် ရပါပြီ။
No comments:
Post a Comment