Thursday, 30 May 2024

မုန့်ဟင်းခါး ဟင်းရည်ကျဲ



ဒီနေ့တော့ မုန့်ဟင်းခါး ဟင်းရည်ကျဲလေး စားချင်တာနဲ့  မုန့်ဟင်းခါး ချက်စားဖြစ်ပါတယ် ဟင်းရည်ချက်တဲ့ နည်းလေးကိုဘဲ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးပြုပ်ရန် ပါဝင်ပစ္စည်းများ
  1. ငါးခူ - သုံးဆယ်သား
  2. မုန့်လုပ်ထန်းလျှက်ခဲ - ကွမ်းသီးဆံလုံးလောက် သုံးခဲ
  3. ငါးငံပြာရည် - ထမင်းစားရည် ငါးဇွန်း 
  4. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း 
  5. စပါးလင် - နှစ်ပင်
ငါးပြုပ်ပုံ
  • ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ ကလီစာများ ထုတ်ပေးပါ
  • ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
  • ငါးအရည်ခွံ တော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင် ဆေးပေးပါ
  • စပါးလင် နှစ်ပင်ကို ရေဆေးပြီး ထုပေးကာ အထုံးလေး ထုံးပေးပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေ စပါးလင် ငါး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထန်းလျှက်ခဲ ငါးငံပြာရည် ထမင်းစားဇွန်း ငါးဇွန်း နနွင်းမှုန့်  တို့ထည့်ပြီး ပြုပ်ပေးပါ
  • ငါးအသား နူလာတာနဲ့ အအေးခံပြီး အရိုးအသား သပ်သပ်စီ ထွင်ပေးထားပါ
  • အသားထွင်တဲ့အခါ ငါးအသား အမြှောင်းလေးတွေ ရအောင် ထွင်ပေးပါ
  • အသားထွင်ထားသော ငါးအရိုးများနှင့် ထည့်ပြုပ်ထားသော စပါးလင်ထုံးတို့ကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် အရည်ငင်ထားကာ ငါးပြုပ်ရည်ထဲမှာ ပြန်ရောပေးထာပါ။
ငါးဆီသတ်ရန် ပါဝင်ပစ္စည်းများ
  • ငါးဆီရန် ပါဝင်ပစ္စည်းများ
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  • ကြက်သွန်နီ - နှစ်ဆယ်သား 
  • ကြက်သွန်ဖြူ  - တစ်ဆယ်သား
  • စပါးလင် - သုံးပင်င
  • ရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ 
  • ချင်း - ငါးကျပ်သား 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်အ
  • ရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
ငါးဆီသတ်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး အလုံးလိုက် ရေဆးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
  • ကြက်သွန်နီ အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
  • စပါးလင်သုံးပင်ကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးကာ ညက်နေအောင် ထောင်းပေးပါ
  • ဒယ်အိုးထဲ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် ချင်းထောင်းတို့ကို ထည့်ပြီးဆီသတ်ပေးပါ 
  • ကြက်သွန်ဆီသတ်နံ့ မွှေးလာတာနဲ့ အရိုးထွင်ထားသော ငါးနှင့် အရသာမှုန့် တို့ ထည့်မွှေပေးပါဆီသတ်နံ့ သင်းလာပြီဆိုတာနဲ့ မီးပိတ်ပေးပါ။
ငှက်ပျောအူလှီးရန် ပါဝင်ပစ္စည်းများ
  1. ငှက်ပျောအူ - တစ်ထွာသာသာလောက် (နုတဲ့နေရာကိုဘဲ သုံးပါ)
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း 
  3. ရေ - လိုသလောက် သုံးပါ
ငှက်ပျောအူလှီးရန်
  1. ဇလုံတစ်လုံးထဲမှာ ရေနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုထည့်ပြီး ဖျော်ထားပါ
  2. ငှက်ပျောအူကို အဖတ်လေးတွေ ခွာပေးပြီး အကျောသင်ပေးပါ
  3. အကျောသင်ပြီးတာနဲ့ မထူမပါးလေးတွေလှီးပြီး နနွင်းဖျော်ထားသော ဇလုံထဲမှာထည့်ပြီး စိမ်ထားပါ
ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများ
  1. ငါးဆီသတ်ပြီးသား
  2. ငှက်ပျောအူ လှီးပြီးသား
  3. ကြက်သွန်နီ - အလုံးသေး (မိမိနှစ်သက်သလောက်ထည့်ပါ)
  4. ငါးပြုပ်ရည်
  5. ရေ - သုံးလီတာခန့်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နစ်ဇွန်းခွဲ
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ဟင်းရည်ချက်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပြုပ်ရည် ငါးအရိုးကိုထောင်းပြီး အရည်ငင်ထားသော ငါးရိုးအရည် ငါးဆီသတ်များနှင့် နောက်ထပ်ရေ ၃လီတာခန့်ထည့်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး ရေဆူလာတာနဲ့ လှီးထားသော ငှက်ပျောအူများကို ထည့်ပေးပါ
  • ငှက်ပျောအူများ နူးလာတဲ့အထိ တည်ပေးပြီးတာနဲ့ ဆား ငံပြာရည် အရသာမှုန့်တို့ကို သင့်သလိုထည့်ပြီး သမအောင် မွှေပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတော့မှ ကြက်သွန်များထည့်ပြီး နူးလာပြီဆိုတာနဲ့ ငရုတ်ကောင်းမှုန့် ခတ်ပေးပါ
  • ပြီးတာနဲ့ အရသာ မြည်းပေးပြီး လိုသလို ပြင်ပေးပြီးပါက မုန့်ဟင်းခါး ဟင်းရည်ကျဲ ပူပူလေး ရပါပြီ။
မုန့်ပွဲပြင်ရန် ပါဝင်ပစ္စည်းများ
  1. မုန့်ဖတ် - တစ်ကီလိုခွဲ
  2. မုန့်ဟင်းရည် - မိမိနှစ်သက်သလောက်
  3. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  4. နံနံပင် - မိမိနှစ်သက်သလောက်
  5. ငါးဖယ်ကြော် - မိမိနှစ်သက်သလောက်
  6. ပူစီနံ  - မိမိနှစ်သက်သလောက်
  7. ပဲကြော်  - မိမိနှစ်သက်သလောက်
မုန့်ပွဲပြင်ပုံ
  • မုန့်ပွဲပြင်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • နံနံပင်နှင့် ပူစီနံကို ရေဆေးပြီး သင့်သလို လှီးထားပါ
  • ပန်းကန်လုံး တစ်ခုထဲမှာ မုန့်ဖတ်နှင့် မိမနှစ်သက်ရာတို့ကို ထည့်ပေးပြီး မုန့်ဟင်းရည်ဆမ်းကာ မုန့်ဟင်းခါး ပူပူလေးကို စားသုံးနိူင်ပါပြီ။

Wednesday, 29 May 2024

ပဲကြာဇံကြော်

 



ထမင်းဝိုင်းမှာ အသီးအရွက်ကြော်လေး တစ်မယ်ပါလေမှ ထမင်းက စားလို့မြိန်မှာမို့လို့ ဒီနေ့တော့ အသီးအရွက်လေးတွေနဲ့ရောပြီး ပဲကြာဇံ ကြော်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပဲကြာဇံကြော် ကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲကြာဇံ - တစ်ပွဲစာ (လက်တစ်ဆုပ်စာ)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ဘေဘီမုန့်ညှင်း - နှစ်ပင် 
  4. တရုတ်နံနံ - အပင်ခပ်သေးသေး နှစ်ပင်ပဲ
  5. ငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း - ရှစ်ဇွန်း
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပဲကြာဇံက်ို ရေမြုပ်အောင်ထည့်ပြီး နာရီ၀က်လောက် ရေစိမ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • ဘေဘီမုန့်ညှင်းကို ရေဆေးပြီး အနေတော် လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး လက်တစ်ဆစ်ခန့် အနေအထား လှီးထားပါ
  • ငရုတ်ကောင်းမှုန့်ကို အဆင်သင့် ပြင်ထားပါ
  • ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီ နှမ်းဆီ ဆားနှင့် အရသာမှုန့်တို့ကို ပန်းကန်လုံးထဲမှာ ရောကာအရသာ စပ်ထားပါ
  • ရေစိမ်ထားသော ပဲကြာဇံ ပျော့လာပါကဆယ်ပြီး ရေစစ်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီကို မွှေးသွားအောင် အရင်ဆုံး ကြော်ပေးပါ
  • ကြက်သွန်နံ့ မွှေးလာတာနဲ့ တရုတ်နံနံမှလွဲပြီး ကျန်အသီးအရွက်များကို တစ်မိနစ်လောက် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ပဲကြာဇံထည့်ပြီး အရသာ စပ်ထားသော အရသာများကိုထည့်ကာ သမအောင် မွှေပေးပါ
  • အသီးအရွက်ကြော်စဉ် ထွက်လာသော အရည်ဖြင့် ပဲကြာဇံ ပျော့သွားအောင် ခနထားပေးပါ 
  • ပဲကြာဇံ ပျော့လာပါက အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ငရုတ်ကောင်းမှုန့်နှင့် တရုတ်နံနံထည့်ပြီး  အရသာနှံ့အောင် မွှေပေးကာ ပဲကြာဇံကြော်ကို မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိူင်ပါပြီ။

Monday, 27 May 2024

ကန်စွန်းဥ သာကူအုန်းနို့ဆမ်း

 


မြန်မာပြည်ကိုလွမ်းလို့ မြန်မာမုန့်လေးတွေ လုပ်စားဖြစ်ပြန်ပါတယ် ဒီတစ်ခါတော့ ငါးရက်လောက် အထားခံမဲ့ ပေါင်မုန့် ကန်စွန်းဥ အုန်းနို့သာကူဆမ်းလေး လုပ်စားဖြစ်တဲ့အတွက် ပြင်ဆင်နည်းလေး မျှဝေလိုက်ပါတယ်။

အခုလို ပါ၀င်ပစ္စည်းတွေကို အားလုံးတစ်ခါထဲ ရောကျိုလိုက်ရင် အကြာကြီး အထားမခံသလို သာကူတွေ ပွလာတဲ့တွက် စားလို့မကောင်းပါဘူး အခုလို ပြင်ဆင်ပြီး  ရေခဲသေတ္တာထဲမှာ ထည့်ထားရင် အနည်းဆုံး ၅ရက်လောက် အထားခံပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ပေါင်မုန့် - လိုသလောက် သုံးပါ
  2. သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  4. အုန်းနို့ - 200 ml (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
  5. ရေ  - 600 ml (အုန်းနို့နှင့် ရောကျိုရန်)
  6. သကြား - ထမင်းစားဇွန်း ၆ဇွန်းခန့် (အချိုကြိုက်လျှင် ပိုထည့်ပါ)
  7. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  8. သာကူကျိုရန် ရေနွေးဆူဆူ - ၃လီတာ
  9. ဆွမ်းမွှေးရွက် - ၅ရွက်
  10. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး (ဆွမ်းမွှေးရွက် ကြိတ်တဲ့အထဲ ထည့်ရန်)
  11. ကန်စွန်းဥ - ခပ်ကြီးကြီး တစ်ဥ
  12. ဇကာခပ်စိတ်စိတ် - တစ်ခု
  13. ဆွမ်းမွှေးရွက်အရည်စစ်ရန် - ပိတ်စပါး တစ်စ

