ဒီနေ့တော့ ထမင်းစားလို့ မြိန်စေမဲ့ ပဲပြားဟင်းကို ချဉ်ငံစပ်လေး ချက်ဖြစ်ပါတယ် သတ်သတ်လွတ် ဟင်းလေး တစ်မယ်ဖြစ်လို့ သတ်သတ်လွတ် စားတဲ့သူတွေအတွက် အစဉ်ပြေမှာဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ပဲပြားအပျော့ - 250 g
- ခရမ်းချဉ်သီး - အလုံးကြီးကြီး သုံးလုံး
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- နံနံပင် - မိမိနှစ်သက်သလောက်
- ငရုတ်သီးစိမ်း - နှစ်သက်သလောက်
ပြင်ဆင်ပုံ
- ပဲပြားကို ရေဆေးပြီး အတုံးလေးတွေ တုံးထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာများ ဖြုတ်ထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
- ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
- ဒယ်အိုးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ ဆီပူလာပါက နနွင်းမှုန့်ထည့်ပြီးတာနဲ့ ငရုတ်သီးထောင်းကိုထည့်ကာ မွှေပေးပါ
- ငရုတ်သီး အနံ့သင်းပြီး ကြက်သွန်များ နွမ်းလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကိုထည့်ပြီး မွှေပေးပါ
- ပြီးတာနဲ့ ခရမ်းချဉ်သီးများကို ကျေသွားအောင် ဇွန်းနှင့် ဖိချေပေးပါ
- ခရမ်းချဉ်သီးများ ကျေသွားပြီး အခွံများ လိတ်လာပါက ပဲပြား ဆားနှင့် အရသာမှုန့်တို့ ထည့်မွှေပါ
- ပဲပြားနှင့်ခရမ်းချဉ်သီးများ လုံးမိသွားက ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ ဆီပြန်အောင် တည်ပေးပါ
- ဆီမပြန်ခင် ငရုတ်သီးစိမ်းကို ထည့်ပေးပြီး ဆက်တည်ပေးပါ
- ဆီပြန်လာပြီ ဆိုပါက နံနံပင်ကိုထည့်ပြီး သမအောင် အသာမွှေပေးပါ
- ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်၍ စားသုံးနိူင်ရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment