Wednesday 12 November 2014

မုန့်ပိန္နဲစေ့



အစားအသောက် မီးလိုတောက်တယ်လို့တော့ မထင်လိုက်ပါနဲ့နော် ထင်ကြမယ်ဆိုရင်လဲ စိတ်မဆိုးတတ်ပါဘူးလို့ အစားဆို ကိုယ်တိုင်လဲကြိုက် သူများကိုလဲ စားစေချင်သူကြီးမို့ပါ။

မုန့်ပိန္နဲစေ့နဲ့ မုန့်ကြာစေ့ မုန့်သားစပ်ပုံ တူပေမဲ့ မုန့်လုံးပုံလေး နည်းနည်းလေး ကွာခြားသွားတာပါဘဲ မုန့်ကြာစေ့ကို ခပ်သေးသေးလေးတွေ လုံးပေးပြီး မုန့်ပိန္နဲစေ့ကိုတော့ ပိန္နဲစေ့ပုံစံ ခပ်ရှည်ရှည်လေးတွေ လုံးပုံဘဲ ကွာခြားသွားပါတယ်။

မုန့်သားစပ်တာကတော့ မုန့်လုံးရေပေါ်အတွက် စပ်တဲ့နည်းအတိုင်းပါဘဲ ကောက်ညှင်းမှုန့်၃ဆ ဆန်မှုန့်တစ်ဆ ရေနဲ့ရောနယ်ပြီး မုန့်သားစပ်လိုက်ရုံပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  4. ထန်းလျှက် - 150 g
  5. အုန်းသီးဖတ် -  မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ကောက်ညှင်းမှုန့်နှင့်ဆန်မှုန့်တို့ကိုထည့်ပြီး ရေကိုနည်းနည်းချင်းထည့်ကာ မုန့်သား အိလာအောင် နယ်ပေးပါ
  • ကောက်ညှင်းဆန်နှင့်ဆန်မှုန့်တို့အပေါ်မူတည်ပြီး မုန့်သားအပျော့အမာ ကွဲသွားတတ်တာမို့ ရေကိုနည်းနည်းချင်း ထည့်နယ်ပေးပါ
  • မုန့်သားနယ်ပြီးပါက အ၀တ်ရေစို သန့်သန့်ကိုရေညှစ်ပြီး မုန့်သားအပေါ်မှာအုပ်ပေးပြီး နာရီဝက်လောက် နှပ်ထားပေးပါ
  • မုန့်သားနှပ်ထားချိန် နာရီဝက်ပြည့်ပါက မုန့်သားကို နည်းနည်းချင်းယူပြီး ပိန္နဲစေ့ ပုံစံလေးတွေ လုံးပေးပြီး မုန့်သားအားလုံး ကုန်တဲ့အထိ လုံးပေးပါ
  • မုန့်သားပြုပ်ပြီး ဆယ်ထည့်ရန် ရေအေးသန့်သန့် ဇလုံတစ်လုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ရေများများထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူတာနဲ့ လုံးထားသော မုန့်လုံးလေးများကို တလုံးချင်း ရေနွေးအိုးထဲကို ထည့်ပေးပါ
  • မုန့်လုံးလေးတွေ ထည့်နေတုံး မုန့်သားကျက်ပြီး ရေပေါ်ပေါ်လာသော မုန့်လုံးများကို တမိနစ်လောက်ထားပြီး ဆယ်ပေးပါ
  • မုန့်လုံးလေးများ ဆယ်ပြီးတာနဲ့အဆင်သင့် ပြင်ထားသော ရေအေးဇလုံထဲကို ထည့်ပေးပါ
  • မုန့်သားအားလုံး ပြုပ်ပြီးတာနဲ့ရေအေးစိမ်ထားသော မုန့်လုံးလေးများကို ရေထဲကဆယ်ပြီး ရေစစ်ပေးပါ
ထန်းလျှက်ရည်ကျိုရန်
  • ဇောက်နက်သော အနေတော် အိုးတလုံးထဲမှာ ထန်းလျှက်ခဲနှင့် ရေထမင်းပေါင်းအိုး ဆန်ချင်ဗူးနှစ်ဗူးသာသာလောက်ကို ထည့်ပြီးကျိုပေးပါ
  • ထန်းလျှက်ရည် မပျစ်မကျဲ အနေအထားလောက် ရအောင်ကျိုလိုက်ပြီး ပိတ်ပါးစခံကာ အမှိုက်များကို စစ်ပေးပါ
မုန့်ပွဲပြင်ရန်
  • ရေစစ်ထားသော မုန့်ပိန္နဲစေ့ အလုံးလေးများကို ပန်းကန်တစ်လုံးထဲမှာ ထည့်ပေးပြီး ထန်းလျှက်ရည်လောင်းချပေးကာ စိမ်ထားပေးပါ
  • မုန့်တပွဲစာအတွက် ပန်းကန်လုံးထဲမှာ မုန့်ပိန္နဲစေ့နှင့် ထန်းလျှက်ရည်တို့ကို အနေတော် ထည့်ပေးပြီး အုန်းသီးခြစ်ပြီးသားကို မိမိနှစ်သက်သလောက် ဖြူးပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

2 comments:

  1. မုန့်လုံးရေပေါ်နဲ့မုန့်ကြာစေ့ တစ်ခါထဲဝင်ဖတ်သွားတယ် မာမာရေ...
    ပုံစံလေးပဲပြောင်းပြီး ထည့်ဝင်တာတွေတူတယ်နော်။
    အိမ်မှာမုန့်လုံးရေပေါ်တော့ မကြာခဏလုပ်စားဖြစ်တယ် ဒီတစ်ခေါက် မုန့်ကြာစေ့လုပ်စားမယ် ...

    ReplyDelete
  2. ဟုတ်ကဲ့ပါတီတင့်ရေ
    တီတင့်လုပ်တဲ့နည်းလေးလဲ မာမာ့ကို မျှဝေပါအုံးနော်
    တီတင့်စာတွေကို ၀င်ဝင်ပြီးဖတ်ဖြစ်ပါတယ်တီတင့်ရေ
    ကွန်မန့်ရေးရင် အတုံးလေးတွေဘဲပေါ်နေလို့ ကွန်မန့်မချန်ခဲ့ရဘူးဖြစ်နေတယ်။

    ReplyDelete