ဆွမ်းမွှေးရည်လုပ်ရန်
  1. ဆွမ်းမွှေးရွက်ကို ရေစင်အောင်ဆေးပြီး ခပ်သေးသေးလေးတွေ လှီးပေးပါ
  2. ပြီးတာနဲ့ ရေနှင့် အရွက်များကို ဘလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  3. အရွက်များ ညက်သွားတာနဲ့ ပိတ်စပါးလေးခံကာ အရည်စစ်ပေးပါ
  4. ဆွမ်းမွှေးရည် ရပါက အရွက်ဖတ်များ သွန်ပလိုက်ပြီး အရည်ကိုဘဲ ယူထားပါ
သာကူစေ့ပြုပ်ရန်
  1. ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ရေဆေးစဉ် သာကူစေ့များ ထွက်မကျနိူင်လောက်သည့် ဇကာတခု အဆင်သင့် ပြင်ထားပါ
  3. ရေပွက်ပွက်ဆူလာပါက ရေဆူဆူထဲကို ဆွမ်းမွှေးရည်နှင့် သာကူစေ့များ ထည့်ပြီး မွှေပေးပါ
  4. သာကူစေ့များ ခဲပြီး ကပ်မသွားစေရန်နှင့် အရောင်ညီစေရန် မကြာမကြာ မွှေပေးပါ
  5. သုံးသော သာကူများ မတူနိူင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိူင်ပါ
  6. ကျိုနေသော သာကူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီ ဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာကူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ
  7. သာကူစေ့များ အေးလာပါက ရေစစ်ထားပါ
ကန်စွန်းဥပြုပ်ရန်
  1. ကန်စွန်းဥကို ရေမြုပ်အောင်ထည့်ပြီး ကန်စွန်းဥ နူးတဲ့အထိ ပြုပ်ပေးပါ
  2. ကန်စွန်းဥ နူးမနူးသိစေရန် သွားထိုး ဒုတ်တံအချွန်လေးဖြင့် ထိုးကြည့်ပါ
  3. ကန်စွန်းဥအသား အိနေပြီဆိုရင် မီးပိတ်ပြီး အအေးခံကာ အခွံခွာ၍ ပုံပါအတိုင်း လှီးထားပါ
ကောက်ညှင်းပေါင်းရန်
  • ကောက်ညှင်းဆန်ကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ ပေါင်းခံဇကာထဲ ထည့်ပေးပါ
  • မာမာ အသုံးပြုတဲ့ ပေါင်းခံဇကာက အပေါက်ကြီးတဲ့အတွက် ပေါင်းခံဇကာထဲမှာ baking paper ခံပေးထားပါတယ်
  • ပေါင်းအိုးအောက်ခံ အိုးထဲမွာ ရေထည့်ပြီး ကောက်ညှင်းဆန် ထည့်ထားသော ပေါင်းခံဇကာကို တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးကို အဖုံးအုပ်ပြီး ပေါင်းမည့် steam ခလုတ်နှိပ်ကာ မိနစ်၂၀ ချိန်ပေးပြီး ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အိုးအဖုံး ပြန်ဖုံးပေးကာ ဆယ်မိနစ်လောက် လက်ကျန်အပူရှိန်နဲ့ နှပ်ပေးထားပါ

အုန်းနို့ကျိုရန်
  1. ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးများ ဖောက်ထည့်ပါ
  2. အုန်းနို့ထဲသို့ သကြား ဆားနှင့် ရေတို့ရောမွှေကာ အပူပေးပါ
  3. အုန်းနို့များ ပွက်ပွက်ဆူလာပြီဆိုပါက မီးပိတ်ပေးပါ
အုန်းနို့သာကူပွဲပြင်ရန်
  • သာကူ ကန်စွန်းဥ ကောက်ညှင်း အုန်းနို့တို့ကို သတ်သတ်စီ ဗူးတခုစီမှာ ထည့်ထားပြီး ရေခဲသေတ္တာထဲမှာ ၅ရက်လောက်အထိ ထားနိူင်ပါတယ်
  • ပေါင်မုန့်များကို အနားသားများ လှီးထုတ်ပြီး မိမိနှစ်သက်သလို ပိုင်းဖြတ်ထားပါ
  • ပန်းကန်လုံး တစ်ခုထဲမှာ အအအေးခံထားသော သာကူ ကောက်ညှင်းနှင့် ကန်စွန်းဥတို့ကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိူင်ရန် ပြင်ပေးပါ
  • ပြီးတာနဲ့ ကန်စွန်းဥသာကူ အုန်းနို့ဆမ်း စိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
  • အုန်းနို့ဗူးကို မသုံးချင်ပါက အုန်းသီးတစ်လုံးကို ခြစ်ပြီး အရည်ညှစ်ကာ အုန်းနို့ရည် ယူနိူင်ပါတယ်။

Saturday, 25 May 2024

ခရမ်းကြွတ်သီး ငပိချက်

 

မာမာဒီနေ့တော့ ခရမ်းကြွတ်သီးလေးတွေ ဝယ်လာပြီး ငပိချက်လေး ချက်ဖြစ်ပါတယ် ငရုတ်သီးစိမ်းနဲ့ ငပိချက် ယောင်ယောင်လေး ချက်မှာ ဖြစ်တဲ့အတွက် မာမာက ဆီမထည့်ဘဲ ချက်ထားပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းကြွတ်သီး - အလုံးနှစ်ဆယ်ခန့်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက် သုံးပေးပါ
  5. ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. သံပုရာသီး - အနေတော် တစ်လုံး
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ

  • ခရမ်းကြွတ်သီးများကို အညှာခြွေပြီး ရေဆေးကာ ထက်ဝက်ခြမ်းပြီး ရေများများထည့်ကာ တစ်နာရီခန့် ရေစိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ရေများသွန်ပြီး ဆား နနွင်းမှုန့် အရသာမှုန့်တို့နဲ့ နယ်ပေးကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက် အနေအထား ထောင်းထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ရေယောက်ချိုဇွန်း  နှစ်ဇွန်းစာခန့် ထည့်ကာ အပူပေးပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့  ပုဇွန်ငါးပိ ငရုတ်သီးစိမ်း ကြက်သွန်နီတို့ကို ထည့်ပေးကာ ရေပွက်ပွက်ဆူလာအောင် တည်ပေးပါ 
  • ရေပွက်ပွက် ဆူလာတာနဲ့ ရေထဲကို အရသာ နယ်ထားသော  ခရမ်းကြွတ်သီးများကို ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ခရမ်းသီးများ နူးလာအောင် ရေလိုအပ်ပါက ထပ်ထည့်ပြီး တည်ပေးပါ
  • ခရမ်းသီးများ နူးလာပါက အရသာမြည်းပြီး လိုအပ်သော အရသာများကို  ထည့်ပေးပါ
  • နောက်ထပ် ရေပွက်ပွက် ဆူလာပါက ငါးငံပြာရည်နှင့် သံပုရာရည် ထည့်ပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ရေကိုတော့ မိမိနှစ်သက်သလောက် အနေအထားမှာ လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ခရမ်းကြွတ်သီး ငပိချက်လေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Friday, 24 May 2024

ပေါင်မုန့် အုန်းနို့ဆမ်း

 



မြန်မာပြည်ကိုလွမ်းလို့ မြန်မာမုန့်လေးတွေ လုပ်စားဖြစ်ပြန်ပါတယ် ဒီတစ်ခါတော့ ငါးရက်လောက် အထားခံမဲ့ ပေါင်မုန့် ကောက်ညှင်း အုန်းနို့သာကူဆမ်းလေး လုပ်စားဖြစ်တဲ့အတွက် ပြင်ဆင်နည်းလေး မျှဝေလိုက်ပါတယ်။

