Tuesday, 22 November 2022

မုံလာဥနီ ချဉ်ရည်ဟင်း

 




ဒီနေ့တော့ အရင်တစ်ပါတ်က ဝယ်ထားပြီး မစားဖြစ်သေးတဲ့ မုန့်လာဥနီ သေးသေးလေးတွေကို ငါးသေတ္တာငါးဗူးလေး ဖောက်ထည့်ကာ ချဉ်ရည်ဟင်း တစ်မယ် ချက်ပါတယ်။

ထမင်းစားတဲ့အခါ အရည်သောက် ဟင်းလေးပါမှ ထမင်းက စားလို့အရမ်း ကောင်းပါတယ်  ဒီနေ့တော့ ထမင်းစားလို့ မြိန်အုံးမှာပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငါးသေတ္တာငါး - ဗူးအသေး တစ်ဗူး
  2. မုံလာဥနီ - အလုံးငါးဆယ်ခန့်
  3. ခရမ်းချဉ်သီး - အလုံးကြီး သုံးလုံး
  4. ရှမ်းနံနံရွက် - ၇ ရွက်ခန့်
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  7. ချင်း - လက်တဆစ်ခန့်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • မုံလာဥကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ရှမ်းနံနံကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ  ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော မုံလာဥများ ခရမ်းချဉ်သီးများ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့ ငါးသေတ္တာငါးနှင့်  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ရုံးပတေသီးနှင့် ရှမ်းနံနံရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့  မုံလာဥနီ ငါးသေတ္တာ ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။

No comments:

Post a Comment