Wednesday, 3 December 2014

ပုဇွန် ငရုတ်သီးစိမ်း


ဒီနေ့ချက်ဖြစ်တဲ့ပုဇွန်အစပ်ဟင်းလေးပါ သားအမိ၃ယောက် အကြိုက်တူတဲ့ ဟင်းအမယ်လေးမို့ မကြာမကြာလဲ ချက်စားဖြစ်ကြပါတယ် ပုဇွန်ထုတ်ကို ခေါင်းပါထဲ့ချက်တဲ့အတွက် ပုဇွန်ဆီကြောင့် အရောင်လဲလှသလို အကောင်ကြီးတဲ့အတွက် အချိုလဲ ပိုပြီးလေးပင်ပါတယ်။

ရှူးရှူးရှဲရှဲနဲ့စပ်လှပေမဲ့ အစပ်ကြိုက်တဲ့ သူတွေအတွက်တော့ ပျားသကာကို စားရသလိုဘဲပေါ့နော် မာမာ့အမေရှိစဉ်က ခနခနချက်တဲ့ဟင်းမို့ ဒီလိုဟင်းမျိုး ချက်တိုင်းအမေ့ကို ပိုပြီးသတိရစေတာတော့ အမှန်ပါ။

လိုအပ်တာလေးပြောပါမယ်

  • ပုဇွန်ထုတ် - အကောင်ကြီးကြီး ၁၀ကောင်
  • ငရုတ်သီးစိမ်း - အတောင့် ၄၀နီးပါး
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ဟင်းချက်ရန်ပြင်ပါမယ်
  • ပုဇွန်ထုတ်ကို ရေဆေးပြီး အခွံများလွာလိုက်ပါ
  • ပုဇွန်ခေါင်းကို အသာအရခွာပြီး ခေါင်းထဲမှ အစာအိတ်နှင့်သွားတို့ကို ဖယ်ပေးပါ
  • ပုဇွန်ကြောကိုခွဲကာ အမဲကြောင်း ထုတ်ပေးပါ
  • ပုဇွန်ထုတ်ကို အနေတော် အတုံးလေးများ တုံးပေးထားပါ
  • ကြက်သွနီကို အခွံခွာပြီးရေဆေးကာ ပါးပါးလှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ပါးပါးလှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲဆီထဲ့ကာ ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့နနွင်းမှုန့်ထဲ့ပြီး ကြက်သွန်နီကို ကြော်ပေးပါ
  • ကြက်သွန်နီနွမ်းတာနဲ့ ပုဇွန် ဆား ငံပြာရည် အရသာမှုန့်ထဲ့ပြီး ကြော်ပေးပါ
  • ပုဇွန်ကို ၃မိနစ်လောက်ဘဲ ကြော်ပေးပြီး ငရုတ်သီးစိမ်းကို ထဲ့မွှေပါ
  • တမိနစ်လောက်မွှေပေးပြီးတာနဲ့ ရေကိုပုဇွန်မြုပ်အောင်ထဲ့ပြီး တည်ပေးပါ
  • ရေပွက်ပွက်ဆူပါကာ ဆီကျန်ရေကျန် အနေတော်ရချိန်မှာ အရသာမြည်းပြီး မီးပိတ်ပေးကာ ထမင်းပူပူလေးနဲ့ စားသုံးနိုင်ပါပြီ။



လိုအပ်သော ပစ္စည်းများ

ဟင်းချက်ရန် အဆင်သင့်ပြင်ထားပေးပါ

ကြပ်သားပြုပ်ကြော်




ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ချက်ဖြစ်ပါတယ် အိမ်ရှင်မတို့တစ်နေ့တာ ဘာချက်ရမလဲ စဉ်းစားရတာ တစ်ခါတစ်ခါတော့လဲ ခေါင်းနောက်မိကြမှာပါ ချက်ပြီးပြန်တော့လဲ ကိုယ်ချက်တာလေးကို မိသားစုတွေမှ ကြိုက်ရဲ့လား စားချင်စရာလေးများရော ဖြစ်ရဲ့လားပေါ့။

ဒီနေ့တော့ အဆင်ပြေမဲ့ ဟင်းလေးတစ်မျိုး စီမံပြီး ချက်ထားပါတယ် စားလို့လဲကောင်းစေ ထမင်းလဲမြိန်စေဆိုတဲ့ ကြက်သားပြုပ်ကြော်လေး ကြော်ဖြစ်ခဲ့ပါတယ်။

ပါ၀င်ပစ္စည်းများ 
ကြက်ရင်ပုံသား - 1 kg
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ချင်း - ခပ်ပါးပါး လေးပြား
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
ပြင်ဆင်ပုံ
ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ
ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
ဇောက်အနည်းငယ် နက်သော အိုးတစ်လုံးထဲမှာ ကြက်သား ဆား နနွင်း ချင်း အရသာမှုန့်တို့နယ်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
ပြုပ်ထားသော ပထမတစ်ရည် ခမ်းကာနီးမှာ ကြက်သားနူးမနူး စမ်းကြည့်ပေးပါ
ကြက်သားမနူးသေးပါက ရေမြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ
ရေခမ်းကာနီးပါက မီးအပူရှိန်ကို အနည်းငယ် လျှော့လိုက်ပြီး ရေခမ်းပြီး ကြက်သားကို အိုးနဲနဲကပ်အောင် ထားပေးပါ
အိုးအောက်ခြေ ကပ်လာပြီ ဆိုတော့မှ ရေအနည်းငယ်နှင့် ဆီတို့ကိုထည့်ပြီး ဆီကျွတ်ကျွတ် မြည်လာအောင် တည်ပေးပါ   
ပြီးတာနဲ့ အထက်အောက် သမအောင် မွှေပေးပြီး မီးပိတ်ပေးပါ
မီးပိတ်ပြီးတာနဲ့ လက်ကျန်မီးအပူရှိန်နှင့် ထားပေးပြီး ဆီနံ့မွှေးလာလျှင် ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ရပါပြီ။



သီးရွက်စုံ ကော်ရည်



သီးစုံကော်ရည် ချက်တဲ့နေ့က ထမင်းမြိန်စေတဲ့ နေ့လေးတစ်နေ့ပါဘဲ အသားမပါပေမဲ့ အချို အချဉ် အငံအရသာ ပိုထားပြီး အသီးအနှံတို့ရဲ့ အဟာရ အရသာတို့က ပြည့်စုံနေတဲ့အတွက် စားမြိန်ဖွယ်ရာ ဟင်းတစ်တယ်ဆိုလဲ မမှားပါဘူး ထမင်းပေါင်း လုပ်စားချင်ရင်လဲ ထမင်းပူပူလေးအပေါ် ဆမ်းပြီးစားနိုင်တဲ့ ချိုချဉ်ဟင်းမို့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။ ပါ၀င်ပစ္စည်းများ
  1. ခပ်ထူထူ လှီးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. အနေတော် လှီးထားသော ဘရိုကိုလီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  3. အဖတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  4. သေးသေးရှည်ရှည်လေးတွေ လှီးထားသော မုံလာဥနီ - ဟင်းပြင်ပန်းကန် အသေး တစ်လုံးစာ
  5. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
  6. ချယ်ရီခရမ်းချဉ်သီး - ရှစ်လုံး
  7. တရုတ်နံနံ - အခက်ကြီးကြီး နှစ်ခက်
  8. ပြောင်းကော်မှုန့်. - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  9. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း သုံးဇွန်း ကော်ရည်ဖျော်ထားရန်
  • အသီးအရွက်မကြော်ခင် ကော်ရည်ကို ဖျော်ထားပေးပါ
  • ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ။
  1. အသီးအရွက် ကြော်ရန်ပြင်ပါမယ်
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထဲ့ပါ
  • ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ တရုတ်နံနံနှင့် ခရမ်းချဉ်သီးမှလွဲပြီး အားလုံးကို ထဲ့ကြော်ပေးပါ
  • နှစ်မိနစ်လောက်ဘဲ ကြော်ပေးပါ အရွက်များနွမ်းလျှင် စားလို့မကောင်းပါ
  • အရွက်များ အရမ်းမနွမ်းခင်မှာ ဖျော်ထားသော ကော်ရည်ကို လောင်းထဲ့ပြီး မွှေပေးပါ
  • ကော်ရည်ပျစ်လာပါက ခရမ်းချဉ်သီးနှင့် တရုတ်နံနံထဲ့မွှေပြီးတာနဲ့ မီးပိတ်ပေးပါ
  • ထမင်းပူပူနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Sunday, 23 November 2014

