Monday, 28 July 2025

အာဗြဲခြောက် မီးကင်သုပ်

 


မာမာ အရင်တပါတ်က အာဗြဲခြာက် မီးကင်ပြီးသားလးတွကို ချဉ်ချဉ် ငံငံ စပ်စပ်လး သုပ်ဖြစ်ပါတယ်။

ထမင်းစားရတာ ခံတွင်းပျက်သလို ဖြစ်နေတော့ စိတ်ကူးထဲ ပေါ်လာတာလးကို သုပ်စားမိပေမဲ့ စားလို့ကောင်းလွန်းလို့ မာမာပြင်ဆင်ပြီး သုပ်စားတဲ့ နည်းလေးကို မျှ‌ဝေ ပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မီးကင်ပြီးသား အာဗြဲခြောက် - အကောင်ကြီးကြီး ဆယ်ကောင်
  2. မုံလာဥနီ - ခပ်ကြီးကြီး တစ်ဥ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. နံနံပင် - အပင်ကြီးကြီး နှစ်ပင်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား - အနည်းငယ်
  7. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်
  8. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းစာ
ပြင်ဆင်ပြုလုပ်ပုံ
  • ဇလုံတလုံးထဲမှာ မီးကင်ပြီးသား အာဗြဲခြောက်များကို ဖဲ့ပြီး ထည့်ထားပါ
  • မုံလာဥနီကို အခွံခွာရေဆေးပြီး ခြစ်တံနှင့် ခြစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးကာ မထူမပါးလေး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံတလုံးထဲမှာ ထည့်ပြီး အရသာ သမအောင် နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ မည်းပေးကာ မိမိစိတ်ကြိုက် အရသာ ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ချဉ်ငံစပ် အာဗြဲခြောက် မီးကင်သုပ်လး ရပါပြီ။

Thursday, 24 July 2025

Banana Prawn ပုဇွန်ကြော်


မာမာဒီနေ့တော့ Banana Prawn လေးတွေ ဝယ်လာဖြစ်လို့  ပုဇွန်အချိုကြော်လေး ကြော်ပါတယ် ရေငံပုဇွန်တို့ရဲ့ ထုံးစံအတိုင်း ပုဇွန်အနံ့က ရေချိုပုဇွန်တို့ထက် အနံ့နဲနဲ ပိုပြင်းပါတယ်။

အဲဒီအနံ့ကို ပျောက်အောင်လို့ ပုဇွန်ထုတ်ကို သံပုရာရည်နဲ့ အရင်ဆုံး နယ်ပြီးဆေးရသလို ကြော်တဲ့အခါမှာလဲ  ငါးငံပြာရည်နဲ့ ကြက်သွန်ဖြူ ပါလေမှ ပုဇွန်ရဲ့ အညှီနံ့ ကင်းပါတယ်။

မကြော်ခင်မှာ ပုဇွန်ကို အခွံခွာ ပြီးတာနဲ့ သံပုရာရည်နဲ့ အရင်ဆုံး နယ်ပေးပြီးမှ ကြောခွဲပြီး အမဲကြောင်းထုတ်ကာ သန့်ရှင်းအောင် အရင်ဆုံး လုပ်ပေးရပါတယ်။

ပြီးမှ ကင်းမွန်ငံပြာရည်ကို အဓိထားပြီးထဲ့ကာ အရသာတွေနဲ့နယ်ပြီး ဆယ်မိနစ်လောက် နှပ်ထားပြီးမှ ကြော်ပေးတာ အကောင်းဆုံးပါ အဲဒါမှ ရေငံပုဇွန်ရဲ့ အနံ့ပျောက်နိုင်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပုဇွန်ကျား ပုဇွန်ထုတ် ကြော်တဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ဆယ်ကောင်
  2. ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. သံပုရာရည် - ထမင်းစားဇွန်း သုံးဇွန်း (ပုဇွန်အညှီဓါတ်ပျောက်အောင်ဆေးရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • ပုဇွန်ကို ရေဆေးပြီး မလိုသော အရာများဖယ်ပြီး သန့်စင်ထားပေးပါ
  • ပြီးတာနဲ့ သံပုရာရည်နှင့် နယ်ပေးကာ ငါးမိနစ်လောက် နှပ်ထားပြီးမှ ရေဆေးပေးပါ
  • သန့်စင်ထားသော ပုဇွန်ကို နနွင်း အရသာမှုန့် ငါးငံပြာရည်တို့နဲ့နယ်ပြီး အရသာ၀င်အောင် ငါးမိနစ်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • လိုအပ်တာတွေ ပြင်ပြီးပါက ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်တို့ထည့်ကာ ဆီကိုအပူပေးပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အနည်းငယ် ပျော့လာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်များ ပျော့သွားတာနဲ့  ပုဇွန်အရသာနယ်ကို ၄မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပုဇွန်ထုတ်က အကောင်ကြီးတဲ့အတွက် အသားထဲအထိ ကျက်စေရန် ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ပုဇွန်အချိုကြော် ကျက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ မီးပိတ်ပေးပြီး စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။

Tuesday, 22 July 2025

ကြက်သားအာလူးဟင်း

 

မာမာ ဒီနေ့တော့ ကြက်သားနဲ့ အာလူးကို အနှစ်များများနဲ့ ချက်ပါတယ် ဒါကြောင့်မို့လို့ မာမာ့ရဲ့ ဟင်းချက်နည်းလေးတွေကို လာရောက်ကြည့်ပေးကြတဲ့ မိတ်ဆွေတွေလဲ ချက်စားနိူင်အောင် မာမာ ပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်သား - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  7. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. စပါးလင် - အရင်းပိုင်း နှစ်လက်မခန့်
  10. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
  11. အာလူး - အနေတော် ငါးလုံးခန့်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ကြက်သားကို တုံးပြီးတာနဲ့ ငရုတ်သီး အရောင်တင်မှုန့် ဆား ငံပြာရည် မဆလာ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတိုကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထာပါ
  • ပြီးတာနဲ့ စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ချင်း တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ထောင်းထားသော ကြက်သွန်များကို ထည့်ကြော်ပြီး ဆီသပ်ပေးပါ
  • ငရုတ်သီးနံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပေပါ
  • အထက်အောက် သမအောင် မွှေပေးပြီးတာနဲ့ ကြက်သားအသား မာလာအောင် ခနလောက် တည်ထားပေးပါ
  • ကြက်သားအသား မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာ မကြာ လှုပ်လှုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေခမ်းလာပြီး ကြက်သားအသားတွေ မာကျစ်လာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် သတိထားပြီး ကြည့်ကြည့်ပေးကာ ရေခမ်းကာနီးတာနဲ့ နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး အာလူးကိုပါ တစ်ခါထဲထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ အာလူးနူးမနူး ကြည့်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • အာလူးလဲနူးပြီး ဟင်းအိုးလဲ ရေ အခမ်းတဲ့ အနေအထား ရလာကာ အရသာလဲ မိမိစိတ်ကြိုက် ရလာတာနဲ့ မီးပိတ် ပေးပါ
  • ပြီးတာနဲ့  ကြက်သား အာလူးဟင်းလေးကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Saturday, 19 July 2025

ဝက်နံရိုး မျှစ်ချဉ်ဟင်း

 

ဒီနေ့တော့ ဝက်နံရိုးနဲ့ မျှစ်ချဉ်ကို ချက်ပါမယ် မျှစ်ချဉ်နဲ့ အသားရောပြီး ချက်လေတိုင်း အသားက အရသာ နည်းသွားပေမဲ့ မျှစ်ချဉ်က အရသာ အရမ်းရှိတာမို့လို့ မျှစ်ချဉ်ကို ပိုပြီး ထည့်ထားပါတယ်။

စားမဲ့ လူဦးရေ နည်းရင်တော့ ချင့်ချိန်ပြီး ချက်စေချင်ပါတယ် လွယ်ကူတဲ့ ချက်နည်းလေး ဖြစ်ပေမဲ့ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မျှစ်ချဉ် - 1 kg
  2. ဝက်နံရိုး - 500 g 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ချင်း - ခပ်ပါးပါး ၃ပြားလောက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  11. ဆန်ဆေးရည် - မျှစ်ချဉ်မြုပ်လောက်အောင် ဆန်ဆေးစဉ် ယူထားပါ

ပြင်ဆင်ပုံ
  • ဝက်နံရိုးများကို အတုံးလိုက် ရေဆေးပြီးမှ ရေစစ်ကာ အနေတော် တုံးထားပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ပြီး ဆား ငံပြာရည် အချိုမှုန့် နနွင်းမှုန့်တို့ နှင့် အရသာ၀င်အောင် နယ်ထားပါ
  • မျှစ်ချဉ်ကို အချဉ်ပေါ့စေရန်နှင့် အဆိပ်အတောက် ပြေစေရန် ဆန်ဆေးရည်နှင့် မြုပ်အောင်ထည့်၍ တစ်နာရီလောက် စိမ်ထားပြီးမှ ရေဆေးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် ဝက်နံရိုးကို ဆီနိုင်နိုင် သတ်ပေးပြီးမှ ချက်ပေးပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဝက်နံရိုးကိုထည့်ပြီး ဆီသတ်ပါ
  • ဝက်နံရိုးများ ထည့်ပြီးပြီးခြင်း အထက်အောက် အရသာမျှအောင် သုံးလေးချက်လောက် မွှေပေးပါ
  • ဝက်နံရိုးများ လုံးမိစေရန် ရေအနည်းငယ် ထည့်ပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ဝက်နံရိုးများ အရောင်ပြောင်းလာပြီး လုံးမိပြီဆိုတာနဲ့ မျှစ်ချဉ်များထည့်ပြီး ၂ချက်လောက် သမအောင် မွှေလိုက်ပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
  • မျှစ်ချဉ်က အငံများတဲ့အတွက် အငံအရသာကို ချင့်ချိန်ပြီးထည့်ပေးပါ
  • မျှစ်ချဉ်ဟင်းရည် ပထမ တစ်ရည်ခမ်းအောင် တည်လိုက်ပြီး နောက်တစ်ရည် မြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူလာပြီ ဆိုတာနဲ့ မျှစ်ချဉ်နံ့ မွှေးနေတဲ့ ဝက်နံရိုး မျှစ်ချဉ်ဟင်းကို စားသုံးနိူင်သလို မီးကိုလျှော့လိုက်ပြီး မီးမျှင်းမျှင်းနဲ့ တစ်နေကုန် တည်ထားပြီး စားပါက ပိုပြီးစားကောင်းတဲ့ ဝက်နံရိုး မျှစ်ချဉ်ဟင်းကို အရသာရှိစွာ စားသုံးနိူင်ပါပြီ။

Thursday, 10 July 2025

ဗူးသီးချဉ်ရည်ဟင်း

 


မာမာ ဒီနေ့တော့ ချဉ်ရည်ဟင်း စားချင်တာနဲ့ ဗူးသီးကို ကိုင်းခရမ်းချဉ်သီးလေးတွေနဲ့ချက်ပြီး ခြံထွက်ဂျူးမြှစ်လေးအုပ် ကာချဉ်ရည်ဟင်း တစ်မယ် ချက်ပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပုဇွန်ထုတ် - ဆယ်ကောင်
  2. ဗူးသီး - အနေတော် တစ်ခြမ်း
  3. ကိုင်းခရမ်းချဉ်သီး - အလုံးကြီး သုံးလုံး
  4. ဂျူးမြှစ် - သုံးပင်ခန့်
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. ငရုတ်သီး အရောင်တင်မှုန့် - အနည်းငယ်
  8. ချင်း - လက်တဆစ်ခန့်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  14. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ

ပြင်ဆင်ပုံ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ကာ မလိုတာတွေ ဖယ်ပေးထားပါ
  • ဗူးသီးကို အပြင်ခွံခွာပြီး သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဂျူးမြှစ်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
ဟင်းချက်ပုံ
  • ဇောက်နက်သော အိုးထဲမွာ ပုဇွန်များ ဗူးသီးများ ခရမ်းချဉ်သီးများ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အသီးအရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေကိုလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင် ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ဂျူးမြှစ်ကို ပိုင်းဖြတ်၍ အုပ်ပေးပြီး မီးပိတ်ပေးပါ
  • ထမင်းမြိန်စေမဲ့ ဂျူးမြှစ်အရသာ မွှေးလွန်းတဲ့ ဗူးသီးချဉ်ရည်ဟင်း ပူပူလေးကို စားသုံးလို့ ရပါပြီ။

Monday, 7 July 2025

ကင်မ်ချီဟင်းချို


 မာမာ အခုရက်ထဲ ချဉ်ငံစပ်လေးတွေ စားချင်တာနဲ့ ဒီနေ့တော့ ကင်မ်ချီဟင်းချို ချက်သောက်ဖြစ်ပါတယ် ချက်ရတာလဲ လွယ်သလောက် သောက်ရတာလဲ အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကင်မ်ချီ ချည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကင်မ်ချီ - ထမင်းစားဇွန်း ငါးဇွန်း (အဆင်သင့် လုပ်ပြီးသားကင်မ်ချီ)
  2. အမဲသားပြား - မိမိနှစ်သက်သလောက်သုံးပါ
  3. ပဲပြားအပျော့ - နှစ်တုံး
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. တရုတ်မုန့်ညှင်းဖြူ - မိမိနှစ်သက်သလောက်
  6. အပ်မှို - မိမိနှစ်သက်သလောက်
  7. အမဲသား - အနေတော် လေးတုံးခန့်
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  10. ချင်း - လက်တဆစ်ခန့်
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  13. သံပုရာသီး - တစ်ခြမ်း
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ကင်မ်ချီနှင့် အမဲသားပြားကို အဆင်သင့် ပြင်ထားပါ
  • မုံလာဥနီကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • တရုတ်မုန့်ညှင်းဖြူကို အနေတော်လှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ပဲပြားကို ရေဆေးပြီ ခပ်ထူထူ အတုံးလေးတွေ လှီးထားပါ
  • အပ်မှိုကို ရေဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • အမဲသားကို ရေဆေးပြီး အိုးထဲထည့်ကာ ရေအနည်းငယ်ထည့်ပြီး ပြုပ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမှာ ပြုပ်ပြီး ထည့်ထားသော အမည်းသား လှီးထားသော မုံလာဥနီ ကြက်သွန်ထောင်း ကင်မ်ချီနှင့် မုန့်ညှင်းဖြူနှင့် ရေတို့ကိုထည့်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့  အမဲသားပြား ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထည့်ကာ တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အရသာကို မြည်းပေးပါ
  • ပြီးတာနဲ့ သံပုရာရည် အပ်မှိုနှင့် ပဲပြားတို့ကို ထည့်ပေးပြီး ရေဆူအောင် တည်ပေးကာ မီးပိတ်ပေးပါ
  • အရသာ ရှိလွန်းတဲ့ အမဲသား ကင်မ်ချီဟင်းချိုကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Wednesday, 2 July 2025

အမဲသား အာလူးဟင်း

 


