Sunday 19 January 2014

ကြက်ပြုပ် ဟင်းချို


မာမာ ဒီနေ့တော့ ရာသီဥတုလေး နည်းနည်းအေးတာနဲ့ ကြက်ပြုပ်ဟင်းချိုရည်လေး ချက်သောက်ဖြစ်ပါတယ်
သောက်လို့လဲကောင်း ထမင်းလဲမြိန်စေခဲ့ပါတယ် ချက်ရတာတော့ အရမ်းလွယ်တဲ့ ဟင်းချိုရည်အမျိုး အစားလေးပါ။

ငယ်ငယ်ထဲက ကြိုက်ခဲ့တဲ့ အရည်ဟင်းလေးမိုလို့ ခနခနလဲ ချက်ဖြစ်ခဲ့ပါတယ် ဒီနေ့ချက်တဲ့ ဟင်းချိုရည်ကိုဆေတာ့ မာမာက ကြက်ရင်ပုံသားလေးနဲ့ ပြုပ်ပြီး ချက်ထားပါတယ် မြည်းစမ်းပြီးသောက်ဖို့ ချက်ကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 100 g 
  2. ပဲပြားအစိမ်း - အနေတော် တစ်တုံး (သင့်တော်သလို ပိုင်းပေးထားပါ)
  3. ရွှေပဲသီး - ၅တောင့်
  4. ရေစိမ်ပြီးသော ပဲကြာဇံ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  5. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
  6. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  7. ဆား - ညက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ

ချက်ရန်
  • ကြက်ရင်ပုံသားကို ရေဆေးပြီး အရင်ဆုံးဆားနှင့်အရသာမှုန့် အနည်းငယ် ထည့်ပေးပြီး အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေမြုပ်ရုံထဲ့ပြီး ပြုပ်ပေးပါ
  • ရေခမ်းသွားပါက အသားမြှောင်းလေးများ ရအောင်ထွင်ပေးပါ
  • ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တစ်လုံးနှင့်တဝက်သာသာ ထဲ့ပေးပါ
  • ဆားနှင့်အရသာမှုန့်ထဲ့ပြီး ရေဆူအောင် တည်ပေးပါ
  • ရေဆူလာပါက ပဲပြားလေးများ အရင်ထဲ့ပြီးတည်ပေးပါ
  • ငါးမိနစ်လောက်ဆူပြီးပါက ပဲကြာဇံ ကြက်သွန်ဖြူနှင့်ငရုတ်ကောင်းမှုန့်ထဲ့ပြီး အရေသာ မြည်းပေးပါ
  • မီးပိတ်ခါနီးမှ ရွှေပဲသီးထဲ့ပြီး အဖုံးမအုပ်ဘဲ ထားပေးပါ
  • မီးပိတ်ပြီးတာနဲ့ ဟင်းချိုရည်ပူပူလေး သောက်သုံးနိုင်ပါပြီ။

3 comments:

  1. မမာရေ----ဟင်းရည်ချိုလေး လာလောက်ခဲ့တယ်

    ReplyDelete
  2. ရာသီဥတုကအေးနေတုံး ဟင်ခါးရည်ပူလေး သောက်သွားပါတယ် .. အတော်ဘဲ .. ^___^

    ReplyDelete
  3. မာမာရေ... ဒီကနေ့မာမာ့အိမ်လေးထဲမှာ မွှေနှောက်နေတယ်နော် ... :P

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete