Monday, 13 June 2016

ကြက်​သားဆီပြန်​ မွှေးမွှေးလေး


ကြက်သားဟင်းကို များသောအားဖြင့် အချိုချက် ရိုးရိုးဆီပြန်ချက် ပြုပ်ချင်ပြုပ် ကြော်ချင်ကြော် ကင်ချင်ကင် အမျိုးစုံအောင် လုပ်စားကြသလို အခုလို ပျဉ်းတော်သိမ်းရွက် ဆီသတ်ပြီးချက်ရတဲ့ ကြက်သားဆီပြန် မွှေးမွှေးလေးကိုလဲ ချက်စားကြည့်စေချင်လို့ မာမာချက်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်သားအရသာနယ်ရန်

  • ကြက်သား - 500g (အနေတော်တုံးထားပါ)
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

ဟင်းချက်ရန် လိုသောပစ္စည်းများ

  1. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူထောင်းရန် - ငါးမွှာ
  3. ကြက်သွန်နီ မညက်တညက်ထောင်းရန် - ခပ်ကြီးကြီး တဥ
  4. ချင်းထောင်းရန် - လက်တဆစ်ခန့်
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
  6. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  7. ပျဉ်းတော်သိမ်းရွက် - ၃ခက်
ပြင်ဆင်ပုံ
  • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်း ပျဉ်းတော်သိမ်းရွက်နှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက ပျဉ်းတော်သိမ်းရွက်နံ့ မွှေးလွန်းတဲ့ ကြက်သားဆီပြန်ကို စားသုံးနိုင်ပါပြီ။

Sunday, 12 June 2016

ကြက်ရိုး ကုလားပဲခြမ်းဟင်း


ရာသီဥတု အေးချမ်းနေချိန်လေးမှာ စားချင်တာက ချဉ်ငံစပ် ဟင်းလေးတွေပါဘဲ ဒီနေ့တော့ ကြက်ရိုးနဲ့ ကုလားပဲဆန်ကို အရည်သောက်ဆမ်း ချဉ်ငံစပ်လေး ချက်ဖြစ်သွားလို့မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းအလွယ်လေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ 

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  2. ကြက်လည်ပင်းရိုး - 300 g
  3. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  4. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  9. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  10. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  11. ချင်း - လက်တဆစ်ရဲ့တစ်ဝက်
  12. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  13. ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲကိုမနူးတနူး အနေအထားရအောင် ပြုပ်ထားပါ
  • မကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
  • ကြက်လည်ပင်းရိုးကို ရေဆေးပြီး သင့်သလို ခုတ်ထားပါ
  • ကြက်သွန်ဖြူ နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကို ထည့်ပြီးမွှေးလာအောင်ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန် ပြင်ထားသော ကြက်ရိုး ဆား ငံပြာရည် အရသာမှုန့်တို့ကိုထည့်မွှေပြီး ဆီသတ်ပါ
  • ကြက်ရိုးများ အရောင်ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အသားများ နူးအောင်တည်ပေးပါ
  • အသားများ နူးလာတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းထည့်ပြီး ရေလိုသလောက်ထည့်ကာ ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မကျည်းရည်ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကြက်ရိုးပဲဟင်း အရည်သောက်ဆမ်းကို  သုံးဆောင်နိုင်ပါပြီ။

Saturday, 11 June 2016

ငါးဆုတ် အစာသွပ်











ဒီနေ့တော့ အလုပ်နည်းနည်းအားတာနဲ့ ငါးဆုတ်အစာသွပ်လေး လုပ်စားဖြစ်ပါတယ် ငါးဖယ်အစစ်က မရှိသလောက်ကို ရှားလွန်းတော့ ငါးဖယ်အစာသွပ်နဲ့တူအောင် ဘာဆာငါးကို စိတ်ရှည်လက်ရှည် ကြော်ထားလို့ ငါးဖယ်အရှုံးပေးရလောက်အောင် စားကောင်းလွန်းတဲ့ အစာသွပ်လေး ဆိုရင်လဲ ပိုမှန်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - 400 g
  2. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. soy sauce - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. cornflour - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ရေ - ထမင်းစားဇွန်း တစ်ဇွန်း
  8. မြေပဲလှော် - ထမင်းစားဇွန်း ၄ဇွန်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ (ဆီချက်ချက်ရန်)
  10. ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံး
  11. ငါးငံပြာရည် - အနည်းငယ်
  12. ဂေါ်ဖီ - တစ်စိတ်
  13. သံပုရာသီး - တခြမ်း
  14. မုံလာဥနီ - အနေတော် တစ်ဥ
  15. နံနံပင် - အနည်းငယ်
  16. ငရုတ်သီးစိမ်း - အနည်းငယ်
  17. ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးသာသာ (ဆီချက်ချက်ရန်)
  18. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ
ငါးဆုတ်ကြော်ရန်
  1. ဘာဆာငါးကို ရေဆေးပြီး ရေစစ်ထားကာ အနေတော် အတုံးလေးများ တုံးထားပါ
  2. cornflour soy sauce ငရုတ်ကောင်းမှုန့် ဆား အချိုမှုန့် ရေတို့ကို ရေဖျော်ထားပါ
  3. ဘလင်ဒါထဲ ငါးများထည့်ပြီး တမိနစ်ကြိတ် တခါနားကာ ၃ခါလောက် အရင်ဆုံးကြိတ်ပေးပါ
  4. ပြီးတော့မှ အရသာစပ်ထားသော အရည်ဖျော်ကိုထည့်ပြီး တမိနစ်ကြိတ် တခါနား ၁၀ခါလောက် ကြိတ်ပေးပါ
  5. အားလုံးအဆင်သင့် ဖြစ်တာနဲ့ အသားထူသော ပလပ်စတစ်အိတ်ထဲ ငါးကြိတ်သားများကို ပြောင်းထဲ့ပါ
  6. အိတ်ဧ။်ထောင့် တနေရာကို ကပ်ကြေးနှင့် လက်တဆစ် သာသာလောက် ညှပ်ပေးပါ
  7. ဒယ်အိုးတလုံးထဲ ဆီထည့်ပြီး ဆီကိုအပူပေးပါ
  8. ဆီပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပါ
  9. လက်ကို ရေစွတ်ပြီး ရေခါထားပါ
  10. ပြီးမှ ငါးကြိတ်သားကို ပလပ်စတစ်အိတ်ထောင့်မှ ငါးဆုတ်တလုံးစာ လက်ထဲကို ညှစ်ချပြီး ခပ်ဖွဖွ ဆုပ်ပေးပြီးမှ ဆီအိုးထဲကို ထည့်ကြော်ပါ
  11. လက်မှာ ရေခြောက်သွားရင် လက်ကိုရေပြန်စွတ်ပြီး ဆီအိုးနဲ့ဝေးဝေးမှာ ရေပြန်ခါပေးပါ
  12. ထိုနဘ်းအတိုင်း ငါးကြိတ်သားများ ကုန်အောင်ကြော်ပေးပါ
  13. ကြော်နေစဉ် ငါးဆုတ်များ ပွတက်လာတဲ့အတွက် အိုးထဲဆန့်သလောက်ဘဲ ငါးဆုတ်ကို ထည့်ကြော်ပါ
  14. ငါးကြိတ်သားများ ကုန်တဲ့အထိ ကြော်ပေးပါ
  15. ငါးဆုတ်များ ပွတက်လာပြီး ရွှေဝါရောင်သန်းလာပါက ဆယ်ထားပါ
  16. အားလုံးကြော်လို့ ပြီးပြီဆိုတာနဲ့ ဆီအိုးကို နံပါတ်၂လောက်အထိ မီးထပ်လျှော့ပါ
  17. ကြော်ပြီးသား ငါးဆုတ်များကို မီးအေးအေးနဲ့ နာရီဝက်လောက် ပြန်ကြော်ပေးပါ
  18. ကြော်နေစဉ် ငါးဆုတ်များကို လှည့်လှည့်ပေးပါ 
  19. အပြင်သား တခုလုံး ကြွတ်လာပြီ ဆိုတာနဲ့ ဆယ်ပြီး ဆီစစ်ပေးပါ
ဆီချက်ချက်ရန်
  1. ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်ပါးပါးလှီးထားပါ
  2. ဒယ်အိုးတလုံးထဲ ဆီထည့်ပြီး ဆီအို အပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  3. ဆီပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပြီးမှ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  4. ကြက်သွန်များ နီရောင်သန်းလာတာနဲ့ ဆယ်ပြီးအအေးခံထားပါ
  5. ဆီအေးတော့မှ ကြက်သွန်ကြော်များ ပြန်ရောထားပါ
ငါးဆုတ်အစာသွပ်ရန်
  1. မုံလာဥနီ ဂေါ်ဖီ နံနံပင် ငရုတ်သီးစိမ်း သံပုရာသီးတို့ကို ရေဆေးပြီး ပုံပါအတိုင်း လှီးပေးကာ  ပြင်ထားပါ
  2. မြေပဲကို အခွံခြွတ်ပြီး ညက်နေအောင်ထောင်းထားပါ
  3. ပုဇွန်ခြောက်ကို ညက်နေအောင်ထောင်းထားပါ
  4. ဆီချက် ငံပြာရည်တို့ကို ပြင်ထားပါ
  5. အားလုံးအဆင်သင့်ဖြစ်တာနဲ့ အအေးခံထားသော ငါးဆုတ်ကို အပေါ်ဖက် အလယ်တည့်တည့်မှ အရှည်လိုက် ကပ်ကြေးဖြင့် ညှပ်ပြီးအပေါက် ဖောက်ပေးပါ
  6. ဖောက်ထားသော ထိုအပေါက်ကို အသာဟပြီး ပြင်ထားသော အစာများကို သင့်သလို ထည့်ပေးပါ
  7. ဆီချက် ငံပြာရည် သံပုရာသီးညှစ်ထည့်ပြီး ငါးဆုတ်အစာသွပ် ချဉ်ငံစပ်ကို စားသုံးရန် ပြင်ဆင်နိုင်ပါပြီ