သီးစုံ ထမင်းပေါင်း



အသီးအရွက်ကိုကော်ရည်ချက်

ထမင်းပေါ်သို့ နှစ်သက်သလို အသီးအရွက်
ကော်ရည်ကို ဆမ်းပြီး ပြင်ပေးနိုင်ပါတယ်

အသားမပါပေမဲ့ အရသာကောင်းမွန်လွန်းတဲ့ သတ်သတ်လွတ် သီးစုံထမင်းပေါင်းလေး လုပ်စားဖြစ်ပါတယ် အိမ်ရှင်မရဲ့ တနေ့တာ ဘာချက်ရမလဲ ဘာလေးလုပ်ပေးရင် သူတို့တွေ စားလို့မိန်ကြမလဲဆိုတာကို အိပ်ယာကနိုးတာနဲ့ အလိုလိုကို ခေါင်းထဲဝင်လာပြီးသားပါ။

ဒါကြောင့်မို့ ဒီနေ့တော့ အသားမစားတဲ့ ကလေးအတွက် သီးရွက်စုံ ထမင်းပေါင်းလေး လုပ်ပေးဖြစ်ပါတယ် ထမင်းပေါင်းရဲ့အခြေခံကတော့ အဓိက ကော်ရည်ပါဘဲ ကျန်တဲ့အသား အသီးအရွက်ကတော့ ကိုယ်ကြိုက်တာ ကိုထဲ့လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. အခက်လေးများ ပိုင်းဖြတ်ထားသော ဘရော့ကိုလီ - ဆယ်ခက်ခန့်
  3. အခက်လေးများ ပိုင်းဖြတ်ထားသော ပန်းဂေါ်ဖီ - ဆယ်ခက်ခန့်
  4. ခပ်ထူထူ လှီးထားသော ဂေါ်ဖီ - တစ်စိတ်
  5. ပန်းပွင့်ပုံစံ လှီးထားသော မုံလာဥနီ -  အနေတော် တစ်ဥ
  6. အနေတော် လှီးထားသော တရုတ်နံနံ - သုံးခက်ခန့်
  7. ခပ်စောင်းစောင်း လှီးထားသော ဘေဘီပြောင်းဖူး - ဆယ်ဖူး
  8. အဖတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  9. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  10. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  11. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ကော်ရည်ဖျော်ရန်
  • ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • ရေ. - ဟင်းပြင်ပန်းကန်အကြီး တစ်လုံးမရှိတရှိတို့ကို အားလုံးရောပြီး ဖျော်ထားပါ
  • ကော်ရည်များများ ကြိုက်ပါက ရေပိုထဲ့ပြီး ဖျော်ပေးပါ
အသီးအရွက်ကြော်နည်း
  • ဆန်ကိုရေဆေးပြီး ထမင်းကျက်အောင် ချက်ထားပါ
  • အသီးအရွက် အားလုံးကို ရေစင်အောင်ဆေးကာ လှီးပေးပြီး ရေစစ်ထားပါ
  • အိုးအောက်ချေထူသောအိုးကို အပူပေးပါ အိုးပူလာပါက ဆီကိုအရင်ထဲ့ပါ
  • ဆီပူလာတာနဲ့ကြက်သွန်ြဖူကို မွှေးလာတဲ့ထိ ကြော်လိုက်ပါ
  • ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ တရုတ်နံနံမှလွဲပြီး အသီးအရွက်များကို  အားလုံးထဲ့ကြော်လိုက်ပါ
  • နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ စပ်ထားသော ကော်ရည်ကို လောင်းထဲ့ပါ
  • အရသာ မျှတအောင် အားလုံးကို မွှေပေးပြီး အရသာမြည်းပေးပြီး လိုသလို ပြင်ပေးပါ 
  • ပြီးတာနဲ့ ပဲငံပြာရည် ထဲ့ပေးကာ မွှေပေးပြီး တရုတ်နံနံကို ထဲ့မွှေပေးပါ
  • ကော်ရည် အရမ်းပျစ်သွားပါက ရေထပ်ထဲ့ပြီး မွှေပေးနိုင်ပါတယ်
  • အသီးအရွက်များ အရမ်းနူးလွန်းရင် စားလို့မကောင်းတဲ့အတွက် ဟင်းချက်ချိန် ၃မိနစ်သာသာလောက်ဘဲ ချက်ပေးပြီး မီးပိတ်ပေးပါ။
ထမင်းပွဲပြင်ဆင်ပုံ
  • ချက်ပြီးသား ထမင်းကို ပန်းကန်တချပ်မှာ ထဲ့ပေးပါ
  • ပြီးတာနဲ့ ထမင်းပူပူပေါ်မှာ ချက်ပြီးကာစ ပူနေသော ကော်ရည်နှင့် အသီးအရွက်တို့ကို ဇွန်းမှုတ်နှင့် ခပ်ပေးပြီး ထမင်းပေါ်သို့ လောင်းချပေးပါ
  • သတ်သတ်လွတ် ထမင်းပေါင်း ပန်းကန်ပြင်ပြီးတာနဲ့ မိမိတို့ နှစ်သက်ရာ အချဉ် အစပ်တို့နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

