Tuesday, 17 February 2015

ရွှေဖရုံညွန့်ဟင်းခါး


ခြံထွက် ရွှေဖရံညွန့်လေးရလို့ ဟင်းခါးပူပူလေး ချက်သောက်ဖြစ်ပါတယ် ဟင်းအရည်သောက်လေးပါမှ ထမင်းက မြိန်တတ်တာမို့ ဒီနေ့တော့ ဟင်းခါးပူပူလေးနဲ့ စားပါမယ် ချက်နည်းလွယ်ကူပြီး သောက်လို့ကောင်းတဲ့ ဟင်းခါးချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရင်ဆုံး ရွှေဖရုံညွန့်လေးတွေကို အကြောသင်ပေးပြီး အနေတော် ပိုင်းဖြတ်ပေးပါ
  2. ပိုင်းဖြတ်ထားသော အညွန့်များကို ရေဆေးပြီး ရေစစ်ထားပါ
  3. ပုဇွန်ခြောက် ၁၅ကောင်လောက်ကို ရေစိမ်ပြီး မညက်တစ်ညက် ထောင်းပေးပါ
  4. ကြက်သွန်ဖြူ ၄မွှာကို မညက်တစ်ညက် ထောင်းထားပါ
  5. ငရုတ်ကောင်းအလှော် ၇စေ့လောက်ကို ညက်နေအောင် ထောင်းထားပါ
  6. အိုးတစ်လုံးထဲတွင် ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်၂လုံးစာထဲ့ပြီး တည်ပေးပါ 
  7. ရေထဲတွင် ထောင်းထားသော ပုဇွှန်ခြောက်မှုန့် ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် . လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာထည့်ပြီး ဆူအောင်တည်ပေးပါ
  8. ရေဆူလာပါက ကြက်သွန်ဖြူနှင့်ငရုတ်ကောင်းမှုန့် ကိုရောထောင်းပြီး ဟင်းရည်အိုးထဲထည့်ပေးပါ
  9. ပြီးတာနဲ့ ရွှေဖရုံညွန့်ကိုထည့်ပြီ နှစ်မိနစ်လောက် ဆူအောင်တည်ပေးပါ
  10. ဟင်းရည်အိုး ကျက်ပြီဆိုတာနဲ့ပူပူလေး သုံးဆောင်ပါ
  11. ချက်ချင်းမစားဖြစ်သေးပါက ရွှေဖရုံညွန့် အရောင်မပြောင်းစေရန် ဇကာနှင့်အုပ်ထားပါ။




Saturday, 14 February 2015

တို့ဟူးဟင်း ချိုချဉ်ငံစပ်










မာမာ မနေ့ကချက်စားဖြစ်တဲ့ တို့ဟူးဟင်းလေးပါ သတ်သတ်လွတ် စားတဲ့သမီးလေးအတွက် ထူးရှယ်လေး ချက်ပေးထားတာပါ။

ချိုချဉ်ငံစပ်လေးမို့ သမီးလေး အရမ်းကြိုက်ပါတယ် မိတ်ဆွေတို့လဲ ချက်မယ်ဆို ချက်စားနိုင်အောင် မာမာ တို့ဟူးဟင်း ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