အခုလို ပါ၀င်ပစ္စည်းတွေကို အားလုံးတစ်ခါထဲ ရောကျိုလိုက်ရင် အကြာကြီး အထားမခံသလို သာကူတွေ ပွလာတဲ့တွက် စားလို့မကောင်းပါဘူး အခုလို ပြင်ဆင်ပြီး  ရေခဲသေတ္တာထဲမှာ ထည့်ထားရင် အနည်းဆုံး ၅ရက်လောက် အထားခံပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ပေါင်မုန့် - လိုသလောက် သုံးပါ
  2. သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  4. အုန်းနို့ - 200 ml (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
  5. ရေ  - 600 ml (အုန်းနို့နှင့် ရောကျိုရန်)
  6. သကြား - ထမင်းစားဇွန်း ၆ဇွန်းခန့် (အချိုကြိုက်လျှင် ပိုထည့်ပါ)
  7. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  8. သာကူကျိုရန် ရေနွေးဆူဆူ - ၃လီတာ
  9. ဆွမ်းမွှေးရွက် - ၅ရွက်
  10. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး (ဆွမ်းမွှေးရွက် ကြိတ်တဲ့အထဲ ထည့်ရန်)
  11. ဇကာခပ်စိတ်စိတ် - တစ်ခု
  12. ဆွမ်းမွှေးရွက်အရည်စစ်ရန် - ပိတ်စပါး တစ်စ

ဆွမ်းမွှေးရည်လုပ်ရန်
  1. ဆွမ်းမွှေးရွက်ကို ရေစင်အောင်ဆေးပြီး ခပ်သေးသေးလေးတွေ လှီးပေးပါ
  2. ပြီးတာနဲ့ ရေနှင့် အရွက်များကို ဘလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  3. အရွက်များ ညက်သွားတာနဲ့ ပိတ်စပါးလေးခံကာ အရည်စစ်ပေးပါ
  4. ဆွမ်းမွှေးရည် ရပါက အရွက်ဖတ်များ သွန်ပလိုက်ပြီး အရည်ကိုဘဲ ယူထားပါ
သာကူစေ့ပြုပ်ရန်
  1. ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ရေဆေးစဉ် သာကူစေ့များ ထွက်မကျနိူင်လောက်သည့် ဇကာတခု အဆင်သင့် ပြင်ထားပါ
  3. ရေပွက်ပွက်ဆူလာပါက ရေဆူဆူထဲကို ဆွမ်းမွှေးရည်နှင့် သာကူစေ့များ ထည့်ပြီး မွှေပေးပါ
  4. သာကူစေ့များ ခဲပြီး ကပ်မသွားစေရန်နှင့် အရောင်ညီစေရန် မကြာမကြာ မွှေပေးပါ
  5. သုံးသော သာကူများ မတူနိူင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိူင်ပါ
  6. ကျိုနေသော သာကူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီ ဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာကူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ
  7. သာကူစေ့များ အေးလာပါက ရေစစ်ထားပါ
ကောက်ညှင်းပေါင်းရန်
  • ကောက်ညှင်းဆန်ကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ ပေါင်းခံဇကာထဲ ထည့်ပေးပါ
  • မာမာ အသုံးပြုတဲ့ ပေါင်းခံဇကာက အပေါက်ကြီးတဲ့အတွက် ပေါင်းခံဇကာထဲမှာ baking paper ခံပေးထားပါတယ်
  • ပေါင်းအိုးအောက်ခံ အိုးထဲမွာ ရေထည့်ပြီး ကောက်ညှင်းဆန် ထည့်ထားသော ပေါင်းခံဇကာကို တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးကို အဖုံးအုပ်ပြီး ပေါင်းမည့် steam ခလုတ်နှိပ်ကာ မိနစ်၂၀ ချိန်ပေးပြီး ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အိုးအဖုံး ပြန်ဖုံးပေးကာ ဆယ်မိနစ်လောက် လက်ကျန်အပူရှိန်နဲ့ နှပ်ပေးထားပါ

အုန်းနို့ကျိုရန်
  1. ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးများ ဖောက်ထည့်ပါ
  2. အုန်းနို့ထဲသို့ သကြား ဆားနှင့် ရေတို့ရောမွှေကာ အပူပေးပါ
  3. အုန်းနို့များ ပွက်ပွက်ဆူလာပြီဆိုပါက မီးပိတ်ပေးပါ
အုန်းနို့သာကူပွဲပြင်ရန်
  • သာကူ ကောက်ညှင်း အုန်းနို့တို့ကို သတ်သတ်စီ ဗူးတခုစီမှာ ထည့်ထားပြီး ရေခဲသေတ္တာထဲမှာ ၅ရက်လောက်အထိ ထားနိူင်ပါတယ်
  • ပေါင်မုန့်များကို အနားသားများ လှီးထုတ်ပြီး မိမိနှစ်သက်သလို ပိုင်းဖြတ်ထားပါ
  • ပန်းကန်လုံး တစ်ခုထဲမှာ အအအေးခံထားသော သာကူ ကောက်ညှင်းနှင့် ပေါင်မုန့် တို့ကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိူင်ရန် ပြင်ပေးပါ
  • ပြီးတာနဲ့ ပေါင်မုန့် သာကူ အုန်းနို့ဆမ်း စိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
  • အုန်းနို့ဗူးကို မသုံးချင်ပါက အုန်းသီးတစ်လုံးကို ခြစ်ပြီး အရည်ညှစ်ကာ အုန်းနို့ရည် ယူနိူင်ပါတယ်။

Thursday, 23 May 2024

ကြာဇံဆီချက်



ဒီနေ့တော့ ဆန်ကြာဇံနဲ့ ဆီချက်ခေါက်ဆွဲလေး လုပ်စားဖြစ်ပါတယ် ကြက်သားလေးနဲ့ဘဲ လုပ်စားဖြစ်ပြီး ထမင်းလွတ် စားမှာမို့ ၃ယောက်စာကို ကြာဇံ တစ်ထုတ် ပြုပ်ပြီး ပြင်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 150 g
  2. ကြာဇံ - 200 g
  3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးသာသာ
  4. နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
  5. ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
  6. ပဲငံပြာရည်အကြည် - လဖက်ရည် အကြမ်းပန်းကန် တစ်လုံး
  7. အရသာမှုန့် - အနည်းငယ်ဲ
  8. မြေပဲလှော် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဗူး
  9. ကြက်သွန်မိတ် - အနည်းငယ်
  10. နာနတ်ပွင့် - တစ်ပွင့်
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ဆားနှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး နာနတ်ပွင့်ထည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ကြက်သားကျက်သွားပါက ခပ်သေးသေးမွမွလေးတွေ လှီးထားပါ
  • ကြာဇံကို ရေနွေးဆူဆူမှာ နူးအောင်ပြုပ်ပေးပြီး ရေနွေးကို ဇကာထဲသွန်ပြီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • မြေပဲကိုလှော်ပြီး အခွံခြွတ်ကာ မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တစ်ညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
  • ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ ထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေး လှီးထားပါ
  • ပဲငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့် ပြင်ထားပါ
တစ်ပွဲစာပြင်ရန်
  • ပြုပ်ထားသော ကြာဇံတစ်ပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်ပြီး ပြန်ဆည်ကာ ရေစစ်ပြီး ပန်းကန်ထဲထည့်ပေးပါ
  • ကြက်သားထမင်းစားဇွန်း တစ်ဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် မြေပဲမှုန့် ထမင်းစားဇွန်း တစ်ဇွန်း ဆီချက် ထမ်းစားဇွန်း တစ်ဇွန်းခွဲ ငံပြာရည် လက်ဖက်ရယ်ဇွန် တ၀က္်သာသာ ကြက်သွန်ဖြူဆီချက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး ကြက်သွန်ချဉ်လေးတို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Wednesday, 22 May 2024

မုန့်ကြာစေ့ ချိုချိုလေး


 
 
ဒီနေ့တော့ မြန်မာမုန့်လေး စားချင်တာနဲ့ မုန့်ကြာစေ့လေး လုပ်စားဖြစ်ပါတယ် မုန့်ပိန္နဲစေ့နဲ့ မုန့်ကြာစေ့ မုန့်သားစပ်ပုံ တူပေမဲ့ မုန့်လုံးပုံလေး နည်းနည်းလေး ကွာခြားသွားတာပါဘဲ။

မုန့်ကြာစေ့ကို ခပ်သေးသေးလေးတွေ လုံးပေးပြီး မုန့်ပိန္နဲစေ့ကိုတော့ ပိန္နဲစေ့ပုံစံ ခပ်ရှည်ရှည်လေးတွေ လုံးပေးတဲ့ ပုံစံလေးဘဲ ကွာခြားသွားပါတယ်။

မုန့်သားစပ်တာကတော့ မုန့်လုံးရေပေါ်အတွက် စပ်တဲ့နည်းအတိုင်းပါဘဲ ကောက်ညှင်းမှုန့် သုံးဆ ဆန်မှုန့်တစ်ဆ ရေနဲ့ရောနယ်ပြီး မုန့်သားစပ်လိုက်ရုံပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်၀က်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  4. ထန်းလျှက်ခဲ - 150 g (မုန့်လုပ်ထန်းလျှက်ခဲကို သုံးပါက အရောင်ပိုလှပါတယ်)
  5. အုန်းသီးဖတ် -  မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ကောက်ညှင်းမှုန့်နှင့်ဆန်မှုန့်တို့ကိုထည့်ပြီး ရေကိုနည်းနည်းချင်းထည့်ကာ မုန့်သား အိလာအောင် နယ်ပေးပါ
  • ကောက်ညှင်းဆန်နှင့်ဆန်မှုန့်တို့အပေါ်မူတည်ပြီး မုန့်သားအပျော့အမာ ကွဲသွားတတ်တာမို့ ရေကိုနည်းနည်းချင်း ထည့်နယ်ပေးပါ
  • မုန့်သားနယ်ပြီးပါက အ၀တ်ရေစို သန့်သန့်ကိုရေညှစ်ပြီး မုန့်သားအပေါ်မှ ာအုပ်ပေးပြီး နာရီ၀က်လောက် နှပ်ထားပေးပါ
  • မုန့်သားနှပ်ထားချိန် နာရီ၀က်ပြည့်ပါက မုန့်သားကို နည်းနည်းချင်းယူပြီး ပိန္နဲစေ့ ပုံစံလေးတွေ လုံးပေးပြီး မုန့်သားအားလုံး ကုန်တဲ့အထိ လုံးပေးပါ
  • မုန့်သားပြုပ်ပြီး ဆယ်ထည့်ရန် ရေအေးသန့်သန့် ဇလုံတစ်လုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ရေများများထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူတာနဲ့ လုံးထားသော မုန့်လုံးလေးများကို တလုံးချင်း ရေနွေးအိုးထဲကို ထည့်ပေးပါ
  • မုန့်လုံးလေးတွေ ထည့်နေတုံး မုန့်သားကျက်ပြီး ရေပေါ်ပေါ်လာသော မုန့်လုံးများကို တမိနစ်လောက်ထားပြီး ဆယ်ပေးပါ
  • မုန့်လုံးလေးများ ဆယ်ပြီးတာနဲ့အဆင်သင့် ပြင်ထားသော ရေအေးဇလုံထဲကို ထည့်ပေးပါ
  • မုန့်သားအားလုံး ပြုပ်ပြီးတာနဲ့ရေအေးစိမ်ထားသော မုန့်လုံးလေးများကို ရေထဲကဆယ်ပြီး ရေစစ်ပေးပါ
ထန်းလျှက်ရည်ကျိုရန်
  • ဇောက်နက်သော အနေတော် အိုးတလုံးထဲမှာ ထန်းလျှက်ခဲနှင့် ရေထမင်းပေါင်းအိုး ဆန်ချင်ဗူးနှစ်ဗူးသာသာလောက်ကို ထည့်ပြီးကျိုပေးပါ
  • ထန်းလျှက်ရည် မပျစ်မကျဲ အနေအထားလောက် ရအောင်ကျိုလိုက်ပြီး ပိတ်ပါးစခံကာ အမှိုက်များကို စစ်ပေးပါ
မုန့်ပွဲပြင်ရန်
  1. ရေစစ်ထားသော မုန့်ကြာစေ့ အလုံးလေးများကို ထန်းလျှက်ရည် အိုးထဲမှာ ထည့်ပေးပြီး ထန်းလျှက်ရည် စိမ်ထားပေးပါ
  2. အုန်းသီးမှုန့်များကို အဆင်သင့် ပြင်ထားပါ
  3. မုန့်တစ်ပွဲစာအတွက် ပန်းကန်လုံးထဲမှာ မုန့်ကြာစေ့ ထန်းလျှက်ရည်တို့ကို အနေတော် ထည့်ပေးပြီး အုန်းသီးခြစ်ပြီးသားကို မိမိနှစ်သက်သလောက် ဖြူးပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Tuesday, 21 May 2024

မှို မုန့်ညှင်းကြော်

 


ဒီနေ့တော့ မုန့်ညှင်းရွက်နဲ့ ကောက်ရိုးမှိုလေးတွေကို သတ်သတ်လွတ် ကြော်ပါတယ် အရမ်းလွယ်လွန်းတဲ့ အသီးအရွက် ကြော်နည်းဖြစ်တဲ့အတွက် သတ်သတ်လွတ် ဟင်းတစ်မယ်အတွက် မှို မုန့်ညှင်းစိမ်း အလွယ်ကြော်နည်းလေးနဲ့ ကြော်ရလို့အောင် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မုန့်ညှင်းစိမ်း - လက်တစ်ဆုတ်စာ တစ်စည်း
  2. ကောက်ရိုးမှို - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • မုန့်ညှင်းစိမ်းကို အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  • မှိုကို ရေဆေးကာ အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  • ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  • ပြီးတာနဲ့ မုန့်ညှင်းရွက်နှင့် မှိုများထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  • နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး ပူနေတုန်း ပန်းကန်ထဲ ပြောင်းထည့်ကာ စားသုံးနိူင်ပါပြီ။

Monday, 20 May 2024

သီးရွက်စုံ ကော်ရည်






သီးစုံကော်ရည် ချက်တဲ့နေ့က ထမင်းမြိန်စေတဲ့ နေ့လေးတစ်နေ့ပါဘဲ အသားမပါပေမဲ့ အချို အချဉ် အငံအရသာ ပိုထားပြီး အသီးအနှံတို့ရဲ့ အဟာရ အရသာတို့က ပြည့်စုံနေတဲ့အတွက် စားမြိန်ဖွယ်ရာ ဟင်းတစ်တယ်ဆိုလဲ မမှားပါဘူး။

ထမင်းပေါင်း လုပ်စားချင်ရင်လဲ ထမင်းပူပူလေးအပေါ် ဆမ်းပြီးစားနိုင်တဲ့ ချိုချဉ်ဟင်းမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. ခပ်ထူထူ လှီးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. အနေတော် လှီးထားသော ဘရိုကိုလီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  3. အဖတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  4. အခွံခွာပြီး လှီးထားသော မုံလာဥနီ - ဟင်းပြင်ပန်းကန် အသေး တစ်လုံးစာ
  5. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
  6. တရုတ်နံနံ - အခက်ကြီးကြီး နှစ်ခက်
  7. ပြောင်းကော်မှုန့်. - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  8. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ကော်ရည်ဖျော်ပုံ
  • အသီးအရွက်မကြော်ခင် ကော်ရည်ကို ဖျော်ထားပေးပါ
  • ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ။
အသီးအရွက်ကြော်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ တရုတ်နံနံမှလွဲပြီး အားလုံးကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များကို နှစ်မိနစ်လောက်ဘဲ ကြော်ပေးပါ အရွက်များနွမ်းလျှင် စားလို့မကောင်းပါ
  • အရွက်များ အရမ်းမနွမ်းခင်မှာ ဖျော်ထားသော ကော်ရည်ကို လောင်းထဲ့ပြီး မွှေပေးပါ
  • ကော်ရည်ပျစ်လာပါက တရုတ်နံနံ ထည့်မွှေပြီးတာနဲ့ မီးပိတ်ပေးပါ
  • ထမင်းပူပူနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Sunday, 19 May 2024

ဘဲဥကြော်ချက်


ဒီနေ့တော့ ဘဲဥချဉ်ရည်ဟင်း  ချက်ပါတယ် ဘဲဥကို  အပေါ််ယံ တင်းလာတဲ့အထိ ကြော်ပြီးမှ ဘဲဥချဉ်ရည်ဟင်းကို ချက်ဖြစ်တပါတယ် ချက်နည်းလေးကတော့  အလွယ် ချက်နည်း အတိုင်းဘဲ ချက်ထားတဲ့အတွက် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘဲဥ - ရှစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်း - လက်တစ်ဆစ်
  5. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲ
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ဘဲဥများကို တစ်လုံးချင်း ဖောက်ထည့်ပြီး အပေါ်ယံကြော တင်းလာတဲ့အထိ ကြော်ပြီးဆယ်ထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ကြော်ထားသော ဘဲဥနှင့် ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးကာ ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာတာနဲ့ ရေထည့်ကာ တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ တည်ပေးပါ
  • မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာပြီး ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာ အုပ်ပေးကာ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းနေတဲ့ ဘဲဥချဉ်ရည်ဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday, 18 May 2024

ပုဇွန်ထုတ် ငပိရည်ဖျော်

 





ငပိရည် ကျိုနည်းလေးတွေ အမျိုးမျိုး ရှိကြပါတယ် မာမာကတော့ ငပိရည် ကျိုတဲ့အခါ နနွင်းမှုန့် ထည့်ကျိုတာကလွဲပြီး တစ်ခြား အမွှေးအကြိုင်တွေ ထည့်ကျိုတာ မကြိုက်ပါဘူး။ 

ဒါကြောင့်မို့လို့ မာမာ့လို ငပိရည် ကြိုက်ကြတဲ့သူတွေ ရှိကြတဲ့အတွက် ငါးပိရည် ကျိုနည်းလေး လာလာပြီး မေးတတ်ကြလွန်းလို့ မာမာကျိုထားတဲ့ နည်းလေးနဲ့ ဒီနေ့တော့ ပုဇွန်ထုတ် မီးကင်နဲ့ ငပိရည် ဖျော်စရာ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် အကောင်ကြီးကြီး ငါးကောင်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  4. ကြက်သွန်နီ - အနေတော် သုံးလုံး
  5. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ပုဇွန်ထုတ်ကို မီးကင်ပေးကာ ရေဆေးပြီး အံများကို ခွာထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ  ထည့်လှော်ပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ အညှာခြွေပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ ကျွမ်းယောင်သန်းတဲ့လာတဲ့အထိ လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက်လေး ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပုဇွန်ထုတ်နှင့် ပါ၀င်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Friday, 17 May 2024

ဂေါ် ရခါးညွန့် ချဥ်ရည်ဟင်း


 မာမာ ဒီနေ့တော့ ဂေါ်ရခါးညွန့်လေးတွေကို ထမင်းစားလို့ မြိန်စေမဲ့ အရည်သောက်ဆမ်း ချဥ်ရည်ဟင်းလေး ချက်ပါမယ် လွယ်ကူတဲ့ ချက်နည်းလေးဖြစ်သလို ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ဂေါ်ရခါးညွန့် - လက်တစ်ဆုတ်စာ တစ်စည်း
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ချင်း - ခပ်ပါးပါး ၃ပြားလောက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. ခရမ်းချဉ်သီး - အနေတော် လေးလုံး
  9. မကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. မျှင်ငါးပိ - အနည်းငယ်

ပြင်ဆင်ပုံ
  • ဂေါ်ရခါးညွန့်ကို အကြောများသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေငါးထပ်လောက် ဆေးပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးပူပူနဲ့ စိမ်ထားပါ
  • အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး အိုးထဲမှာ ရေကို ယောက်ချိုဇွန်း လေးဇွန်းလောက် ထည့်ပေးပါ
  • ထိုရေထဲမှာ မန်ကျည်းမှည့်ရည် ပုဇွန်ငါးပိ ကြက်သွန်ထောင်း ခရမ်းချဉ်သီးတို့ ထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဂေါ်ရခါးညွန့် ကိုထည့်ကာ အိုးအဖုံး မအုပ်ဘဲ တည်ပေးပါ
  • ဂေါ်ရခါးညွန့်လေးတွေကို ခပ်စိမ်းစိမ်း အရောင်လေး ရချင်တဲ့အတွက် အဖုံးမအုပ်ဘဲ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့  အကြာကြီး တည်စရာ မလိုဘဲ ရှစ်မိနစ်လောက် တည်ပေးပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
  • အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ဟင်းရည်အနေအထားကိုလဲ မိမိစိတ်ကြိုက် အနေအထားလောက် ရလာအောင်လဲ ပြင်ပေးနိူင်ပါတယ်
  • အရသာ ပြင်ပြီးတာနဲ့ မီးပိတ်ကာ ဂေါ်ရခါးညွန့် အရည်သောက်ဆမ်းဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday, 15 May 2024

ဘဲဥ ချဉ်ရည်ဟင်း

 


ဒီနေ့တော့ ဘဲဥချဉ်ရည်ဟင်း စားချင်စိတ် ပေါ်လာတာနဲ့ ဘဲဥချဉ်ရည်ဟင်း ချက်ဖြစ်ခဲ့ပါတယ် ချက်နည်းလေးကတော့ မကြာမကြာ ချက်ဖြစ်တဲ့ ချက်နည်းလေး အတိုင်းဘဲ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို ထပ်မံပြီးတော့ မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘဲဥ - ရှစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်း - လက်တစ်ဆစ်
  5. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲ
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဘဲဥကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာကာ ဓါးနှင့်အရှည်လိုက်လေးတွေ လိုက်လှီးပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးကာ ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာတာနဲ့ ရေထည့်ကာ တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ တည်ပေးပါ
  • မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာတာနဲ့  ဘဲဥကို ထက်ခြမ်းခြမ်းကာ ထည့်ပေးပြီး တည်ပေးပါ
  • ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာအုပ်ပေးကာ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းနေတဲ့ ဘဲဥချဉ်ရည်ဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 14 May 2024

ကရေကရာ စားဖွယ်ရာ

 









မာမာဒီနေ့တော့ အညာဒေသထွက် ကရေကရာ မုန့်လေးလုပ်ဖြစ်ပါတယ် ငယ်ငယ်တုန်းကတော့ ကျောင်းမုန့်စျေးတန်းမှာရယ် စျေးထဲမှာရယ် ရောင်းတဲ့အတွက် မကြာမကြာ စားဖူးပါတယ်။

အခုနောက်ပိုင်း မစားရတာ ကြာနေပြီး စိတ်ထဲက စားချင်စိတ်လေး ပေါ်လာတာနဲ့ အညာက မိတ်ဆွေတယောက်ကိုမေးပြီး လုပ်ထားပါတယ်။

ထန်းလျှက်အပျော့ မရှိပါက သကြားကို သုံးလို့ရသလို အုန်းသီးအစို မရပါက အုန်းသီးခြစ်ပြီးသား အခြောက်ကိုလဲ သုံးလို့ရပါတယ်။

တစ်ချို့ကတော့ ထောပါတ်ထည့်ပြီး လုပ်ကြပါတယ် မာမာကတော့ ထောပါတ် မထည့်ထားပါဘူး အချိုအရသာကိုလဲ အချိုကြိုက်ပါက ပိုထည့်ပေးနိူင်ပါတယ် မာမာက အချိုမကြိုက်တဲ့အတွက် အချိုလျှော့ထည့်ထားပါတယ်။

ပါဝင်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. အုန်းသီးခြစ်ပြီးသား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  3. ထန်းလျှက်အပျော့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်သာသာ (အချိုကြိုက်ပါက ပိုထည့်ပါ)
  4. ဆား - လက်ဖက်ရည်ဇွန်း ငါးပုံတစ်ပုံ
  5. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထန်းလျှက်ရည်ကျိုရန်)
  6. ရေနွေးကို လိုအပ်ရင် သုံးဖို့အတွက် သတ်သတ်တည်ထားပေးပါ
ပြင်ဆင်ပုံ
  • အရင်ဆုံး ဒယ်အိုးထဲမှာ ကောက်ညှင်းမှုန့်များကိုထည့်ပြီး မီးနွေးနွေးနဲ့ လှော်ပေးပါ
  • ကောက်ညှင်းမှုန့်များ အကျက်ညီစေရန် လှော်နေစဥ် အဆက်မပြတ် မွှေမွှေပေးပါ
  • ကောက်ညှင်းလှော်နံ့လေး သင်းလာတာနဲ့ မီးပိတ်ပြီး ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပါ
  • လှော်ပြီးသား ကောက်ညှင်းမှုန့်ကို ဆန်ချင်ဗူး တစ်ဝက်သာသာလောက်ကို အုန်းယိုနှင့် လူးပေးရန် ဖယ်ထားပါ
  • ရေနွေးကို ဆူအောင်တည်ပေးပြီး အဆင်သင့် ပြင်ထားပါ
  • အိုးတစ်လုံးထဲမှာ ရေ ဆားနှင့် ထန်းလျှက်တို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ထန်းလျှက်များ ပျော်လာတာနဲ့ ခြစ်ပြီးသား အုန်းသီးနှင့် ကောက်ညှင်းလှော်မှုန့်တို့ကိုထည့်ပြီး မွှေပေးပါ
  • မွှေနေစဥ် အုန်းယိုများ ခဲပျစ်လာပါက ရေနွေးကို နည်းနည်းချင်း ထည့်မွှေပေးပါ
  • ကောက်ညှင်းသား အဖြူရောင် အရောင်ပျောက်လာပြီး အုန်းယိုခပ်ပျစ်ပျစ်လေး ရလာရင် ရပါပြီ။
ပြုလုပ်ပုံ
  • စောစောက ချန်ထားသော ကောက်ညှင်းလှော်မှုန့်ကို ပန်းကန်တစ်ခုထဲမှာ ထည့်ထားပေးပါ
  • ယိုထိုးထားသော အုန်းယိုကို ခပ်နွေးနွး အနေအထားမှာ အနေတော်လေးတွေ ယူပေးကာ ဆုတ်ဆုတ်ပေးပြီး ခပ်ပျံ့ပျံ့လေး လုပ်ပေးပါ
  • ပြီးတာနဲ့ ကောက်ညှင်းမှုန့်ထဲမှာ လူးပေးပါ
  • ထိုနည်းအတိုင်း အုန်းယိုများ ကုန်တဲ့အထိ လုပ်ပေးပြီးတာနဲ့ စားချင့်စဖွယ် ကရေကရာ မုန့်လေးကို ရပါပြီ။
မှတ်ချက် ။ ။ အုန်းယိုထိုးတဲ့အခါ မိမိတို့ အသုံးပြုတဲ့ ကောက်ညှင်းမှုန့် အပျော့ အမာပေါ် မူတည်ပြီး ရေကိုတစ်ခါထဲ အများကြီး မထည့်ဘဲ နည်းနည်းချင်းထည့်ပေးကာ လိုတိုး ပိုလျှော့ လုပ်ပေးပါ။

Monday, 13 May 2024

ဂေါ် ရခါးညွန့် (စူကာညွန့်ကြော်ချက်)

 





ဒီနေ့တော့ ဂေါ် ရခါးညွန့် လေးတွေ ဝယ်လာပြီး သတ်သတ်လွတ် အရန်ဟင်း တစ်မယ်အတွက် ပြင်ဆင်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1.  ဂေါ် ရခါးညွန့် - လက်တစ်ဆုတ်စာ တစ်စည်း
  2. နနွင်းမှုန့် - အနည်းငယ်
  3. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ရေ - ထမင်းစားဇွန်း ဆယ်ဇွန်း (အရသာစပ်ရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ရှစ်မွှာ
  8. ကြက်သွန်နီ - အနေတော် တစ်လုံး
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း 

ပြင်ဆင်ချက်ပြုပ်ပုံ
  • ဂေါ် ရခါးညွန့် ကို ရင့်သောနေရာမှ အကြောများ သင်ပေးကာ အနေတော် ပိုင်းဖြတ်ပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပြီး ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ခပ်နုတ်နုတ် စင်းထားသော ကြက်သွန်ဖြူနှင့် ကြက်သွန်ဖြူကို ထည့်မွှေပေးပါ
  • ကြက်သွန်များ အနည်းငယ် နူးလာတာနဲ့ ရေစစ်ထားသော  ဂေါ် ရခါးညွန့်များကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်မွှေပေးကာ ဟင်းပွဲပြင်ရန် ပန်းကန်ထဲကို ပြောင်းထည့်ပေပြီးပါက  ဂေါ် ရခါးညွန့် ကြော်ချက် ပူပူလေးကို စားသုံးနိူင်ပါပြီ။

Sunday, 12 May 2024

ကြက်သားအာလူး ဆီပြန်ဟင်း

 


 ဒီနေ့တော့ ကြက်သားနဲ့ အာလူးကို အနှစ်များများနဲ့ ချက်ပါတယ် မဆလာလေးပါ အုပ်ထားတဲ့အတွက် ပိုပြီးတော့ စားလို့ကောင်းတယ်လို့ ပြောရမှာပါဘဲ။

ဒါကြောင့်မို့လို့ မာမာ့ရဲ့ ဟင်းချက်နည်းလေးတွေကို လာရောက်ကြည့်ပေးကြတဲ့ မိတ်ဆွေတွေလဲ ချက်စားနိူင်အောင် မာမာ ပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  7. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. စပါးလင် - အရင်းပိုင်း နှစ်လက်မခန့်
  10. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားအရသာနယ်ရန်)
  11. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအိုးထဲထည့်ရန်)
  12. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
  13. အာလူး - အနေတော် ဆယ်လုံးခန့်
င်ပြဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ကြက်သားကို တုံးပြီးတာနဲ့ ဆား ငံပြာရည် မဆလာ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတိုကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထာပါ
  • ပြီးတာနဲ့ စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ထောင်းထားသော ငရုတ်သီးကို ထည့်ကြော်ပြီး ဆီသပ်ပေးပါ
  • ငရုတ်သီးနံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပေပါ
  • အထက်အောက် သမအောင် မွှေပေးပြီးတာနဲ့ ကြက်သားအသား မာလာအောင် ခနလောက် တည်ထားပေးပါ
  • ကြက်သားအသား မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာ မကြာ လှုပ်လှုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေခမ်းလာပြီး ကြက်သားအသားတွေ မာကျစ်လာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် သတိထားပြီး ကြည့်ကြည့်ပေးကာ ရေခမ်းကာနီးတာနဲ့ နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး အာလူးပါ တစ်ခါထဲထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ အာလူးနူးမနူး ကြည့်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • အာလူးလဲနူးပြီး ဟင်းအိုးလဲ ဆီလည်ရေလည် အနေအထား ရလာကာ အရသာလဲ မိမိစိတ်ကြိုက် ရလာတာနဲ့ မဆလာထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းပျံ့နေတဲ့ ကြက်သား အာလူး ဆီလည်ရေလည်ဟင်းလေးကို ပလာတာနှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။