Thursday, 7 May 2026

ပဲပြားအပျော့ကြော်

 

မာမာ ဒီနေ့တော့ သတ်သတ်လွတ် စားချင်တဲ့ သူတွေအတွက် ပဲပြားအပျော့ကို မှိုဆီကြော်နဲ့ ပဲငပိ အနှစ်တို့ရယ်ထည့်ပြီး ကြော်တဲ့နည်းလေးကို မျှဝေပေးပါမယ်ရှင်။
ပါဝင်ပစ္စည်းများ
****************
(1) ပဲပြားအပျော့ - တဗူး

(2) မှိုဆီကြော် - ထမင်းစားဇွန်း နှစ်ဇွန်း

(3 ) ပဲငပိအနှစ် - ထမင်းစားဇွန်း နှစ်ဇွန်း

(4) ဆီ - ထမင်းစားဇွန်း ငါးဇွန်းသာသာ

(5)နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

(6) ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ

(7) ကြက်သွန်နီ - အနေတော် တလုံး

(8)အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်

(9)ဆား - အနည်းငယ်

ပြင်ဆင်ချက်ပြုပ်နည်း
**********************
  • ပဲပြားကို ဗူးထဲမှထုတ်ပြီး ရေတထပ်ဆေးကာ ခပ်သေးသေး အတုံးလေးတွေ တုံးထားပါ။
  • ကြက်သွန်ဖြူနှင့်ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ သေးသေးနုတ်နုတ်လေးတွေ လှီးထားပါ။
  • ပါဝင်ပစ္စည်းများကို အဆင်သင့်ပြင်ထားပါ။
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ။
  • ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်များကို ထည့်ကြော်ပေးပါ။
  • ကြက်သွန်များ ကြော်နေစဉ် တူးမသွားစေရန် မွှေမွှေပေးပါ။
  • ကြက်သွန်များ နွမ်းလာတာနဲ့ မှိုဆီကြော်နှင့် ပဲငပိအနှစ်ကို ထည့်မွှေပေးပါ။
  • တမိနစ်လောက် ရတာနဲ့ ပဲပြား ဆားနှင့် အရသာမှုန့်တို့ကို ထည့်မွှေပေးပါ။
  • မှိုဆီကြော်နဲ့ ပဲငပိ အနှစ်တို့မှာ အငံပါပြီးသား ဖြစ်တဲ့အတွက် ဆားကို ချင့်ချိန်ပြီး ထည့်ပေးပါ။
  • အကြာကြီး ကြော်စရာ မလိုဘဲ နှစ်မိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီးပါ
  • အရသာ ပြင်ပြီးတာနဲ့ မီးပိတ်ပေးပြီး စားသုံးရန်အတွက် ပြင်ဆင်ပေးလို့ ရပါပြီ။

No comments:

Post a Comment