တို့ဟူးကျိုနည်း

  1. ပဲအစိမ်းမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၅ဗူးကို ရေအေး ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၇ဗူးခွဲနဲ့စိမ်ပါမယ်
  2. ပဲမှုန့်များကို ရေစိမ်ရာတွင် ခဲနေသောပဲမှုန့်များကို လက်နှင့်ချေပေးပါ
  3. ပဲမှုန့်ရေစိမ်ချိန် ၆နာရီလောက် ကြာရပါမယ်
  4. မကပ်သော အိုးဇောက်နက်နက် တလုံးကို မီးအပူပေးပါ
  5. တို့ဟူးကျိုပြီး ထည့်ရန် စတီးဇလုံကို ဆီသုတ်ထားပေးပါ
  6. အိုးပူလာပြီဆိုတာနဲ့ မီးကို အနေတော် အလယ်အလတ်လောက် ရောက်အောင် ရှော့လိုက်ပါ
  7. အိုးထဲကို အရည်ဖျော်ထားသော ပဲအရည်ကြည်များ အရင်ဆုံးထည့်ပြီး ကျိုပါမယ်
  8. ပဲအရည်ကြည် ထည့်ပြီးတာနဲ့ ဆား လက်ဖက်ရည်ဇွန်း တဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံလောက် ထည့်ပြီး မွှေပေးပါ
  9. မွှေနေစဉ် ပဲရည်ကြည် ပျစ်လာတာနဲ့အနည်ထိုင်နေသော ပဲအနှစ်များကို ထည့်ပြီး မွှေပေးပါ
  10. ပဲအနှစ်မွှေနေချိန် နဲနဲလေးပြစ်လာတာနဲ့ဆီ ထမင်းစားဇွန်းနှစ်ဇွန်းလောက် ပဲအနှစ်ထဲထည့်ပြီး မွှေပေးပါ
  11. ပဲအနှစ်မွှေချိန် သိမ်မကြာပါဘူး ၁၀မိနစ်လောက်ဆိုရင် ရပါတယ်
  12. ပဲရည်ပြစ်လာပြီး တော်တော်လေး ခဲလာပြီဆိုတာနဲ့ ဆီသုပ်ထားတဲ့ ပန်းကန်ထဲ လောင်းထဲ့ပေးပါ
  13. နာရီဝက်လောက်ဆိုရင် ကောင်းကောင်း ခဲပါပြီ။

တို့ဟူးချက်ရန်
  • တို့ဟူးကို နှစ်သက်သလိုပုံစံ နည်းနည်းထူထူလှီးကာ တစ်ပွဲစာ ပြင်ထားပါ
  • ခရမ်းချဉ်သီး ခပ်ကြီးကြီး တစ်လုံးကို ပါးပါးလှီးပါ
  • ငရုန်သီးစိမ် လေးတောင့်လောက်ကို ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီ တခြမ်းကို ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာကို ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်မိတ်ကို လက်တစ်ဆစ်လောက် အရှည်အရွယ် လှီးထားပါ
  • ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ပြင်ထားပါ
  • ပဲငံပြာရည် ထမင်းစားဇွန်း တ၀က်ပြင်ထားပါ
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်ပြင်ထားပါ
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတပုံ ပြင်ထားပါ
  • ဆီ ထမင်းဝားဇွန်း နှစ်ဇွန်း ပြင်ထားပါ
တို့ဟူးချက်နည်း
  • မကပ်သော ဒယ်အိုးတလုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက ကြက်သွန်အဖြူ အနီနှင့်ငရုတ်သီးမှုန့်တို့ကို ဆီသတ်ပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ခရမ်းချဉ်သီးကျေအောင် ရေနည်းနည်း ထည့်မွှေပါ
  • ခရမ်းချဉ်သီး ကျေလာတာနဲ့ဆား အရသာမှုန့် ပဲငံပြာရည်နှင့် ငရုတ်သီးစိမ်းတို့ကို တမိနစ်လောက် ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးအနှစ် ပျစ်လာတာနဲ့တို့ဟူးကိုထည့်ပြီး မမွှေဘဲ အိုးကိုလှုပ်ပေးပြီး အရသာ သမအောင်လုပ်ပေးပါ
  • တမိနစ်လောက် တည်ပြီးတာနဲ့ ကြက်သွန်မိတ်ထဲ့ပြီး ချိုချဉ်ငံစပ် အရသာထူးတဲ့ တို့ဟူးဟင်း စားပွဲပြင်နိုင်ပါပြီ။

Friday, 13 February 2015

ထောပါတ်ကွတ်ကီး


ဒီနေ့လုပ်စားဖြစ်တဲ့ ကွတ်ကီးလေးတွေပါ မာမာ့သမီးလေး ကျောင်းပိတ်ရက်မှာ တစ်ခါတလေ မုန့်လုပ်တာနှစ်သက်တတ်သူ တယောက်ပါ။

မာမာကတော့ မုန့်လုပ်ရတာကို တော်တော်လေး ပျင်းတတ်ပါတယ် သမီးငယ်ကတော့ ကျောင်းပိတ်တဲ့ ရက်တွေဆိုရင် စိတ်ကူးရရင် ရသလို မုန့်လေးတွေ လုပ်တတ်ပါတယ်။