Friday, 10 June 2016

သတ်သတ်လွတ် ကိုက်လံကြော်


အသီးအရွက်ကြော်လေးတွေ ကြော်ဖြစ်တိုင်း ကြော်နည်းလေးတွေကတော့ တူတတ်ပါတယ် ပြင်ဆင်ပုံလေးတွေလဲ ခပ်ဆင်မို့ အလွယ်ချက် သတ်သတ်လွတ် ဟင်းတပွဲအတွက် ပြင်ဆင်နိုင်အောင် မာမာကြော်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကိုက်လံအပင် - ခွန်နှစ်ပင်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ကိုက်လံအပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  4. ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  5. ပြီးတာနဲ့ ရေစစ်ထားသော ကိုက်လန်များထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  6. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး စားသုံးနိုင်ပါပြီ။

Thursday, 9 June 2016

ကြက်ဟင်းခါးသီး ပုဇွန်ခြောက်ထောင်း အစပ်ကြော်


အရသာခါးတဲ့ ဟင်းသီးဟင်းရွက်ဆို ဘယ်လိုဘဲချက်ချက် အရမ်းကြိုက်တာမို့လို့ ဒီတစ်ခါတော့ ကြက်ဟင်းခါးသီးကို ခါးခါးစပ်စပ်လေး ကြော်ဖြစ်သွားလို့ ကြက်ဟင်းခါးသီး အစပ်ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဟင်းခါးသီး - ခပ်ကြီးကြီး သုံးလုံး
  2. ပုဇွန်ခြောက် - ထောင်းပြီးသား ထမင်းစားဇွန်း သုံးဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ပါးပါးရိတ်ရိတ် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ခပ်နုတ်နုတ် စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ဆီ - ထမင်းစားဇွန်း လေးဇွန်းခွဲ

ပြင်ဆင်ချက်ပြုပ်ပုံ
  1. ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ ခပ်ထူထူ လှီးပေးပါ
  2. အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  3. ကြိတ်ထားသော ပုဇွန်ခြောက်မှုန့်ကို ပြင်ထားပါ
  4. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ် လှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် စဉ်းထားပါ
  6. အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  7. ပြီးတာနဲ့ကြက်သွန်ဖြူ  ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပါ
  8. နွမ်းပြီဆိုတာနဲ့ ပုဇွန်ခြောက်ကို တစ်မိနစ်လောက်ထည့်ကြော်၍ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
  9. ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တစ်မိနစ်လောက်ပြည့်တာနဲ့ ရေ ထမင်းစားဇွန် သုံး ဇွန်းလောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံး မအုပ်ဘဲ ကြော်ပေးပါ
  10. အိုးမကပ်စေရန် ဟင်းအိုးကို မမွှေဘဲ လှုပ်လှုပ်ပေးပါ
  11. ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး ကြက်ဟင်းခါးသီးကြော် စပ်စပ်လေးကို စားဖို့ပြင်ဆင်နိုင်ပါပြီ၊

Tuesday, 7 June 2016

ငှက်ပျောသီး ဆနွင်းမကင်း









လမ်းလျှောက်ကအပြန် ဈေးကိုခန၀င်လိုက်တာ ငှက်ပျောသီး တကီလိုကို 1.30$ ဆိုတော့ ဘာပြောရမလဲ ပျော်တာပေါ့လေ။

မနိုင်မနင်း လောဘကြီးစွာနဲ့ ၃ကီလိုတောင်မှ ၀ယ်မိသွားတော့ ငှက်ပျောသီး ဆနွင်းမကင်း ဖုတ်ရမဲ့ အကြောင်းက ဖန်လာခဲ့တယ် ဒီတော့လဲ ပျော်ပျော်ကြီး ဖုတ်ပလိုက်တယ်ပေါ့နော်။

ပြင်ဆင်ရတာ လွယ်သလောက် အင်မတန်မှ စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငှက်ပျောသီး - အခွံခွာပြီးသား တစ်ကီလို
  2. သကြား - ထမင်းစားဇွန်း ငါးဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပါ)
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အုန်းနို့ - 300 ml
  5. ရွှေကြည်မှုန့် - ထမင်းစားဇွန်း ၇ဇွှန်း
  6. ဂျုံမှုန့် - ထမင်းစားဇွန်း ၇ဇွန်း
  7. အုန်းသီးမှုန့် - ထမင်းစားဇွန်း ၁၀ဇွန်း
  8. ထောပတ် - ထမင်းစားဇွှန်း ၄ဇွန်း
  9. ဘိန်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်း
  10. Food color အနီရောင် - လက်ဖက်ရည်ဇွန်းဖျား တစ်စက်သာသာ (အရောင်နီတာ ကြိုက်ပါက ပိုထည့်ပါ)

ပြင်ဆင်ပုံ
  • ငှက်ပျောသီးများကို အခွံခွာထားပါ
  • ရွှေကြည်မှုန့်ကို ဒယ်အိုးတစ်လုံးထဲထည့်ပြီး ညိုရောင်သန်းလာတဲ့အထိ လှော်ပေးထားပါ
  • ကျန်နေသော လိုအပ်သော ပစ္စည်းများကို ပြင်ပေးပါ
  • ဇလုံတစ်လုံးထဲမှာ အုန်းသီးမှုန့် ထမင်းစားဇွန်း ၂ဇွန်းနှင့် ဘိန်းစေ့တို့ကိုချန်ပြီး ငှက်ပျောသီး ထောပတ် သကြား ဆား အုန်းနို့ ဂျုံမှုန့် ရွှေကြည်မှုန့် အုန်းသီးမှုန့်ထမင်းစားဇွန်း ၆ဇွန်းတို့ကို လက်နှင့် ဖိချေပေးပါ
  • ငှက်ပျောသီးများ အရမ်းကျေသွားစရာ မလိုတဲ့အတွက် လက်နဲ့ဘဲ ချေပေးပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ မုန့်ဖုတ်မည့် ဗန်းပါတ်ပါတ်လည်ကို ထောပတ်လိုက်သုတ်ပေးပါ
  • ထောပတ်သုပ်ထားသော ဗန်းထဲသို့ အရသာနယ်ထားသော မုန့်နှစ်များ ဖြန့်ပြီးထည့်ပေးပါ
  • မုန့်နှစ်များပေါ်သို့ ချန်ထားသော အုန်းသီးမှုန့်နှင့် ဘိန်းစေ့များကို ဖြူးပေးပါ
  • မုန့်မဖုတ်ခင် ovenကို ၁၈၀စင်တီဂရိတ်နှင့် ၁၀မိနစ်လောက် ကြိုဖွင့်ပေးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ အုန်းသီးများ မကြွမ်းစေရန် ovenထဲမှာ အပေါ်မီးနှင့် ဝေးတဲ့ အဆင့်မှာထားပြီး မိနစ်၅၀ဖုတ်ပေးပါ
  • မိနစ်၅၀ပြည့်တာနဲ့ မီးပိတ်ပြီး ovenထဲမှာ လက်ကျန်အပူရှိန်ဖြင့် မိနစ် ၃၀ထပ်ထားပေးပါ
  • အချိန်ပြည့်တာနဲ့ အပြင်သို့ထုတ်ပြီး အအေးခံပြီးမှ မိမိနှစ်သက်တဲ့ ပုံစံလေးတွေ လှီးပေးပြီး သုံးဆောင် နိူင်ပါပြီ။
မုန့်ဖုတ်မည့်ဘန်းကို ၈" × ၈" သုံးပြီး ဖုတ်နိူင်ပါတယ် မာမာက အိမ်၂အိမ်အတွက် လက်ဆောင်ပေးချင်လို့ ဘန်း အသေးနှင့် ထည့်ဖုတ်ခြင်းသာ ဖြစ်ပါတယ်။

