မန်ကျည်းသီးစိမ်းလေးတွေ ပေါ်လာတဲ့ ရာသီရောက်လာပြီမို့လို့ ထမင်းမြိန်မြိန် စားရလေအောင် ပုဇွန်ခေါင်းချိုးလေးတွေနဲ့ ငါးပိချက်လေး ချက်ပါတယ် ရာသီစာလေး ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- မန်ကျည်းသီးစိမ်း - အနေတော် ၁၅တောင့်ခန့်
- ပုဇွန်ခေါင်းချိုး - နှစ်ဆယ်သား
- ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး (ခပ်ပါးပါး လှီးရန်)
- ကြက်သွန်နီ - အနေတော် နှစ်လုံး (ထောင်းရန်)
- ကြက်သွန်ဖြူ အမွှာကြီးကြီး - ငါးမွှာ (ထောင်းရန်)
- ကြက်သွန်ဖြူ အမွှာသေးသေး - ဆယ်မွှာ (ငါးပိချက်ထဲထည့်ရန်)
- ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီး လုံးကြမ်းခွဲ - ထမင်းစားဇွန်း လေးဇွန်း
- ငရုတ်သီးစိမ်း - စားနိူင်သလောက်
- ငါးငံပြာရည် - ထမင်းစားဇွန်း ခြောက်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
ပြင်ဆင်ပုံ
- မန်ကျည်းသီးစိမ်း အခွံမှာ ကပ်နေသော အညိုရောင် အပေါ်ယံများ ကျွတ်သွားအောင် ဓါးနှင့် ခြစ်ပေးပါ။
- မန်ကျည်းသီးစိမ်းက အနည်းငယ် ရင့်တဲ့အတွက် အစေ့များထုတ်ရန် ထက်ခြမ်းခြမ်းကာ အစေ့များ ထုတ်ပေးပါ။
- ပြီးတာနဲ့ ရေသုံးထပ်လောက်ဆေးပြီး ရေစစ်ကာ မညက်တစ်ညက် ထောင်းပေးထားပါ။
- ပုဇွန်ကို ရေဆေးပြီး ခေါင်းဖြုတ်ကာ ကြောဖက်မှ အမည်းကြောင်းကို ဖယ်းထားပေးပါ။
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရဆေးထားပါ။
- ကြက်သွန်နီ နှစ်လုံးကို ထောင်းရန်အတွက် အခွံခွာပြီး ရေဆေးထားပါ။
- ကြက်သွန်ဖြူ အမွှာကြီးများကို ထောင်းရန်အတွက် အခွံခွာပြီး ရေဆေးထားပါ။
- ကြက်သွန်ဖြူ အမွှာသေးများကို အခွံခွာပြီး ရေဆေးထားပါ
- ငရုတ်သီး အကြမ်းမှုန့်ကို ပြင်ထားပါ။
- ပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ထောင်းပေးပါ။
- နနွင်းမှုန့် ဆီ ငံပြာရည် အရသာမှုန့်တို့ကို ပြင်ထားပါ။
ငါးပိချက်ချက်ရန် ပြင်ဆင်ပုံ
- ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့် ထည့်ပေးပါ။
- ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်နီကို နွမ်းအောင်ထည့်ပြီး ကြော်ပေးပါ။
- ကြက်သွန်နီ နွမ်းလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ကြော်ပေးပါ။
- ငရုတ်သီးနံ့သင်းလာတာနဲ့ ငရုတ်သီး အကြမ်းမှုန့်နှင့် ပုဇွန်များကို ထည့်မွှေပေးပါ။
- ပုဇွန်များ မာလာတာနဲ့ ငံပြာရည်နှင့် အရသာမှုန့်ကိုထည့်မွှေပေးပါ။
- ပြီးတာနဲ့ ထောင်းထားသော မန်ကျည်းသီးစိမ်းကို ထည့်မွှေပေးပြီး ၅မိနစ်လောက် ကြော်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ။
- ရေခမ်းပြီး ဆီမပြန်ခင်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ။
- အရသာ မြည်းပြီးတာနဲ့ဆီပြန်ပြီး အနည်းငယ် ခြောက်လာအောင် မီးအေးအေးနဲ့ တည်ပေးပါ။
- ပြီးတာနဲ့ ကြက်သွန်ဖြူ အမွှာသေးများနှင့် ငရုတ်သီးစိမ်းလေးတွေ ထည့်မွှေပေးကာ မီးပိတ်ပေးပါ။
- ချဉ်ငံစပ်မွှေး မန်ကျည်းသီးစိမ်း ငါးပိချက်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment