ဒီနေ့တော့ အမဲသား မပျော်ဆီလေးတွေ ဝယ်လာဖြစ်တဲ့အတွက် ခရမ်းချဉ်သီး ခပ်များများလေးထည့်ပြီး ခပ်ချဉ်ချဉ် ခပ်စပ်စပ် ဆီလည်ရေလည်လေး ချက်ဖြစ်ပါတယ်။
အမဲသား မပျော်ဆီ တို့ရဲ့ သဘာဝက ဘယ်လောက်ချက်ချက် အဆီတုံးလေးတွေက ပျော်မသွားပါဘူး။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ အမဲမပျော်ဆီ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- အမဲမပျော်ဆီ - 500 g
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- စပါးလင် - တစ်ပင်
- ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
- ခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံးခန့်
- မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- အမဲ မပျော်ဆီကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
- ရေဆေးပြီးသော အမဲမပျော်ဆီများ ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
- စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
- စပါးလင် အပင်တစ်ပင်ကို ရေဆေးပြီး မညက်တစ်ညက်ထည့်ကာ အပင်လိုက်ကို လိမ်ပြီး ထုံးထားပါ
ချက်ပြုပ်ပုံ
- ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ ထုံးထားသော စပါလင်နှင့် ခရမ်းချဉ်သီးကို အရင်ဆုံး ထည့်ပြီးဆီသပ်ပေးပါ
- ခရမ်းချဉ်သီးမှား ကျေလာတော့မှ အရသာ နယ်ထားသော အမဲမပျော်ကိုဆီများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
- အမဲမပျော်ဆီများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
- ပထမတစ်ရည် ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ရေဆူအောင် ထပ်တည်ပေးပါ
- အမဲမပျော်ဆီများ နူးတဲ့အထိ ရေထပ်ထပ်ထည့်ပြီး တည်ပေးပါ
- ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ မဆလာ အုပ်ပေးပြီး အမဲ မပျော်ဟဆီဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။
No comments:
Post a Comment