Friday, 10 January 2025

ငါးချဉ်တည်နည်း

 








ဒီနေ့တော့ ငါးသေးသေးလေးတွေ ဝယ်လာပြီး ငါးချဥ်လုပ်ပါတယ်  ငါးချဥ်လုပ်ရတာ လွယ်ပါတယ် အချဉ်တည်တတ်သွားရင် ရာသီဥတုအပေါ် မူတည်ပြီး လေးငါးရက်ဘဲ ကြာတတ်တာမို့လို့ လတ်လတ်ဆတ်ဆတ် စားရအောင် အနည်းငယ်ဘဲလုပ်တာ ကောင်းပါတယ်။


ပါ၀င်ပစ္စည်းများ

  1. ငါး ခေါင်းဖြုတ်ပြီး သန့်စင်ပြီးသား - 600 g 
  2. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  3. ဆား - ထမင်းစားဇွန်း နှစ်းဇွန်းခွဲခန့်
  4. အဝတ်ပါးစ - တစ်ခု
  5. ကော်ဗူးသန့်သန့် - တစ်ခု


ပြင်ဆင်ပုံ

  • ငါးသေးသေးလေးတွေကို ခေါင်းပိုင်းနှင့် အကြေးခွံများ အကုန်ဖယ်ပြီး ရေစင်အောင်ဆေးပေးပါ
  • ရေဆေးပြီး ရေခြောက်ပြီး ရေစစ်သွားအောင် ငါးများ အပေါ်မှ အလေးတစ်ခုခုနှင့် ဖိပေးကာ ရေစစ်ထားပါ
  • ဆန်ကိုရေဆေးပြီး ခပ်မာမာလေး ရအောင်ချက်ကာ အအေးခံထားပါ
  • ဆားကြမ်းကို ပြင်ထားပါ
  • ငါးများ ရေစစ်သွားပြီ ဆိုတာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်သော အရာအားလုံးကို ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးများကို ဆားအရသာ ဝင်စေရန် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • အနည်းဆုံး ငါးမိနစ်ခန့်ကြာအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • ပြီးတာနဲ့ အဝတ်စ သန့်သန့်ထဲမှာ ထည့်ပေးကာ ကျစ်နေအောင် ထုတ်ပေးပါ
  • ကျစ်နေအောင် ထုတ်ပြီးတာနဲ့ လေလုံပြီး သန့်ပြန့်နေသာ ဖန်ပုလင်း သို့မဟုတ် ကော်ဗူးထဲမှာ ဖိသိပ်ထည့်ပေးပါ
  • အဖုံးလုံအောင်ပိတ်ပြီး အခန်းအပူချိန်များသော မီးဖိုခန်းမှာ အနည်းဆုံး ၃ - ၄ရက်လောက် ထားပေးပါ
  • ပထမ တရက်မြောက်နေ့မှာ အရောင်အနည်းငယ် စပြောင်းလာပါပြီး အရည်အနည်းငယ် ထွက်လာပါလိမ့်မည်
  • ဒုတိယနေ့မှာလဲ အထက်ပါအတိုင်း အရောင်လေး အနည်းငယ် ထပ်ပြောင်းလာပါလိမ့်မည်
  • ထွက်လာသော အရည်များကို ဗူးကိုစောင်းပြီး သွန်သွန်ပေးပါ
  • တတိယနေ့မှာတော့ ငါးချဉ်နံ့ အနည်းငယ် ရပါလိမ့်မည်
  • စတုထ္ထနေ့မှာတော့ ငါးချဉ်ထဲမှ ထွက်လာသော အရည်ကို ထပ်ပြီးသွန်ပြစ်ပေးပါ
  • ငါးရက်မြောက် နေ့မှာတော့ ငါးချဥ် ရပါပြီ
  • ရာသီဥတု အေးပါက အချိန်ပိုပြီး ထားပေးရပါတယ်
  • ငါးချဥ် ရလာပါက မိမိ ကြိုက်နှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။
  • ရာသီဥတု အပူအအေးပေါ် မူတည်ပြီး ငါးချဉ် ချဉ်သည့်ချိန်လဲ အနည်းငယ် ကွာခြားတတ်ပါတယ်
  • အသုံးပြုသော ငါးအကောင် အကြီးအသေးပေါ်မှာ မူတည်ပြီးတော့လဲ ချဉ်သည့်ချိန် ကွာခြားတတ်ပါတယ်။
  • ငါးအကောင် သေးငယ်ပါက ချဉ်သည့်ချိန် မြန်တတ်ကာ ငါးအကောင်ကြီးလျှင် ချဉ်သည့်ချိန် အနည်းငယ် ကြာနိူင်ပါတယ်
  • ငါးချဉ် ချဉ်သွားပြီ ဆိုပါက ချက်ချင်းကြီး သုပ်မစားဖြစ်သေးလျှင် သော်လည်းကောင်း ကြော်မစားဖြစ်သေးလျှင် သော်လည်းကောင်း ငါးချဉ်မှ ထွက်နေသော အရည်များ စစ်ပြစ်လိုက်ပြီး ဗူးအဖုံးကိုဖုံးကာ ရေခဲသေတ္တာ မခဲသော အကန့်ထဲမှာ လေးရက်မှ ငါးရက်ခန့်အထိ သိမ်းထားနိူင်ပါတယ်
  • ချက်ချင်းသုပ်စားမည် ဆိုပါက ထမင်းများကိုဖယ်ပြီး ကြက်သွန်နီ နံနံပင် ငရုတ်သီးစိမ်း ပဲဆီစိမ်းတို့နှင့် သုပ်စားနိူင်ပါတယ်
  • သုပ်မစားဘဲ ကြော်စားမည်ဆိုပါက ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးလုံးခြမ်းကွဲတို့ကို ဆီသတ်ပေးပြီးမှ ကြော်စားနိူင်ပါတယ်။

No comments:

Post a Comment