Tuesday 29 November 2022

ဂ‌ဏန်းကြော်


 









နေ့လည်နေ့ခင်းဆို အိမ်မှာ အိမ်မှာတစ်ယောက်ထဲ ရှိနေတာက များတတ်တော့ အပင်လေးတွေ စိုက်ချင်စိုက် အပင်လေးတွေ မစိုက်ဖြစ်တဲ့နေ့ဆို ဘာလေးလုပ်စားရရင် ကောင်းမလဲလို့ တွေးနေမိသူကြီးပါ။

ဒီနေ့တော့ blue crabs လေးတွေ ဝယ်ထားတာ အဆင်သင့် ရှိနေတာနဲ့ တန်ပူရာမှုန့်လေးနဲ့ ကြော်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. Blue Crabs - အကောင်ကြီးကြီး နှစ်ကောင်
  2. တန်ပူရာမှုန့် - ထမင်းစားဇွန်း ခြောက်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - လိုသလောက် သုံးပေးပါ
  5. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ဆီ - လိုသလောက် သုံးပေးပါ
  12. ပျဉ်းတော်သိမ်းရွက် - မိမိနှစ်သက်သလောက်
ဂဏန်းသန့်စင်ပုံ
  • ဂဏန်းများကို ရေစင်အောင်ဆေးပြီး ဂဏန်းအပေါ်ခွံကို ခွာပေးပါ
  • ဂဏန်းမှ ပါးဟက်များနှင့် အစာအိတ်များကို ဖယ်ပေးပါ
  • ​ပြီးတာနဲ့ ဂဏန်းတစ်ကောင်ကို လေးပိုင်းပိုင်းပေးထားပါ
ဂဏန်းကြော်ရန်ပြင်ဆင်ပုံ
  • ပျဉ်းတော်သိမ်းရွက်များကို ရေဆေးပြီး အရွက်ခြွေကာ ရေစစ်ထားပါ
  • ဂဏန်းကြော်ရန် အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ နနွင်းမှုန့် တန်ပူရာမှုန့် ဆား အရသာမှုန့် ချင်းမှုန့် ကြက်သွန်ဖြူမှုန့် ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ သမအောင် မွှေပေးပါ
  • ထိုအမှုန့်များထဲကို ရေနည်းနည်းချင်း ထည့်ပေးကာ မုန့်နှစ်ခပ်ပျစ်ပျစ် အနေအထား ရလာအောင် မွှေပေးပါ
  • မုန့်နှစ် ခပ်ပျစ်ပျစ် အနေအထား ရလာတာနဲ့ သန့်စင်ထားသော ဂဏန်းကို မုန့်နှစ်နှင့် လူးပေးပါ
  • ဇောက်အနည်းငယ် နက်သော ဒယ်အိုးထဲမှာ ဆီကိုခပ်များများလေးထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ မုန့်နှစ်လူးထားသော ဂဏန်းများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ဂဏန်းကြော်နေစဉ် တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
  • နှစ်ဖက်လုံး ကျက်သွားအောင် ကြော်ပေးပြီးတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ထိုဆီထဲမှာဘဲ ပျဉ်းတော်သိမ်း ရွက်များကို ကြွတ်ရွလာအောင် ကြော်ပေးပြီး ဆီစစ်ထားပါ
  • ဆီစစ်သွားတာနဲ့ ကြော်ထားသော ပျဉ်းတော်သိမ်းရွက်ကို ဂဏန်းကြော် အပေါ်မှာ ဖြူးပေးပြီး စားသုံးနိူင်ပါပြီ။

No comments:

Post a Comment