Tuesday 27 October 2020

ပါစွန်ထည့်နည်း











ဒီနေ့တော့ ပါစွန်ထည့်နည်း အမျိုးမျိုးတွေထဲက နောက်တနည်းဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ် ဒီနည်းကတော့ ပထမတစ်ရက်မှာ ငါးထဲက အရည်တွေ ထွက်သွားအောင် ကြိုးနဲ့ တန်းလန်းစွဲထားပြီး နောက်နေ့မှာ ရိုးရိုးရေနဲ့ ငါးကို အပုတ်ခံတဲ့အနေနဲ့ တစ်ရက်စိမ်ပြီးမှ ဆန်ဆေးရည်နဲ့ စိမ်တဲ့အတွက် ပါစွန်အနံ့က အရမ်းမပျင်းလှပါဘူး။

တကယ်တမ်းကျတော့ ပါစွန်ဆိုတာ မြန်မာပြည်မှာ ငါးစရစ် ဒေါင်းပဆိပ် ငါးလက်ကပ် ငါးတောင်စင်းစသည့် ငါးသေးသေးလေးကို ဆန်လှော်မှုန့်နဲ့နယ်ပြီး အနည်းဆုံး ၃ရက်လောက်ထားပြီးမှ ကြက်သွန်နီ ပင်စိမ်း ရှမ်းနံနံ နံနံပင်စတဲ့ အမွှေးနံ့သာ အရွက်တွေရယ် ဇီးဖြူသီးထောင်း ဒါမှမဟုတ် သံပုရာသီးနဲ့ သုပ္စားရတဲ့  အသုပ်တစ်မျိုးပါ ဇီးဖြူ သီး မရှိရင်လဲ သံပုရာသီးနဲ့ သုပ်စားနိူင်ပါတယ်။

မာမာကေတာ့ မြန်မာငါးတွေ မရနိူင်တဲ့နေရာမှာ ရောက်နေတာမို့ မြန်မာငါး အရသာနဲ့ နီးစပ်တဲ့ ငါးသေးသေးလေးတွေကို အစားထိုးပြီး ပါစွန်လုပ်လိုက်ပါတယ် မြန်မာပြည်က ပါစွန်အရသာနဲ့ တစ်ထပ်ထည်းတူတဲ့ ပါစွန်အရသာရလို့ ပါစွန်လုပ်နည်းလေးကို မျှေ၀လိုက်ပါတယ်။

မြန်မာပြည်မှာတော့ ငှက်ပျောရွက် ကျူ ရွက် သက်ကယ်ရွက်တို့ အရမ်းပေါတဲ့အတွက် အရွက်တွေနဲ့ သေသေချာချာထုတ်ပြီး အပေါ်ကနေ အလေးတစ်ခုနဲ့ ဖိထားရပါတယ်။

အရွက်ကျို အရွက်ကြားက စိမ့်ထွက်လာတဲ့ အရည်တွေကို တစ်ချို့ကတော့ သွန်ပေးကြပြီး တချို့ကတော့ အရည်မသွန်ဘဲ အရည်ထဲမှာ စိမ်ထားတတ်ကြပါတယ်။

အခုနောက်ပိုင်းတော့ ဖန်ပုလင်းထဲမှာ ဖိသိပ်ထည့်ပြီး ပါစွန်လုပ်ကြပြန်ပါတယ် လုပ်ပုံလုပ်နည်းတွေက တစ်နေရာနဲ့တစ်နေရာ နည်းနည်းစီ ကွာခြားတတ်ပါတယ်။

မာမာကေတာ့ ထုတ္စရာ အရွက်ရှားလို့ ဒီတစ်ခါတော့ အဝတ်စလေးလေးတွေကို နှစ်ထပ်ထပ်ပြီး ကျစ်နေအောင်ထုတ်ကာ ကြိုးနဲ့တင်းနေအောင် စည်းပြီး ပထမတစ်ရက်မှာ တန်းမှာတွဲလောင်းချီထားပြီး ငါးထဲက အရည်တွေ ထွက်သွားအောင် စစ်ပေးထားပါတယ်။

နောက်ရက်ကျတော့မှ ဇလုံတစ်ခုထဲကို ထည့်ပေးကာ ရေမြုပ်အောင် ထည့်ပေးပြီး အပေါ်ကနေ အလေးတစ်ခုနဲ့ ဖိထားပေးကာ တစ်ရက်ထားပေးပါတယ် နောက်ရက်ကျတော့မှ ဆန်ဆေးရေထဲမှာ ထပ်ပြီး တစ်ရက်ခွဲလောက် ထပ်ပြီးစိမ်ပေးထားပါတယ်။

ရာသီဥတု ပူရင်တော့ ဆန်ဆေးရည် စိမ်ထားချိန် နှစ်ရက်ခွဲလောက် ကောင်းကောင်း ချဉ်ပါတယ် မာမာတို့ဆီမှာလို ရာတုဥတု အရမ်းအေးရင်တော့ ဆန်ဆေးရည်နဲ့ စိမ်ထားတဲ့ ရက္က တစ်ပါတ်လောက်မှ ချဉ်ပါတယ် အချဉ်စိမ်ထားတဲ့ ဆန်ဆေးရည်ကိုလဲ သုံးရက်တစ်ခါလောက် လဲပေးရပါတယ်။

ငါးသန့်စင်နည်းကိုတော့ http://mmlazp.blogspot.com/2020/10/blog-post_26.html ဒီလင့်လေးမှာ ကြည့်နိူင်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါး1000 gကို သန့်စင်ပြီးသောငါး - 300 g
  2. ဆား - 80 g
  3. အအေးခံထားသော ထမင်းဖြူ  - 150 g
  4. သန့်စင်ထားသော ပိတ်စ - နှစ်စ (ပိတ်စအထူကို သုံးပါက တစ်ထပ်ဘဲ သုံးပေးပါ)
  5. ခြည်ရန်ကြိုး - လိုသလောက် ပြင်ထားပါ
  6. ရေ - လိုသလောက် ပြင်ထားပါ
  7. ဆန်ဆေးရည် - လိုသလောက် ယူထားပါ
  8. ပါစွန်ထုတ် ဖိရန် ခပ်လေးလေး - တစ်ခု
  9. ပါစွန်ထုတ် ရေစိမ်ရန် ဇလုံအနေတော် - တစ်လုံး
ပါစွန်ထည့်ရန် ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ သန့်စင်ထားသောငါး ဆားနှင့် ထမင်းတို့ကိုထည့်ပြီး သမအောင် နယ်ပေးပါ
  • အသုံးပြုမည့် ပိတ္စကို ရေနှင့်ဆေးပြီး  ရေစင်အောင် ညှစ်ပေးထားကာ နှစ်ထပ်ထပ်ပြီး ဖြန့်ခင်းပေးပါ
  • ထိုပိတ်စပေါ်မှာ အရသာ နယ်ထားသော ငါးများကို ထည့်ပေးပါ
  • ပြီးတာနဲ့ ကျစ်လစ်နေအောင် လိပ်ပေးပါ
  • လိပ်ပြီးတာနဲ့ ကြိုးနှင့်ကျစ်နေအောင် တစ်လိပ်လုံးကို ခြည်ပေးပါ
  • ပြီးတာနဲ့ လိတ်ထားသော ငါးထုတ်ကို ထိပ်ဖက်မှ ကြိုးနှင့်ခြည်ပြီး တန်းတစ်ခုမှု ခြည်ထားပေးပါ
  • အောက်ဖက်မှ ငါးအရည်များ ကျလာရင် ခံထားဖို့ ဇလုံတစ်လုံးကို ခံထားပေးကာ ငါးအရည်များ ကျလာရင် သွန်သွန်ပေးပါ
  • ငါးထဲမွ အရည်များကို တစ်ရက်လောက် စစ်ပေးပြီးတာနဲ့ နောက်ရက်မှာ ဇလုံထဲထည့်ပြီး ရေနှင့် တစ်ရက် စိမ်ပေးပါ
  • ရေစိမ်ထားစဉ် အပေါ်မှ ခပ်လေးလေး အရာနှင့် ဖိထားပါ
  • ရေနှင့်တစ်ရက် စိမ်ပြီးတာနဲ့ ထိုရေများကို သွန်ပေးပြီး ဆန်ဆေးရည်ကို မြုပ်အောင်ထည့်ပြီး အပေါ်မှ အလေးနှင့် ဖိကာ ထပ်စိမ်ပေးပါ 
  • အခန်းအပူချိန်အတိုင်း ထားပေးကာ ရာသီဥတု ပူပါက ဆန်ဆေးရည်နှင့် စိမ်ထားချိန် နှစ်ရက်ခွဲလောက်ဆို ရပါတယ်
  • ရာသီဥတု အေးပါက ဆန်ဆေးရည်နှင့် စိမ်ထားချိန် တစ်ပါတ်လောက် ထားရပါတယ်
  • ဆန်ဆေးရည်ကိုလဲ သုံးရက်တစ်ခါလောက် လဲပေးရပါတယ်
  • ဆန်ဆေးရည် စိမ်ထားချိန် ပြည့်တာနဲ့ ပါစွန်ချဉ်မွှေးမွှေးလေးကို ရပါပြီ
  • ဆန်ဆေးရည်များကို သွန်ပေးပြီး ပါစွန်ထုတ် အထဲမွ အရည်များကုန်သွားအောင် လက်အားသန်သန်နဲ့ ညှစ်ချပေးပါ
  • ပြီးတော့မှ ထုတ်ထားသော ပိတ်စကို ဖြည်ပေးပြီး အထဲမွ ပါစွန်များကို ထုတ်ပေးပါ
  • မာမာကတော့ တစ်ခါထဲ စားလို့မကုန်တဲ့အတွက် အတုံးလေးတွေ တုံးပေးကာ လိုသလောက်ဘဲ သုံးပေးပြီး ကျန်နေတဲ့ ပါစွန်တွေကို လေလုံဗူးလေးနှင့် ထည့်ပေးကာ ရေခဲသေတာထဲမှာ သိမ်းထားလိုက်ပါတယ်။

No comments:

Post a Comment