အုန်းထမင်း


ဒီနေ့တော့ အုန်းထမင်းချက်နည်းလေး ပြောပြချင်ပါတယ် အုန်းထမင်းကတော့ မာမာ့အကြိုက် အစာတခုပါ အမေ့အိမ်မှာ နေတုန်းက အုန်းထမင်းချက်ကြမယ်လို့ သတင်းလေး သဲ့သဲ့များကြားရင် မာမာတယောက် ကြက်သွန်နွာမယ် အုန်းနို့ညှစ်ပေးမယ် ငရုတ်သီးထောင်းပေးမယ်ဆိုပြီး မီးဖိုဆောင်မှာ ပျော်ပျော်ကြီး ကူလုပ်ပေးတတ်သူပါ။

အခုတော့ ကိုယ်ကိုတိုင် အိုးသူကြီးဖြစ်နေပြီမို့ စားချင်တာလေး ထချက်လိုက် စားလိုက်နဲ့ ဇိမ်ကျသလောက် ၀ိတ်တွေလဲ တက်လို့နေပါပြီ ဒါကြောင့်မို့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း တော်ရုံလေးဘဲ စားကြဖို့ပြောရင်းနဲ့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  • Basmati  Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  • ကြက်သွန်နီ - အလုံးခပ်သေးသေး ခွန်နှစ်လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • အုန်းနို့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ready made ဗူးကို သုံးထားပါတယ်)
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး 
  • သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ရိုးရိုးထမင်းချက်သလိုဘဲ ထမင်းပေါင်းအိုးထဲကို ဆန်ဆေးပြီး ထည့်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ဆား အုန်းနို့ ကြက်သွန်နီ ဆီ သကြားနှင့် ရေတို့ထည့်ပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  • အပျော့ဆန်ဆိုရင်တော့ ရေကို လျှော့ထည့်ပေးပါ
  • ရိုးရိုးထမင်းချက်သလို ချက်တာမို့ ခလုတ်တက်ရင် အုန်းထမင်း ကျက်ပါပြီ
  • ကြက်သားဆီပြန် အမဲသားဆီပြန် ကြိုက်နှစ်သက်ရာ အသားဟင်းများနဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါတယ်။
အုန်းနို့ကို ရယ်ဒီမိတ်လာသော ဗူးများကိုသုံးနိုင်သလို အုန်းသီးတစ်လုံးကို ခြစ်ပြီး အရည်ညှစ်ယူလို့လဲရပါတယ်။

Saturday, 22 November 2014

ဖရဲခွံ ချဉ်ရည်ဟင်း


ဒီနေ့တော့ မနေ့ကစားတဲ့ ဖရဲသီးအခွံလေးတွေကို ချဉ်ငံစပ် ချဉ်ရည်ဟင်းလေး ချက်လိုက်ပါတယ် ဒီဟင်းလေးက ထမင်းကိုမြိန်စေသလို အရည်သောက်ဆမ်းလေး လုပ်ပြီးသောက်လိုက်ရင်လဲ ချဉ်ငံစပ်လေးမို့ ခံတွင်းလိုက်စေတဲ့ ဟင်းရည်လေးပါ။

ဖရဲသီးခွံ ချဉ်ရည်ဟင်းကို မာမာ ကျန်ခဲ့တဲ့ ၁၉နှစ်လောက်က ကရင်ပြည်နယ် ကော့ဘိန်းတိုက်နယ်ဆေးရုံမှာ နေခဲ့စဉ် အချိန်ကစပြီး စားဖူးခဲ့သလို မကြာမကြာလဲ ချက်ဖြစ်ပါတယ် ငပိရည်နဲ့တွဲပြီးတို့စားတဲ့ တို့စရာအဖြစ်လဲ ဖရဲသီးအခွံကို နှစ်သက်ခဲ့အတွက် ဒီနေ့တော့ ချဉ်ရည်ဟင်းချက်ည်းလေး မျှဝေလိုက်ပါတယ်။

လိုအပ်တာလေးတွေပြောပါမယ်

  1. အစိမ်းရောင် အခွံခွာပြီး လက်နှစ်လုံးသာသာ အနေတော် လှီးထားသော ဖရဲသီးခွံ - ဟင်းပြင်ပန်းကန်အကြီး တစ်လုံးမောက်မောက်
  2. အခွံခွာပြီး ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး နှစ်လုံး
  3. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. မညက်တစ်ညက် ထုထားသော စပါးလင် - အနေတော် နှစ်ပင်
  6. ခေါင်းဖြုတ်ပြီး ကြောမှ အမဲကြောင်း ထုတ်ထားသော ပုဇွန်ထုတ် - ငါးကောင်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်ု တစ်ဇွန်း
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. သံပုရာသီး - တစ်စိတ်
  11. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

ချက်ဖို့ပြင်ပါမယ်
  • ဖရဲသီးအခွံ ဆီ ဆား ကြက်သားမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီ ငရုတ်သီးအရောင်တင်မှုန့် ခရမ်းချဉ်သီးတို့ကို အိုးထဲသို့ထဲ့ကာ ခရမ်းချဉ်သီး ကျေအောင်နယ်ပေးပါ
  • ပုဇွန် စပါးလင်နှင့် ရေ အနည်းငယ်ထဲ့ပြီး လုံးချက်ချက်ပေးပါ
  • ရေဆူလာပြီဆိုတာနဲ့ ခပ်ဖွဖွမွှေပေးပြီး ရေ ဟင်းပြင်ပန်းကန် တစ်လုံးစာ ထဲ့ပြီး ရေဆူအောင်ဆက်တည်ပေးပါ
  • အကြာကြီးရေဆူစရာမလိုပါ ရေဆူချိန်ကြာပါက ဖရဲသီးများ ကျေကုန်တတ်ပါတယ်
  • ရေဆူလာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ သံပုရာရည်ညှစ်ပြီး ဟင်းအိုးကို မီးပိတ်ပေးပါ
  • အရသာမွှေးမွှေးလေးနဲ့ ချဉ်ငံစပ် ဖရဲသီးသောက်ဆမ်း ချဉ်ရည်ဟင်းလေး ရပါပြီ။



ဟင်းချက်ရန် လိုအပ်သောပစ္စည်း တချို့

ဟင်းချက်ရန်ပြင်ပါမယ်

အရသာနယ်ပြီးရေအနည်းငယ်ထဲ့ကာ တည်ပေးပါ

ချဉ်ငံစပ် ဖရဲသီးခွံ ချဉ်ရည်ဟင်းရပါပြီ

Wednesday, 19 November 2014

လမ်းသရဲမုန့်






ဒီနေ့တော့ အပျင်းပြေ လမ်းသရဲမုန့်လေး လုပ်စားဖြစ်ကြပါတယ် အိုးသူကြီးက မုန့်လုပ်လိုက် စားမဲ့သူတွေက စားလိုက်နဲ့ သမင်မွေးရင်း ကျားစားရင်းမို့လို့ ဓါတ်ပုံတောင် အလုအယက် ရိုက်ရတဲ့ အဖြစ်လေးပါ။

စားလို့ကောင်းလွန်းလို့ စားချင်တဲ့အချိန် လုပ်စားနိုင်အောင် မာမာပြင်ဆင်ခဲ့တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (၁၀ ချပ်စာအတွက်)

  1. ဆန်အစိမ်းမှုန့် - 1 cup
  2. ရေ - 3 cups
  3. ဆိုဒါ(baking soda) - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (ဆန်မှုန့်ထဲ ထည့်ဖျော်ရန်)
  5. ပဲပြုပ် - မိမိနှစ်သက်သလောက်
  6. နံနံပင် - မိမိနှစ်သက်သလောက်
  7. မုန်လာဥနီ - အနေတော် တစ်ဥ
  8. ဂေါ်ဖီ - အနေတော် တစ်ခြမ်း
  9. ခရမ်းချဉ်သီး - အလုံးကြီးကြီး နှစ်လုံး
  10. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  11. မဆလာ - အနည်းငယ်
  12. ဆား - အနည်းငယ် ( အသီးအရွက်ထဲထည့်ရန်)
  13. ဆီ - လိုသလောက်

ပြင်ဆင်ပုံ

  1. ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ဆန်မှုန့် ရေ ဆိုဒါနှင့် ဆားတို့ကို ထည့်ပေးပြီး အရည်ပျော်အောင် ဖျော်ထားပေးပါ
  2. ဆိုဒါမှုန့် မရှိလျှင် မုန့် နှစ်ရည်ကို အနည်းဆုံး ၅နာရီခန့် နှပ်ထားပေးပါ(မာမာကတော့ ဆိုဒါမကြိုက်တဲ့အတွက် မုန့်နှစ်ရည်ကို ကြိုစပ်ပြီး ဖောက်ထားပါတယ်)
  3. ဆိုဒါထည့်ပြီး မုန့်နှစ်ရည်ကို ဖောက်ထားပါက မုန့်လုပ်ပါက မုန့်သားက ပိုပြီးကြွတ်လွယ်ပါတယ်
  4. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  5. ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  6. ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  7. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  8. မုံလာဥနီကို အခွံခွာပြီး အမျှင်လေးများရအောင် ခြစ်ပေးထားပါ
  9. ဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  10. ဆီ ဆား မဆလာနှင့် ပဲပြုပ်တို့ကို ပြင်ထားပေးပါ
  11. အာက်ချေမကပ်တဲ့ ဒယ်ပြားကို မီးဖိုပေါ်တင်ကာ အပူပေးပါ
  12. ဒယ်ပြားပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပါ
  13. ပြီးတာနဲ့ ဆီထမင်းစားဇွန်း တစ်ဝက်သာသာကို ဒယ်ပြားထဲ ထည့်ပေးပါ
  14. ဆီပူလာတာနဲ့ အိုကိုကိုင်းမှကိုင်ပြီး ဆီကိုဖြန့်ပေးပါ
  15. ဆီပူလာတာနဲ့ မုန့် ရည်ကို ယောက်ချိုဇွန်းနှင့် သမအောင် မွှေပေးပါ
  16. အထက်အောက် သမသွားတာနဲ့ မုန့်နှစ်ကို ယောက်ချိုဇွန်း အပြည့်ခပ်ပေးပါ
  17. ခပ်ပြီးတာနဲ့ ဒယ်ပြားထဲကို လောင်းချပြီး ဒယ်အိုးလက်ကိုင်ကိုင်းမှကိုင်ကာ မုန့်နှစ်များ အိုးအပြည့် ပြန့်သွားအောင်ဝေ့ဝိုက်ပြီး ဖြန့်ပေးပါ
  18. မုန့်နှစ်များ ဒယ်အိုးအပြည့် ပြန့်သွားတာနဲ့ မုန့်နှစ်အပေါ်ကို ဆီနည်းနည်း သုတ်ပေးပြါ
  19. ပြီးတာနဲ့ အဆင်သင့် ပြင်ထားသော မုံလာဥနီ ဂေါ်ဖီ ပဲပြုတ် ခရမ်းချဉ်သီး နံနံပင် နှင့် ငရုတ်သီးစိမ်းတို့ ကို ထည့်ပေးပါ
  20. အသီးအရွက်များ အပေါ်မှ ဆားအနည်းငယ်နှင့် မဆလာ အနည်းငယ်ကို ဖြူးပေးပြီး အိုးအဖုံးကို မိနစ်ဝက်လောက် အုပ်ပေးထားပါ
  21. မုန့်လုပ်နေစဉ် မီးကိုသတိထားပါ မီးအရမ်းများပါက အောက်ဖက်ပိုင်း ကျွမ်းလွယ်ပါတယ်
  22. မုန့်သားများ ကျွတ်လာမှ အသီးအရွက်များကို အုပ်မိအောင် ခေါက်တင်ပေးပါ
  23. ပြီးတာနဲ့ ပန်းကန်ပြားထဲ ပြောင်းပြီးထည့်ပေးပါ
  24. အထက်ပါ နည်းအတိုင်း မုန့်နှစ်ရည် ကုန်တဲ့အထိ လုပ်ပေးပါ
  25. မုန့်တစ်ခု ထပ်လုပ်တိုင်း ဒယ်အိုးကို ဆီမထည့်ခင် ဒယ်အိုးသန့်သွားအောင် paper towelနှင့် သုတ်သုတ်ပေးပါ
  26. ရေမုန့် လို့ခေါ်တဲ့ လမ်းသရဲမုန့် ပူပူကြွတ်တ်ကြွတ် စပ်စပ်မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။