Friday 18 September 2020

ဘေဘီဘရော့ကိုလီကြော်


ဟင်းချက်ရမှာ အချိန်မရတဲ့နေ့တို့ လူကနေမကောင်းချင်လို့ မီးဖိုထဲ ဝင်ရမှာ ပျင်းတဲ့နေ့တို့ဆိုရင် ဟင်းတစ်မယ်ထဲနဲ့ အဆင်ပြေစေမဲ့ အသီးအရွက်တွေရယ် အသားတစ်မျိုးမျိုးနဲ့ ရောပြီး အစိမ်းကြော် ကြော်လေ့ရှိပါတယ်။

အစိမ်းကြော်မှာပါတဲ့ အရသာ စပ်ထားတဲ့ ဆော့စ်ရည်က အရမ်းစားလို့ ကောင်းလွန်းတဲ့အတွက် စားမြိန်ဟင်းလေး တစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘေဘီဘရော့ကိုလီ - ဆယ်ပင်ခန့်
  2. ပုဇွန်ထုတ် - 150 g
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆီ - ထမင်းစားဇွန်း ငါးဇွန်း 
အရသာစပ်ရန်
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း တစ်ဇွန်း
  • ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ္ထားပါ)
ပြင်ဆင်ပုံ
  • ပုဇွန်ထုတ်ကို ရေစင်အောင်ဆေးပြီး အခွံခွာပြီး ခေါင်းများဖြုတ် ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လွီးထားပါ
  • ဘဘေီဘရော့ကိုလီ ရေဆေးပြီး အနေတော်  အခက်လေးတွေ လွီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပုဇွန်ထုတ်ကို ထည့်ကြော်ပေးပါ
  • ပုဇွန်ကျက်သွားပါက ဘေဘီဘရော့ကိုလီကို ထည့်မွှေပေးပါ
  • ဘရော့ကိုလီများ အနည်းငယ် နွမ်းသွားပါက အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • ဘေဘီဘရော့ကိုလီများ အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီကား လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဘေဘီဘရော့ကိုလီ အစိမ်းကြော်လေး ရပါပြီ။

No comments:

Post a Comment