သမီးငယ်လုပ်တဲ့ မုန့်လေးတွေမို့လို့ အမှတ်တရလေး ဖြစ်ရလေအောင် တင်ပေးတာပါ သူလဲသူလုပ်တဲ့ မုန့်လေးတွေ အောင်မြင်တဲ့အခါ သူပျော်တာလေးအတွက် အမှတ်တရလေး ဖြစ်စေအောင် မျှဝေပေးခြင်း ဖြစ်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ထောပါတ် - 1/2 cup
  2. သကြား - 1 cup
  3. ဂျုံမှုန့် - 3 1/2 cup
  4. ကြက်ဥ - တစ်လုံး
  5. Vanilla extract - နှစ်စက်ခန့်
  6. Milk - 15 ml
  7. လိမော်ခွံ ခြစ်ပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  8. မုန့်ဖြတ်ပုံစံလေးများ
ပြင်ဆင်ပုံ

  1. ဇလုံတလုံးထဲမှာ ထောပါတ်မှလွဲပြီး ပါဝင်ပစ္စည်းများ အားလုံးကိုရောပြီး သမအောင်မွှေပေးပါ 
  2. ပြီးတာနဲ့ ထောပါတ်ထဲ့ကာ မုန့်သားစေးလာတဲ့ထိ နယ်ပေးပါ
  3. မုန့်ဒိုးသား စေးပိုင်လာပါက မုန့်သားကို ပလပ်စတစ်စနှင့် ထုတ်ပြီး မိနစ်၂၀ခန့် နှပ်ထားပေးပါ
  4. မိနစ်၂၀ ပြည့်တာနဲ့ မျက်နှာပြင် ညီသော စားပွဲပေါ်မှာ ဂျုံမှုန့်ကို ခပ်ပါးပါး ဖြန့်ခင်းပေးပါ
  5. ဖြန့်ခင်းထားသော မုန့်သားကို ဒလိမ့်တုန်းနှင့်  ခပ်ပြားပြားလေး ရအောင် လှိမ့်ပေးပါ
  6. ပြီးတာနဲ့ နှစ်သက်တဲ့ ပုံစံလေးတွေကို မုန့်သားပေါ်တင်ပြီး ဖြတ်ပေးပါ
  7. မုန့်သားကို ပုံစံစမဖော်ခင် ကတည်းက ovenကို 280ဒီဂရီနဲ့ နာရီဝက်ခန့် ကြိုပြီးဖွင့်ပေးထားပါ
    မုန့်သားပုံစံဖော်ပြီးပါက မုန့်ဖုတ်မည့် ဗန်းထဲသို့ baking paper ခင်း၍ မုန့်သားများကို စီပြီးထဲ့ပေးပါ
  8. ပြီးတာနဲ့ oven ထဲသို့ထည့်ကာ မိနစ်နှစ်ဆယ် ဖုတ်ပေးပါ
  9. မိနစ်နှစ်ဆယ် ပြည့်တာနဲ့ oven ကိုပိတ်ပြီး မုန့်ဗန်းကို အပြင်ကို ထုတ်ပေးပြီးတာနဲ့ ကွတ်ကီးစိမ့်စိမ့်လေးတွေ ရပါပြီ
  10. ဒီအတိုင်းဘဲစားစား လက်ဖက်ရည် ကော်ဖီလေးနဲ့ဘဲ သောက်သောက် အရမ်းကောင်းလွန်းတဲ့ ကွတ်ကီး စိမ့်စိမ့်လေးတွေကို အအေးခံကာ လေလုံပုလင်းထဲကာ စားသုံးနိုင်ပါပြီ။


ကွတ်ကီးလေးလုပ်ဖို့ လိုအပ်တာတွေ ပြင်ပါမယ်


အားလုံးကိုရောပြီး သမအောင် မွှေပေးပါ
 ပြီးမှထောပတ်ထဲ့ကာ စေးလာတဲ့ထိ နယ်ပေးပါ

မုန့်သားရလာပါက နှစ်သက်တဲ့ ပုံစံလေးတွေကို
မုန့်သားပေါ်တင်ပြီး ဖြတ်ပေးပါ

မုန့်သားစလုပ်ကတည်းက ovenကို 280ဒီဂရီနဲ့ကြိုပြီးဖွင့်ပေးပါ
မုန့်သားပုံစံဖော်ပြီးပါက မုန့်ဖုတ်မည့်ဗန်းထဲသို့ baking paper
 ခင်း၍ မုန့်သားများကိုစီပြီးထဲ့ပေးပါ ပြီးမှ oven ထဲသို့ ထဲ့ကာ 
မိနစ်နှစ်ဆယ် ဖုတ်ပေးပြီးရင် ကွတ်ကီးမုန့်လေးများ ရပါပြီ။

မုန့်ကြာစေ့










မာမာ ဒီနေ့တော့ မြန်မာမုန့်လေးတွေ စားချင်တာနဲ့မုန့်ကြာစေ့လေးတွေ လုပ်စားဖြစ်ပါတယ် မြန်မာပါးစပ်ဆိုတော့လဲ မြန်မာမုန့်လေးတွေကို စားချင်တာက အမြဲတမ်း လိုလိုပါဘဲ။

ဒါကြောင့်မို့လို့ မြန်မာမုန့်လေးတွေ စားချင်ရင် မုန့်လုပ်ပြီး စားရအောင်အတွက် မာမာဒီနေ့လုပ်စားဖြစ်တဲ့ မုန့်ကြာစေ့ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  4. ထန်းလျှက် - 150 g
  5. အုန်းသီးဖတ် -  မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ကောက်ညှင်းမှုန့်နှင့်ဆန်မှုန့်တို့ကိုထည့်ပြီး ရေကိုနည်းနည်းချင်းထည့်ကာ မုန့်သား အိလာအောင် နယ်ပေးပါ
  • ကောက်ညှင်းဆန်နှင့်ဆန်မှုန့်တို့အပေါ်မူတည်ပြီး မုန့်သားအပျော့အမာ ကွဲသွားတတ်တာမို့ ရေကိုနည်းနည်းချင်း ထည့်နယ်ပေးပါ
  • မုန့်သားနယ်ပြီးပါက အ၀တ်ရေစို သန့်သန့်ကိုရေညှစ်ပြီး မုန့်သားအပေါ်မှာအုပ်ပေးပြီး နာရီဝက်လောက် နှပ်ထားပေးပါ
  • မုန့်သားနှပ်ထားချိန် နာရီဝက်ပြည့်ပါက မုန့်သားကို နည်းနည်းချင်းယူပြီး ခပ်သေးသေးလေးတွေ လုံးပေးပြီး မုန့်သားအားလုံး ကုန်တဲ့အထိ လုံးပေးပါ
  • မုန့်သားပြုပ်ပြီး ဆယ်ထည့်ရန် ရေအေးသန့်သန့် ဇလုံတစ်လုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ရေများများထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူတာနဲ့ လုံးထားသော မုန့်လုံးလေးများကို တလုံးချင်း ရေနွေးအိုးထဲကို ထည့်ပေးပါ
  • မုန့်လုံးလေးတွေ ထည့်နေတုံး မုန့်သားကျက်ပြီး ရေပေါ်ပေါ်လာသော မုန့်လုံးများကို တမိနစ်လောက်ထားပြီး ဆယ်ပေးပါ
  • မုန့်လုံးလေးများ ဆယ်ပြီးတာနဲ့အဆင်သင့် ပြင်ထားသော ရေအေးဇလုံထဲကို ထည့်ပေးပါ
  • မုန့်သားအားလုံး ပြုပ်ပြီးတာနဲ့ရေအေးစိမ်ထားသော မုန့်လုံးလေးများကို ရေထဲကဆယ်ပြီး ရေစစ်ပေးပါ
ထန်းလျှက်ရည်ကျိုရန်
  • ဇောက်နက်သော အနေတော် အိုးတလုံးထဲမှာ ထန်းလျှက်ခဲနှင့် ရေထမင်းပေါင်းအိုး ဆန်ချင်ဗူးနှစ်ဗူးသာသာလောက်ကို ထည့်ပြီးကျိုပေးပါ
  • ထန်းလျှက်ရည် မပျစ်မကျဲ အနေအထားလောက် ရအောင်ကျိုလိုက်ပြီး ပိတ်ပါးစခံကာ အမှိုက်များကို စစ်ပေးပါ
မုန့်ပွဲပြင်ရန်
  • ရေစစ်ထားသော မုန့်ကြာစေ့ အလုံးလေးများကို ပန်းကန်တစ်လုံးထဲမှာ ထည့်ပေးပြီး ထန်းလျှက်ရည်လောင်းချပေးကာ စိမ်ထားပေးပါ
  • မုန့်တပွဲစာအတွက် ပန်းကန်လုံးထဲမှာ မုန့်ကြာစေ့နှင့် ထန်းလျှက်ရည်တို့ကို အနေတော် ထည့်ပေးပြီး အုန်းသီးခြစ်ပြီးသား မိမိနှစ်သက်သလောက် ဖြူးပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

ငါးကင် မွှေးမွှေးလေး






ဒီနေ့ကင်ဖြစ်တဲ့ ငါးကင်လေးပါ ငါးကင်အရသာ အတိုင်းရအောင် grill pan လေးနဲ့ ကင်ထားတာမို့ကင်ရတာလဲ လွယ်လဲလွယ် မြန်လဲမြန်ပါတယ်။

ဒီနိုင်ငံမှာ မာမာတို့စားတတ်တဲ့ ဘာဆာငါး တမျိုးနဲ့ကင်ပါမယ်  ငါးအရသာနဲ့ အနံ့အတွက် လိုအပ်တာလေးတွေ နယ်ထားတာမို့ ကင်ပြီးတဲ့ အခါမှာ တော်တော်လေး စားလို့ကောင်းတာမို့မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါးပြား ကြီးကြီး - တပြား
  2. အရသာမှုန့် ( ကြက်သားမှုန့်) လက်ဖက်ရည်ဇွန်း - တစ်ဇွန်းမရှိတရှိ
  3. ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း - တစ်ဝက်မရှိတစ်ရှိ
  4. သံပုရာရည် လက်ဖက်ရည်ဇွန်း - တစ်ဇွန်းသာသာ
  5. ဆီ - အနည်းငယ်
  6. ငါးပြားကို ဆား ကြက်သားမှုန့် သံပုရည်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောနယ်ပြီး ၁၀မိနစ်လောက် နှပ်ထားပေးပါ။

ပြင်ဆင်ပုံ
  • ပထမဦးဆုံ gray pan ကို ပူလာအောင် မီးအပူပေးပါ
  • Grill pan ပူလာတာနဲ့ဆီထမင်းစားဇွန်း နှစ်ဇွန်းခန့်ကိုထည့်ပြီး အိုးကို နှံ့အောင် သုတ်ပေးပါ
  • ဆီသုတ်ပြီး ဆီပူလာတာနဲ့ မီးကိုနဲနဲ လျော့ပေးပြီးမှ ငါးကိုထည့်ပြီး ကင်ပေးပါ
  • တဖက်ကို ၃မိနစ်လောက် ကင်ပေးရင် ရပါတယ်
  • တဖက်ကျက်တာနဲ့နောက်တဖက်ကို မလှန်ခင် ငါးကိုဆီအနည်းငယ် သုတ်ပေးပြီးမှ လှန်ပေးပါ
  • နှစ်ဖက်လုံး ကျက်သွားပြီဆိုတာနဲ့မိမိနှစ်သက်သလို စားသုံးနိုင်ရန် စားပွဲပြင်ပေးနိုင်ပါပြီ။

ပုဇွန်ထုတ်လှော်ထောင်း ငါးပိရည်ဖျော် မွှေးမွှေးလေး













မြန်မာ့ရိုးရာ ငါးပိရည်မွှေးမွှေးလေး ဖျော်ဖြစ်ပါတယ် မြန်မာပါးစပ်မို့ မြန်မာငါးပိရည်လေး ကြိုက်တာ မဆန်းပါဘူးနော်။

မာမာကတော့ ငါးပိရည်ပါမှ ထမင်းစားမိန်လို့ငါးပိရည်ကို အမျိုးမျိုး ဖျော်စားလေ့ရှိတာမို့ ဒီနေ့တော့ ပုဇွန်လှော်နဲ့ဖျော်တဲ့ ငါးပိရည်ဖျော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရေအနည်းငယ်ထည့်ပြီး လှော်ထားသော ပုဇွန်လှော် - ၂ကောင်
  2. မီးအပူပေးကာ လှော်ထားသော ငရုတ်သီးစိမ်း - စားနိုင်သလောက်
  3. မီးအပူပေးကာ လှော်ထားသော ကြက်သွန်ဖြူ - ၅မွှာ

ငါးပိရည်ကျိုရန်
  • ငါးပိအနှစ် ထမင်းစားဇွန်း ၃ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ
  • ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး အားလုံးတို့ကိုရောပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။
ငါးပိရည်အဖျော်ထောင်းပြီး ငါးပိရည်ဖျော်ရန်
  • ပုဇွန်လှော်ကို အခွံခွာပြီးထားပါ။
  • ငရုတ်သီးစိမ်းအလှော်ကို အရင်ဆုံး ညက်အောင်ထောင်းပေးပါ။
  • ကြက်သွန်ဖြူအလှော်ကို အခွံခွာပြီး ငရုတ်သီး အလှော်ထောင်းထဲ ထည့်ထောင်းပေးပါ။
  • အားလုံးညက်အောင် ထောင်းပြီးတာနဲ့ပုဇွန်လှော်ကို ထည့်ထောင်းပေးပါ။
  • အဖျော်များ ထောင်းပြီးတာနဲ့ပန်းကန်တလုံးထဲမှာ ထည့်ပေးပြီး ငါးပိရည်ကျိုကို လောင်းထည့်ပေးပါ။
  • ငါးပိရည်ဖျော် ပန်းကန်ထဲကို ငရုတ်သီးအလှော်မှုန့်နှင့်အရသာမှုန့်တို့ကို ထပ်ထည့်ပြီး သမသွားအောင် ဖျော်ပေးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Thursday, 12 February 2015

ပုဇွန်တန်ပူရာကြော်



ဒီနေ့တော့ ပုဇွန်တန်ပူရာလေး ကြော်ရအောင်ပါ ပုဇွန်ကို ကြော်လိုက် ချက်လိုက် လှော်လိုက် ပြုပ်လိုက်နဲ့ သံသရာလည်နေတဲ့ ပုဇွန်ဟင်းလျာတွေထဲက တမျိုးပါဘဲ ဒီတခါတော့ အရသာလေးပြောင်းပြီး ကြော်ကြည့်ကြမယ်နော်။
ပါဝင်တာလေးပြောပါမယ်

  • အခွံခွာ ခေါင်းဖြုတ်ပြီးကြောမှခွဲကာ အမဲကြောင်းထုတ် အမြှီးချန်ထားသော ပုဇွန်ထုတ် - ၁၀ကောင်
  • ကြက်ဥ - တလုံး
  • တန်ပူရာမှုန့် ထမင်းစားဇွန်းမောက်မောက် - လေးဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း - တ၀က်
  • ပုဇွန်အရသာနယ်ရန် ဆား လက်ဖက်ရည်ဇွန်း - လေးပုံတပုံ
  • ပုဇွန်အရသာနယ်ရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း - လေးပုံတပုံ
  • ပုဇွန်အရသာနယ်ရန် အရသာမှုန့် လက်ဖက်ရည်ဇွန်း - တ၀က်
  • ဆီ လက်ဖက်ရည် အကြမ်းပန်းကန်  -၂လုံး
  • အရသာမှုန့် ကြက်သားမှုန့် မထဲ့လဲရပါတယ် 
ပြင်ဆင်ပုံလေးပြောပါမယ်
  • ပုဇွန်ကို သန့်စင်ပြီးပါက ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့နယ်ပေးပါ
  • တန်ပူရာမှုန့်ကို ရေ ကြက်ဥ ငရုတ်ကောင်းမှုန့်တို့နဲ့ ခပ်ပြစ်ပြစ်ဖျော်ပေးပါ
  • ရေကို ထမင်းပေါင်းအိုး ဆန်ချင်ခွက်နှင့် တ၀က်ကို နည်းနည်းချင်းထဲ့ပြီးဖျော်ပေးပါ
  • တန်ပူရာမုန့်နှစ်က ပျစ်နေရပါမယ်
  • အားလုံးသမသွားပါက ပုဇွန်ကိုတန်ပူရာ မုန့်အနှစ်ထဲနှစ်ပေးပါ
  • ဆီကိုအပူပေးပါ ဆီပူလာတာနဲ့မီးကို အနည်းငယ်လျော့ပြီးမှ တန်ပူရာ မုန့်အနှစ်လူးထားသော ပုဇွန်ကို တကောင်ချင်းထဲ့ပေးပါ
  • ကြော်နေစဉ် တဖက်ရွှေဝါရောင်သန်းလာပါက နောက်တဖက်ကို လှန်ပေးပါ
  • တကောင်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ငရုတ်ကောင်းမှုန့် သင်းသင်းလေးနဲ့တန်ပူရာ ပုဇွန်ကပ်ကြော်လေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