မာမာ အရင်ရက်တုန်းက ကပ်ကတစ်ငါးကို ခရမ်းချဉ်သီး အနှစ်များများနဲ့ အချဉ်ဆီလည်ရေလည်လေး ချက်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းကိုဘဲ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကပ်ကတစ်ငါး - 500 gm (အကောင်ကြီးကြီးကိုသုံးပါ)
- ခရမ်းချဉ်သီး - အလုံးကြီးကြီး လေးလုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
- ချင်း - လက်တစ်ဆစ်
- မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
- ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း ( ငါးအရသာနယ်ရန်)
- ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း( ဟင်းအိုးထဲထည့်ရန်)
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
- နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးအရသာနယ်ရန်နှင့် ဆီသတ်ရန်)
- နံနံပင် - မိမိနှစ်သက်သလောက်
ငါးအရသာနယ်ရန်
- ငါးကိုအရင်ဆုံး ငါးရဲ့အမြှီး ဆူးတောင်များနှင့် ခေါင်းတို့ကို ဖယ်ပေးပါ
- ပြီးတာနဲ့ ဗိုက်ထဲမှ မလိုတာတွေ ထုတ်ပေးပါ
- ပြီးတော့မှ အကောင်လိုက်ကို ရေနှင့် ခြောက်ထပ်လောက် ဆေးပေးပါ
- ငါးကို ရေဆေးပြီးတာနဲ့ ငါးကိုအသားလွှာကာ အနေတော် အတုံးလေးတွေ တုံးပေးပါ
- ငါးတစ်ကောင်လုံး ခုတ်ပြီးတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးပြီး ရေစစ်ထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
- စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ပြီးတာနဲ့ ချင်း စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းပေးပါ
- မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- နံနံပင်ကို ရေစင်အောင်ဆေးပြီး အနေတော်လေးတွေ ပိုင်းဖြတ်ထားပါ
- ပြီးတာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ငါးရံ့တုံးများ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆား လက်ဖက်ရည်ဇွန်း တစ်၀က်နှင့် ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းသာသာထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
ဟင်းချက်ရန်
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအရင်ဆုံး အပူပေးပါ
- ဆီပူလာမှ နနွင်းမှုန့်ကို ထည့်ပေးပါ
- ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်မွှေပေးပါ
- ငရုတ်သီး ဆီသတ်တာ မွှေးလာပြီး ငရုတ်သီးများ မွလာပါက ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
- ခရမ်းချဉ်သီးများ ကျေပြီးအခွံများ လိတ်လာတဲ့အထိ အိုးအဖုံးအုပ်လိုက် မွှေလိုက် လုပ်ပေးပါ
- ခရမ်းချဉ်သီး အခွံများ လိတ်လာတာတဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး အသာအယာလေး မွှေပေးကာ အဖုံးအုပ်ပေးပါ
- ယောင်းမနှင့် အရမ်းကြီး ထိုးမွှေပါက ငါးအသားက နူးညံ့လွန်းတဲ့အတွက် ကျေမွကုန်တတ်ပါတယ်
- အိုးမကပ်စေရန် အိုးကိုကိုင်ပြီး လှုပ်လှုပ်ပေးပါ
- ငါးအသားလေးတွေ ငရုတ်သီးရောင် တက်လာတာနဲ့ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး အရသာညီအောင် အိုးကိုလှုပ်ပေးပါ
- ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
- အိုးထဲမှ ရေဆူလာပြီး ထိုအရည် မခမ်းတစ်ခမ်း အနေအထားရအောင် တည်ပေးပါ
- ရေအရမ်း မခမ်းခင် မန်ကျည်းမှည့်အရည် ထပ်ထည့်ပြီး အဖုံးအုပ်ကာ ဆက်ချက်ပေးပါ
- ဆီလည်ရေလည် အရည်လေး ရလာချိန်မှာ နံနံပင်အုပ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး မီးပိတ်ပေးပါ
- ပြီးတာနဲ့ ကပ်ကတစ်ငါး အချဉ်ဆီလည်ရေလည် ဟင်းမွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment