မာမာ ဒီနေ့တော့ အမဲသား အကြောလေးတွေ ဝယ်လာဖြစ်တဲ့အတွက် ခရမ်းချဉ်သီး ခပ်များများထည့်ကာ ငရုတ်သီး အကြမ်းဖတ်နဲ့ ခပ်စပ်စပ် ဆီလည်ရေလည်လေး ချက်ဖြစ်ပါတယ်။
အမဲအကြော တို့ရဲ့ သဘာဝက မာတဲ့အတွက် ချက်ရတာ နည်းနည်းတော့ ကြာတတ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ အမဲအကြောဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- အမဲအကြော - 500 g
- ခရမ်းချဉ်သီး - အနေတော် ငါးလုံး
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီး အကြမ်းဖတ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
- ဗနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
- မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- အမဲ အကြောများကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
- တုံးထားသော အမဲအကြောများကို ဗနီကာနှင့်နယ်ကာ ငါးမိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပေးလိုက်ပါ
- ရေဆေးပြီးသော အမဲအကြော ဆား ကြက်သားမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
- စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
ချက်ပြုပ်ပုံ
- ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
- ခးမ်းချဉ်သီးများ ကျေလာတာနဲ့ အရသာ နယ်ထားသော အမဲ အကြောများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
- အမဲ အကြောများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
- ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ရေဆူအောင် ထပ်တည်ပေးပါ
- အမဲ အကြောများ နူးတဲ့အထိ ရေထပ်ထပ်ထည့်ပြီး တည်ပေးပါ
- ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ မဆလာ အုပ်ပေးပြီး အမဲ အကြောဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။
No comments:
Post a Comment