မာမာ ဒီတစ်ခါတော့ အမဲသားအာလူး ချက်နည်းလေး မျှဝေလိုက်ပါတယ် အမဲသား အာလူးဟင်းက ဆီလည်ရေလည်လေး ချက်ရင်တော့ အင်မတန်မှ စားလို့ကောင်းပါတယ်။
ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်ပြီး ထမင်းမြိန်စေတဲ့ ဟင်းတစ်မယ်မို့ လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. အမဲသား အသားကောင်းကောင်း - 400 g
  2. အာလူး - အနေတော် သုံးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. စပါးလင်အနု - နှစ်လက်မခန့်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း ( တစ်၀က်ကို အရသာနယ်ပါ )
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်၀က်ကို အမဲသား အရသာနယ်ပါ)
  10. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
  11. ပျဉ်းတော်သိမ်းရွက် - နှစ်ခက်ခန့်
  12. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲသားတုံးကို အတုံးလိုက် ရေဆေးပြီးမှ အနေတော်လေးတွေ တုံးထားပါ
  • တုံးထားသော အသားများကို နနွင်းမှုန့် ဆား အချိုမှုန့်တို့နှင့် နယ်ပြီးနှပ်ထားပါ
  • ချင်း စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းထားပါ
  • အာလူးကို အခွံခွာပြီး အနေတော် တုံးပေးပြီး ရေစင်အောင်ဆေး၍ ရေစိမ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  • အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်မွှေပြီး ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ အမဲသား အရသာနယ်ကိုထည့်ကာ အသားများ မာလာအောင် ဆီသတ်ပြီး ချက်ပေးပါ
  • ဆီသတ်နေစဉ် ရေမထည့်ဘဲ အသားမှ ထွက်လာသော ရေခမ်းလာအောင် အဖုံးအုပ်ပြီး တည်ပေးပါ
  • ဟင်းအိုးလုံးရေခမ်းကာနီး ဟင်းလုံးမိပြီဆိုမှ အိုးအဖုံးဖွင့်ပြီး အထက်အောက် မွှေပေးကာ ရေမြုပ်အောင်ထည့်ပြီး အသားနူးတဲ့အထိ တည်ပေးပါ
  • ပထမ တစ်ရည်လောက်နဲ့ မနူးသေးရင် ရေထပ်ထည့်ပြီး နူးတဲ့အထိ တည်ပေးပါ
  • အသားအရမ်း မနူးသေးခင် နောက်ဆုံးတစ်ကြိမ် ရေထပ်ထည့်ချိန်မှာ အာလူးကို တစ်ခါထဲ ထည့်ပေးပါ
  • အာလူးနှင့်အသား နူးပြီဆိုပါက အရသာမြည်း၍ လိုသလိုပြင်ကာ ဆီလည်ရေလည် အရည်သောက်ဆမ်းလေး ရလာတာနဲ့ ပျဉ်းတော်သိမ်းရွက် အုပ်ပေးပြီးန် မီးပိတ်ပေးပါ
  • အမဲသားအာလူး ဆီလည်ရေလည်ဟင်း မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday, 1 July 2025

ဝက်သားအာလူး အချိုချက်

 

မာမာ ဒီနေ့တော့ ဝက်သားနဲ့ အာလူးကို ခပ်ခြောက်ခြောက်‌လေး လချက်ပါတယ် ဒါကြောင့်မို့လို့ မာမာ့ရဲ့ ဟင်းချက်နည်းလေးတွေကို လာရောက်ကြည့်ပေးကြတဲ့ မိတ်ဆွေတွေလဲ ချက်စားနိူင်အောင် မာမာ ပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်သား - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ပဲငံပြာရည် အပျစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  7. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. စပါးလင် - အရင်းပိုင်း နှစ်လက်မခန့်
  10. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
  11. အာလူး - အနေတော် သုံးလုံးခန့်
ပြင်ဆင်ပုံ
  • ဝက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ဝက်သားကို တုံးပြီးတာနဲ့ ဆား ငံပြာရည် အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတိုကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထာပါ
  • ပြီးတာနဲ့ စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ချင်း တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ထောင်းထားသော ကြက်သွန်များကို ထည့်ကြော်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ဝက်သားကို ထည့်မွှေပေပါ
  • အထက်အောက် သမအောင် မွှေပေးပြီးတာနဲ့ ဝက်သားအသား မာလာအောင် ခနလောက် တည်ထားပေးပါ
  • ဝက်သားအသား မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာ မကြာ လှုပ်လှုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေခမ်းလာပြီး ဝက်သားအသားတွေ မာကျစ်လာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် သတိထားပြီး ကြည့်ကြည့်ပေးကာ ရေခမ်းကာနီးတာနဲ့ နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး ပဲငံပြာရည်အပျစ်နှင့် အာလူးကိုပါ တစ်ခါထဲထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ အာလူးနူးမနူး ကြည့်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • အာလူးလဲနူးပြီး ဟင်းအိုးလဲ ဆီခြောက်ခြောက် အနေအထား ရလာကာ အရသာလဲ မိမိစိတ်ကြိုက် ရလာတာနဲ့ မီးပိတ်ပေးပါ
  • ပြီးတာနဲ့  ဝက်သား အာလူး  အချိုချက်ဟင်းလေးကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။