Monday, 6 June 2016

မိုက်ခရိုဝေ့နဲ့ချက်တဲ့ ဆီထမင်း



ဆီထမင်းပူပူလေး စားချင်တာနဲ့ မြန်မြန်ကျက်ရင် မြန်မြန်လေး စားရတယ်ဆိုပြီး မိုက်ခရိုဝေ့နဲ့ ဆီထမင်း ချက်ဖြစ်သွားပါတယ် ဗိုက်ခရိုဝေ့ မီးဖိုနဲ့ ချက်တဲ့နည်းက ဆီထမင်းချိုး မရတာကလွဲလို့ ကျန်တာတွေ အကုန်အဆင်ပြေတဲ့ ဆီထမင်း ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  3. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံ နှစ်ပုံ
  6. ကြက်သွန်နီ -  ဥအသေး သုံးလုံး ( ဥအကြီးသုံးပါက တစ်လုံးဆိုရပါတယ်)
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (မထည့်လဲရ)
  8. မိုက်ခရိုဝေ့မီးဖိုသုံး ဇောက်နက်သည့် ဗူး - တစ်ခု

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးတားပါ
  • ကြက်သွန်နီ အလုံးကြီးကို သုံးပါက ရှစ်စိတ်စိတ်ထားပါ
  • ဒယ်အိုးထဲ ဆီကိုထည့်ပြီး ဒယ်အိုးကို အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီး ကောက်ညှင်းဆန်ကို ထည့်ကြော်ပါ
  • ကြော်နေစဉ် အဆက်မပြတ် မွှေပေးပြီး ဆန်သားကြည်လာတဲ့အထိ မွှေပေးပါ
  • ဆန်သားကြည်လာပြီ ဆိုတာနဲ့ မိုက်ခရိုဝေ့ချက်တဲ့ ဗူးထဲသို့ ပြောင်းထည့်ပါ
  • ကောက်ညှင်းဆန်ကြော်နဲ့အတူ ဆား အချိုမှုန့် ကြက်သွန်နီ ရေ တစ်ဗူးခွဲတို့ကို ထည့်ပြီး အဖုံးကို ခပ်ဟဟလေးထားကာ လေးမိနစ်တည်ပေးပါ
  • လေးမိနစ်ပြည့်တာနဲ့ အပြင်ခနထုတ်ပြီး အထက်အောက် သမအောင် မွှေပေးပါ
  • ကျန်နေတဲ့ ရေတစ်ဗူးခွဲကို ထပ်ထည့်ပြီး အထက်ပါ ပုံစံအတိုင်း နောက်ထပ် လေးမိနစ်ထပ်ထည့်ပါ
  • လေးမိနစ်ပြည့်တာနဲ့ အပြင်ထုတ်ပြီး ကြည့်ပါ
  • အသုံးပြုသော ကောက်ညှင်းဆန် မတူနိုင်တဲ့အတွက် မာနေသေးရင် ရေအနည်းငယ်ထပ်ထည့်ပြီး နှစ်မိနစ်လောက် တည်ပေးပါ
  • ပြီးတာနဲ့ အရသာ ကောင်းမွန်တဲ့ ကောက်ညှင်းဆီထမင်း မွှေးမွှေးလေး ရပါပြီ။