ဒီနေ့တော့ စနေနေ့က ဈေးသွားရင်း ဆိတ်သားတွေ့တာနဲ့ ဝယ်လာဖြစ်ပါတယ် ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ ဆိတ်သားကို ခရမ်းချဉ်သီးလေးနဲ့ ဆီပြန်လေး ချက်ပါတယ်။
ခရမ်းချဉ်သီးရဲ့ အချဉ်အရသာလေးကြောင့် ဆိတ်သားဟင်းက မအီတော့ဘဲ ပိုပြီးစားလို့ ကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဆိတ်သား - 500 g
- ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း ( ဆိတ်သားဆေးရန်)
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- စပါလင် အရင်ပိုင်း - နှစ်လက်မခန့် လေးခု
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- ခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံး (သို့မဟုတ်)
- Ready made ခရမ်းချဉ်သီးဗူး - 400 g
- ကရဝေးရွက် - လေးရွက်
- သစ်ဂျပိုးခေါက် - နှစ်လက်မခန့် တစ်ချောင်း
- ဇီယာစေ့ - အစေ့ နှစ်ဆယ်ခန့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အသားအရသာ နယ်ရန်)
- ဆား - အနည်းငယ် (ဟင်းအိုးထဲထည့်ရန်)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အသားအရသာ နယ်ပေးရန်)
- မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း (အသားအရသာ နယ်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
- ဆီ - ထမင်းစားဇွန်း ငါးဇွန်းသာသာ
ပြင်ဆင်ပုံ
- ဆိတ်သားကို အတုံးလေးတွေတုံးပြီး ပဲအစိမ်းမှုန့်နှင့်နယ်ကာ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ တစ်နာရီလောက် နှပ်ထားပေးပါ
- နှပ်ထားချိန် ပြည့်တော့မှ ဆိတ်သားများကို ပဲအစိမ်းမှုန့်များ ကုန်တဲ့အထိ ရေကြည်လာအောင် ဆေးပေးပါ
- ပြီးတာနဲ့ ဆိတ်သားများကို မဆလာ အရသာမှုန့် နနွင်းမှုန့်တို့နဲ့ နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
- ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
- စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
- စပါလင် အရက်ပိုင်း လေးခုကို ရေဆေးပြီး ထုထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ (သို့မဟုတ်)
- Ready made ဗူး သုံးပါက အဖုံးဖွင့်ထားပါ
- ကျန်နေသော ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ချက်ပြုပ်ပုံ
- ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး နနွင်းမှုန့်နှင့် ဆီတို့ထည့်ပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း သစ်ဂျပိုးခေါက် ကရဝေးရွက် ဇီယာစေ့ စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးပြီး ငရုတ်သီးလေးတွေ မွလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
- ခရမ်းချဉ်သီးများ ကျေသွားတော့မှ အရသာ နယ်ထားသော ဆိတ်သားများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
- ဆိတ်သားများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
- ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
- ဆီပြန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ ဆိတ်သားဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။
No comments:
Post a Comment